Skip to main content

ကျန်းမာရေးနှင့်ညီညွတ်သည့် အလေ့အထကောင်းများဖန်တီး

လူတိုင်းလူတိုင်းအနေဖြင့် ကျန်းမာခြင်းသည် အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်သည်။ မည်သူမဆို မည်သည့်အခြေအနေတွင်ဖြစ်စေ ကျန်းမာစွာ နေထိုင်နိုင်ပါက ကိုယ်စိတ်နှလုံးချမ်းမြေ့ပြီး အရာရာကို ဖြောင့်ဖြောင့်တန်းတန်း ဆောင်ရွက်နိုင်ပေသည်။ မကျန်းမာပါက ငွေကုန်ကြေးကျ များသည့်အပြင် မည်သည့်အရာကိုမျှ လုပ်ကိုင်နိုင်သည့်စွမ်းအား မရှိတော့ပေ။

ထို့ကြောင့် ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဟု ဆိုပါသည်။ မျက်မှောက်ကာလတွင် လူတို့၏ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာ သောကြောင့် လည်းကောင်း၊ ရာသီဥတုပြောင်းလဲမှုကြောင့် လည်းကောင်း ကမ္ဘာတစ်ဝန်းလုံးရှိ ပြည်သူများ၏ ကျန်းမာရေးတွင် ရှေးကာလများ နှင့်မတူ ခံနိုင်ရည်ရှိမှုနည်းလာသည်ဟု ဆိုနိုင်သည်။ လက်ရှိအနေအထားတွင် ကမ္ဘာတစ်ဝန်းလုံး ရင်ဆိုင်ကြုံတွေ့နေရသည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးကြောင့် ပြည်သူများ၏ ကျန်းမာရေးနှင့် ပတ်သက်၍ အထူးသတိပြုနေထိုင်ကြရသည့်အပြင် နောက်ဆက်တွဲ စီးပွားရေး ထိခိုက်မှုများနှင့်ပါ အားလုံး ကြုံတွေ့နေရသည်။

ထို့ကြောင့် ကမ္ဘာ့လူသားများအနေဖြင့် အနာဂတ်ကာလတွင် ကျန်းမာရေးအရ ဘေးကင်းလုံခြုံ စိတ်ချစွာ နေထိုင်နိုင်ရန်အတွက် ကျွန်ုပ်တို့ နေထိုင်ရာကမ္ဘာကြီးတွင် အသက်ရှင်နေထိုင်ရေး ပတ်ဝန်း ကျင်ကောင်းများရရှိစေရန် ကြိုးပမ်းဆောင်ရွက်ကြရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။ မျက်မှောက်ကာလတွင် ကမ္ဘာ့ပြည်သူများအနေဖြင့် နာတာရှည်ရောဂါများကို အများဆုံး ကြုံတွေ့ ခံစားနေကြရသည်။ နာတာရှည်ရောဂါများ ဖြစ်ပွားစေသည့် အကြောင်း ရင်းများတွင် အခြေခံအကျဆုံးအချက်သည် လေထု၊ မြေထု၊ ရေထုညစ်ညမ်းမှု စသည့် သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှုများ၊ ခေတ်ပေါ်လူမှုစီးပွားပုံစံသစ်များအရ ကျန်းမာရေးနှင့်ညီညွတ်ခြင်းမ ရှိသည့် နေထိုင် စားသောက်မှုပုံစံသစ်များဖြစ်သည်။

ရုပ်ကြွင်းလောင်စာအသုံးပြုသည့် ယာဉ်အမျိုးမျိုး၊ ထင်းမီးဖို၊ မီးသွေးမီးဖိုစသည်တို့မှ ပေါ်ထွက်လာသော ဓာတ်ငွေ့အမျိုးမျိုးတို့ကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး ကမ္ဘာပေါ် တွင် နေထိုင်ကြသည့် လူဦးရေ၏ ၉၀ ရာခိုင်နှုန်းအထက် တစ်နည်းအားဖြင့် လူ ၁၀ ဦးလျှင် ကိုးဦးသည် ကျန်းမာရေးနှင့်ညီညွတ်ခြင်းမရှိသည့်လေကို ရှူရှိုက်နေကြရသည်။ မသန့်ရှင်းသော လေကို ရှူရှိုက်ရမှုကြောင့် နှစ်စဉ် လူဦးရေ ခုနစ်သန်းသည် လေထုညစ်ညမ်းမှုနှင့်ဆက်စပ်သည့် ရောဂါ ဖြစ်ပွားမှုများ(ဥပမာ- အဆုတ်ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် လေဖြတ်ရောဂါ စသည့် ရောဂါများ) ကြောင့် သေဆုံးနေရခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။

