နေပြည်တော် မတ် ၁၂
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၁) ရက် မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစု ပေါင်း ၆၅၄ ဦး ရှိသည့် အနက် ၆၃၃ ဦး တက်ရောက်ပြီး ၂၁ ဦး ခွင့်တိုင်ကြားသည်။
အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၃)နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း အစီအစဉ်ကို ဆောင်ရွက်သည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အတည်ပြုမည့် ဆန္ဒမဲလက်မှတ်များကို ရေတွက် အပ်နှံသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ညွှန်ကြားရေးမှူးချုပ် ယူဆောင်လာသည့် ဆန္ဒမဲလက်မှတ် အရေအတွက် ၆၆၀ ဖြစ်ပါကြောင်း၊ ယနေ့တက်ရောက်သည့် ကိုယ်စားလှယ် ၆၃၃ ဦးဖြစ်သည့်အတွက် အပိုဆန္ဒမဲလက်မှတ် ၂၇ စောင်ကို မိမိ ထံတွင် ထားရှိမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့တို့က တာဝန် ပေးထားသည့် အကန့်အလိုက် နေရာယူကြသည်။
ထို့နောက် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားရေးမှူးချုပ်ထံမှ လာရောက် ထုတ်ယူပြီး အကန့်အလိုက် တာဝန်ပေးထားသည့် ဝန်ထမ်း အဖွဲ့(၄)ဖွဲ့ထံသို့ အစည်းအဝေးတက်ရောက်မှုအင်အားအတိုင်း ခွဲဝေပေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒ ပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးသည်။
ဆက်လက်၍ ဆန္ဒမဲပေးမှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ တာဝန်ခံများက ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဖွင့်၍ ထုတ်ပေးထားသည့် ဆန္ဒမဲ လက်မှတ် အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ် အရေ အတွက် အခြေအနေကို စစ်ဆေးရေတွက်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်ကိုယ်စားလှယ်များထံ ထုတ်ပေး ထားသည့် ဆန္ဒမဲလက်မှတ် ၆၃၃ စောင်ဖြစ်ပြီး ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက်သည်လည်း ၆၃၃ စောင်ဖြစ်သည့် အတွက် ကိုက်ညီမှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ဆန္ဒမဲပေးပွဲ အထမြောက်ကြောင်း ကြေညာသည်။
ယင်းနောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ရလဒ်ရေတွက်မှုကို ဝန်ထမ်းအဖွဲ့ (၈) ဖွဲ့ဖြင့် သတ်မှတ် နေရာအသီးသီး၌ တစ်ပြိုင်တည်း ရေတွက်ကြရာ နိုင်ငံရေးပါတီအစုအဖွဲ့အလိုက် အမည် စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များက သတ်မှတ် အဖွဲ့နေရာများ၌ ကြီးကြပ် စောင့်ကြည့်ကြသည်။
ဆက်လက်၍ အဖွဲ့ (၈) ဖွဲ့ခွဲ၍ အသေးစိတ်စိစစ်ရေတွက်မှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ ရုံးအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့အလိုက် ကိုယ်စားလှယ်(၅)ဦးပါဝင်သည့် အဖွဲ့က ကြီးကြပ် ပြီး စာရင်းချုပ်နှင့် ထောက်ခံဆန္ဒမဲ အရေအတွက် ရာခိုင်နှုန်း တွက်ချက်မှုတို့ကို ဆက်လက် ဆောင်ရွက်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ယနေ့လွှတ်တော်၏ အဆုံးအဖြတ် ရယူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲ အလိုက် ထောက်ခံဆန္ဒမဲ ရရှိမှုအရေအတွက် ၇၅ ရာခိုင်နှုန်းကျော် ရ၊ မရ နှင့် လွှတ်တော်၏ ဆုံးဖြတ် အတည်ပြုချက်တို့ကို ကြေညာရာတွင် ပုဒ်မ ၄၁၂ ပုဒ်မခွဲ (က) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင် နှုန်းမကျော်သည့်အတွက် မူလ အတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၂ ပုဒ်မခွဲ(ခ) ပယ်ဖျက် မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၃ ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလ အတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၃ ပုဒ်မခွဲ(ခ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါ ကြောင်း၊ ပုဒ်မ ၄၁၅ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၁ မဲဖြစ်ပြီး ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလ အတိုင်း ဖြစ်ပါကြောင်း။
ပုဒ်မ ၄၁၇ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒ မဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၈၏ ခြေဆင်း အဖြစ် အသစ်ဖြည့်စွက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၇ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၈ ပုဒ်မခွဲ(က) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၇ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ရာခိုင်နှုန်း မကျော်သည့်အတွက် မူလ အတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၈ ပုဒ်မခွဲ(ခ) ပြင်ဆင်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၁၆ မဲဖြစ် ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၁၉ ပယ်ဖျက်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၅ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလ အတိုင်း ဖြစ်ပါကြောင်း။
ပုဒ်မ ၄၂၀ ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒ မဲ ၇၅ ရာခိုင် နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၁ ခြေဆင်း ပယ်ဖျက်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၁၀ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၁ ပုဒ်မခွဲ(က) ပယ်ဖျက် မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၇ မဲဖြစ်ပြီးထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၁ ပုဒ်မခွဲ(ခ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၇ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ (က) တွင် အကျုံးဝင်သည့် ဆန္ဒမဲလက်မှတ် (၃) နှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်း အစီအစဉ် ပြီးဆုံးပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆန္ဒမဲလက်မှတ် (၄)နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ၂၀၂၀ ပြည့်နှစ် မတ် ၁၃ ရက် သောကြာ နေ့တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၂၂) ရက်မြောက်နေ့ကို မတ် ၁၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ - ထန်းဖုန်