တရားမဝင်ကုန်သွယ်မှုများက နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ထိခိုက်နှောင့်နှေးစေသည့်အပြင် အရည်အသွေး အာမခံချက်မရှိသော အစားအသောက်၊ ဆေးဝါးနှင့် ကုန်စည်အတုများ စသည်တို့ကြောင့် စားသုံးသူပြည်သူများကိုလည်း နစ်နာဆုံးရှုံးစေသည်။ ထို့ပြင် ကန့်သတ်ထားသည့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ၊ ဓာတုကုန်ကြမ်းများ၊ မူးယစ်ဆေးဝါးများ စသည်တို့ တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းများမှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်လာပါကလည်း နိုင်ငံနှင့် ပြည်သူများအတွက် ကြီးမားသည့် အန္တရာယ်များ ဖြစ်ပေါ်စေနိုင်မည် ဖြစ်သည့်အတွက် တရားမဝင်ကုန်သွယ်မှုများမရှိစေရေး နိုင်ငံတော်က တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။
တရားမဝင်ကုန်သွယ်မှုများ ပပျောက်ရေးအတွက် တိုက်ဖျက်ရာတွင် အခက်အခဲများ ရှိသည့်အနက် ထိုင်း၊ လာအို၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်လျက်ရှိသော နယ်နိမိတ်မျဉ်းများကို ဖြတ်ကျော်၍ တရားမဝင် ကုန်သွယ်မှုများကို စောင့်ကြည့်ရန် ခက်ခဲမှု၊ လက်နက်ကိုင်ပဋိပက္ခများနှင့် မတည်မငြိမ်မှုများက တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကို အားနည်းစေကြောင်း ဝေဖန်သုံးသပ်မှုများကို တွေ့ရသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ်ဇန်နဝါရီလမှ မတ်လအထိ သုံးလတာကာလအတွင်း ဖမ်းဆီးရမိမှုသည် ယမန်နှစ်တစ်နှစ်လုံး ဖမ်းဆီးရမိမှုထက်ပင် ၅၀ ရာခိုင်နှုန်းခန့် ပိုမိုခဲ့သည်။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးတွင် ပြည်သူများ၏ သတင်းပေး တိုင်ကြားမှုများသည် များစွာအရေးပါသော်လည်း အရေအတွက်အားဖြင့် နည်းပါးလျက်ရှိနေပြီး ယခုထက်ပိုမို၍ ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရမည်ဖြစ်သည်။ ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ဖမ်းဆီးရမိသည့် အမှုတွဲပေါင်း ၈၄၆ မှုအနက် ပြည်သူသတင်းပေးတိုင်ကြားမှုမှာ ဇန်နဝါရီလမှ ဧပြီလအထိ ၂၉ မှုသာ ရှိခဲ့သည့်အတွက် အသိပညာပေးစည်းရုံးမှုများ ပိုမိုဆောင်ရွက် သွားရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် တရားမဝင်ကုန်သွယ်မှု သတင်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ကုန်သွယ်မှုဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ငွေကြေးတောင်းခံမှု သတင်းများနှင့် ပတ်သက်၍လည်းကောင်း လုံခြုံစိတ်ချစွာ တိုင်ကြားနိုင်ရေးအတွက် တယ်လီဖုန်း၊ ဖက်စ်ဖုန်းနှင့် အီးမေးလ်လိပ်စာတို့ကို တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီက အသိပေးကြေညာထားရာ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာသည်နှင့်အမျှ တရားမဝင် ကုန်သွယ်မှုများ ပိုမိုဖမ်းဆီးရမိလာမည်ဖြစ်ပြီး အကျင့်ပျက်မှုများအပေါ် စောင့်ကြည့်ခြင်းနှင့်စပ်လျဉ်း၍လည်း အားနည်းချက်များ လျော့နည်းသွားမည်ဖြစ်သည်။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးသည် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ အစားအသောက် လုံခြုံရေးနှင့် ကျန်းမာရေး၊ ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ရပ်တည်ရှင်သန်ရေး၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်ရရှိရေး၊ နိုင်ငံအတွက် အခွန်ဘဏ္ဍာတိုးရေး စသည်ဖြင့် အမျိုးသားအကျိုးစီးပွားနှင့် ဆက်စပ်ကာ လွန်စွာအရေးကြီးသည့်အလျောက် အမျိုးသားရေး တာဝန်အဖြစ်ခံယူကာ ဆိုင်ရာဝန်ထမ်းများရော ပြည်သူလူထုပါ အားကြိုးမာန်တက် ဆောင်ရွက်နိုင်ကြပါစေကြောင်း။ ။