ထို့ကြောင့် ကမ္ဘာပေါ်တွင် တစ်မိနစ်ပြည့်တိုင်း လူဦးရေ ၁၃ ဦးသည် လေထုညစ်ညမ်းမှုကြောင့် သေဆုံးနေသည်ဟု သိရသည်။ အဆိုပါသေဆုံးမှု များတွင် အိမ်တွင်းလေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်လူဦးရေ လေးသန်းခန့်အထိ သေဆုံးမှုများသည် အထူးသတိပြုရမည့်အချက်ဖြစ်သည်။ အိမ်တွင်း၊ အခန်းတွင်း လေထုညစ်ညမ်းမှုများတွင် ဆေးလိပ်၊ ဆေးရွက်ကြီးသုံးစွဲမှုသည် အဓိက ကျသည့် အချက်ဖြစ်သည်ဟု ဆိုထားသည်။ ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှစ်စဉ် လူဦးရေ ရှစ်သန်းခန့်သည် နောက်ဆက်တွဲကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် အဆုတ်ရောဂါ များဖြင့် သေဆုံးနေကြသည်ဟု သိရသည်။ ထို့အပြင် ကျန်းမာရေးနှင့် မညီညွတ်သော အိမ်သာသုံးစွဲမှု၊ မသန့်ရှင်းသော သောက်သုံးရေ သုံးစွဲမှုတို့ကို ကမ္ဘာတစ်ဝန်းလုံးရှိ လူဦးရေ ငါးဘီလီယံကျော် ကြုံတွေ့နေသည်ဟု သိရသည်။

အဆိုပါ ပတ်ဝန်းကျင်မသန့်ရှင်းမှုများကြောင့် နှစ်စဉ်လူဦးရေ ရှစ်သန်းကျော်ခန့် ဝမ်းပျက်ဝမ်း လျှောရောဂါကြောင့် သေဆုံးကြရသည်ဟု သိရသည်။ ရုပ်ကြွင်းလောင်စာသုံးစွဲမှုကြောင့် ထွက်ပေါ်လာသည့် ဖန်လုံအိမ်ဓာတ်ငွေ့များမှ တစ်ဆင့် ကမ္ဘာကြီးပူနွေးမှုဖြစ်စဉ် ဖြစ်ပေါ်နေသော ကြောင့် ကျန်းမာရေးနှင့် ညီညွတ်သော နေထိုင်မှုလျော့ပါးပြီး သွေးလွန်တုပ်ကွေးရောဂါကဲ့သို့ ခြင်မှတစ်ဆင့် ဖြစ်ပွားသောရောဂါများ အဖြစ်များ လာသည်ကို ကြုံတွေ့နေရသည်။ အထူးသဖြင့် မဖွံ့ဖြိုးသေးသောနိုင်ငံများတွင် ကောင်းမွန်သောဝန်းကျင်ကောင်းများကို မဖန်တီးပေးနိုင်၍ ရောဂါဖြစ်ပွားမှု ပိုမိုများနေသည်။

သို့ဖြစ်ရာ ကောင်းမွန်သော ပတ်ဝန်းကျင်ကောင်းများကို ဖန်တီးပေးနိုင်ရန် အတွက် နိုင်ငံဖွံ့ဖြိုး တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပြီး မိမိတို့ မျိုးဆက်တွင်သာမက အနာဂတ် မျိုးဆက်သစ်များအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ရရှိစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သောအလေ့အထကောင်းများ ဖန်တီးပေးနိုင်စေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။

ကြေးမုံ,အယ်ဒီတာ့အာဘော်