မြန်မာနိုင်ငံတွင် ပြည်သူများအတွက် လက်ငင်းလိုအပ်ချက်များမှာ စက်သုံးဆီ၊ စားသုံးဆီနှင့် လျှပ်စစ်ဓာတ်အားရရှိရေးဖြစ်သည်။ စက်သုံးဆီ၊ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် လတ်တလောအခြေအနေနှင့် ဆောင်ရွက်နေမှုများကို နိုင်ငံတော်အစိုးရက ရှင်းလင်းပြောကြားထားပြီး ယခုအခါတွင် စားသုံးဆီနှင့်ပတ်သက်သည့် လတ်တလောဖြစ်ပေါ်နေမှုများကို အသိပေးထားသည်။
မြန်မာနိုင်ငံတွင် လူတစ်ယောက်သည် တစ်နှစ်လျှင် စားသုံးဆီ ၁၂ ကီလိုခန့် (၆ ပိဿာ၊ ၇ ပိဿာခန့်) စားသုံးသည်။ တစ်လလျှင် လူတစ်ယောက် ၆၀ သား သို့မဟုတ် ၇၅ ကျပ်သားခန့် စားသုံးမှုရှိနေသည်။ ပြည်သူများ နေ့စဉ်ဆီစားသုံးမှုမှာ တစ်နှစ်တာကာလအတွက် တန်ချိန် တစ်သန်းခန့်ရှိသည်ဟု ခန့်မှန်းထားသည်။ တန်ချိန် တစ်သန်းတွင် တန်ချိန်ရှစ်သိန်း (၈၀ ရာခိုင်နှုန်း) သည် စားအုန်းဆီဖြစ်သည်။ ကျန်ရှိသည့် တန်ချိန်နှစ်သိန်းမှာ ပြည်တွင်းထုတ်မြေပဲဆီနှင့် ပြည်ပမှတင်သွင်းသည့် နေကြာဆီ၊ ပဲပုပ်ဆီတို့ ဖြစ်သည်။
မြန်မာနိုင်ငံ၌ လုပ်ငန်းသုံးတွင် အဓိကအသုံးပြုကြသဖြင့် စားအုန်းဆီကို ပြည်ပမှ အများဆုံး တင်သွင်းနေရသည်။ မကြာသေးမီကာလများက ကမ္ဘာ့ဈေးကွက် အခြေအနေအရ စားအုန်းဆီ ဈေးနှုန်းများမှာ ယခင်ကထက် အဆများစွာမြင့်တက်လာသည်။ အဓိကမှာ စားအုန်းဆီကို အများဆုံးထုတ်လုပ်တင်ပို့လျက်ရှိသည့် အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု မူဝါဒဆိုင်ရာ ပြောင်းလဲချမှတ်မှုကြောင့် စားအုန်းဆီ ဈေးကွက်တွင် ဂယက်ရိုက်ခတ်မှုများရှိလာသည်။ အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာပေါ်တွင် စားအုန်းဆီ ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်သည်။ ဧပြီလ ၂၂ ရက် နေ့က ဥရောပတွင် ဖြစ်ပေါ်နေသော ပဋိပက္ခနှင့်ပတ်သက်၍ နေကြာဆီပြတ်လပ်မှုကို အကြောင်းပြုကာ မူဝါဒပြောင်းလဲခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီတင်ပို့မှု မူဝါဒပြောင်းလဲမှုကို အကြောင်းပြု၍ ပြင်ပတွင် မမှန်သတင်းများ၊ ကောလာဟလသတင်းများ၊ ချဲ့ကားသတင်းများ ပေါ်ထွက်လာသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းကာ ပြည်ပမှတင်သွင်းလာသည့် စားသုံးဆီများ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများနှင့် ပြည့်မီစေရေး၊ စားသုံးသူပြည်သူများ ကျန်းမာရေးနှင့် ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်စေရေး၊ ဈေးနှုန်းတည်ငြိမ်စွာဖြင့် ဝယ်ယူစားသုံး နိုင်စေရေး အတွက် ကြီးကြပ်ထိန်းကျောင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ပြည်ပမှ တင်သွင်းလာသော စားသုံးဆီများဈေးကွက်အတွင်း၌ ဖြန့်ဖြူး ရောင်းချရာတွင် ဖြစ်သင့် ဖြစ်ထိုက်သော ဈေးနှုန်းများ ဖြစ်ပေါ်စေရေး အတွက် ကမ္ဘာ့စားအုန်းဆီဈေးနှုန်းများ ဖြစ်ပေါ်ပြောင်းလဲမှုကို အခြေခံပြီး တွက်ချက်ရရှိသည့် ရည်ညွှန်းလက်ကားဈေးနှုန်းကို အပတ်စဉ် ထုတ်ပြန်ကြေညာပေးလျက်ရှိသည်။ ဧပြီလ ၂၅ ရက်နေ့မှ မေလ ၁ ရက်နေ့အထိ စားအုန်းဆီ ရန်ကုန်အထိုင်ဈေးနှုန်းမှာ လက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာအတွက် ငွေကျပ် ၅၆၂၀ ဈေးသတ်မှတ်ထားသည်။ ပြင်ပလက်လီအရောင်းဆိုင်များတွင်မူ ၎င်းဈေးနှုန်းထက် ပိုမိုဈေးတင် ရောင်းချကြသည်ကို တွေ့ရသည်။ ပြည်ပမှတင်သွင်းသည့် ပြည်တွင်း စားသုံးဆီ သိုလှောင်ကန်များ၌ လက်ရှိတွင် စားအုန်းဆီလက်ကျန် တန်ချိန် သုံးသောင်းကျော် (ပိဿာချိန် သိန်းနှစ်ရာခန့်) ကျန်ရှိရာလက်ရှိကာလ ပြည်တွင်းစားသုံးမှု လုံလောက်လျက် ရှိသည်။ ရန်ကုန်တွင်ကျန်ရှိသော စားသုံးဆီများကို အနယ်နယ်အရပ်ရပ်သို့ နေ့စဉ်ဖြန့်ဖြူးပေးလျက်ရှိပြီး ပြည်ပမှ စားအုန်းဆီ သင်္ဘောများ လည်းပုံမှန်ဝင်ရောက်လျက်ရှိသည်။
ထို့ကြောင့် ပြည်တွင်း၌ စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ ပြည်တွင်း စားသုံးဆီ ဈေးကွက် တည်ငြိမ်စေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သော ဈေးနှုန်းများဖြင့် ပြည်သူများ ဝယ်ယူစားသုံးနိုင်မှု ရှိစေရေးတို့ကို စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်ပေးနေသဖြင့် စားအုန်းဆီနှင့်ပတ်သက်၍ ချဲ့ကားထုတ်လွှင့်နေသော ကောလာဟလမမှန်သတင်း များအပေါ် ပြည်သူများအနေဖြင့် စိုးရိမ်ပူပန်ဖွယ်မရှိသင့်ဟု အသိပေးလိုပါသည်။ ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်သည်ကို အသိပေးအပ်ပါကြောင်း။ ။
ကြေးမုံ အယ်ဒီတာ့အာဘော်