မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်သည်။ နိုင်ငံအတွင်းရှိ လူဦးရေအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး အသက်မွေးဝမ်းကျောင်းပြု လုပ်ကိုင်လျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော် သာယာဝပြောရေးနှင့် တိုင်းပြည်စားနပ်ရိက္ခာပေါများရေး အမျိုးသားရေး ရည်မှန်းချက်နှစ်ရပ် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမျိုးသားအဆင့် အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးမူဝါဒ မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်းအထိမ်းအမှတ် အခမ်းအနားတွင် “အစားအသောက် ကနဦးထုတ်လုပ်သူများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍမှစတင်၍ အရည်အသွေး စံချိန်စံညွှန်းပြည့်မီသည့် အခြေခံအစားအသောက်များကို ထုတ်လုပ်နိုင်ရန်လိုအပ်ပြီး တန်ဖိုးမြှင့် စားသောက်ကုန်များအဖြစ် ထပ်ဆင့်ထုတ်လုပ်ရာတွင်လည်း အသေးစား၊ အလတ်စားမှစ၍ စားသောက်ကုန်လုပ်ငန်းကြီးများအထိ အရည်အသွေး စံချိန်စံညွှန်းများနှင့်အညီ ကုန်ထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက်ရန် အရေးကြီးကြောင်း” မှာကြားခဲ့သည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များအား စံချိန်စံညွှန်း အရည်အသွေး သတ်မှတ်ချက်များနှင့်အညီ ကိုက်ညီအောင် ကြိုးပမ်းထုတ်လုပ်ကြရန် လိုအပ်ပေသည်။ ထုတ်ကုန်ပစ္စည်းများအား ဈေးကွက်ဝင်ရေး ဆောင်ရွက်ရာ၌ အရည်အသွေးနှင့် စံချိန်စံညွှန်းကိုက်ညီရေးသည် အရေးကြီးသည်။ အထူးသဖြင့် နိုင်ငံတကာဈေးကွက်တွင် ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းများကို ဦးစားပေး၍ အတိအကျ စစ်ဆေးလေ့ရှိပြီး အရည်အသွေး စံချိန်စံညွှန်းနှင့်ကိုက်ညီသော ကုန်ပစ္စည်းများကိုသာ လက်ခံဝယ်ယူလေ့ရှိသည်။
ကမ္ဘာပေါ်တွင် ရောဂါအမျိုးမျိုး ထူပြောလာသဖြင့် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့် သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးပြည့်မီသော စားသောက်ကုန်များကို ရွေးချယ်စားသောက်လာတတ်သည့် လူနေမှုပုံစံသစ် ပြောင်းလဲလာသည်ကို တွေ့ရမည်ဖြစ်သည်။ စားသောက်မှုပုံစံများ ပြောင်းလဲလာမှုအရ လတ်ဆတ်သည့် အသီးအနှံ၊ သားငါးထုတ်ကုန်များကို ဝယ်ယူစားသောက်ကြသည့်အပြင် စနစ်တကျထုပ်ပိုးပြီး ကြာရှည်ခံ အစားအသောက်များကို ဝယ်ယူစားသုံးနေကြသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူထုတ်လုပ်နေသော အခြေခံ စားသောက်ကုန်များကို စတင်ထုတ်သည့်အချိန်မှစ၍ တန်ဖိုးမြှင့်စားသောက်ကုန်များအဖြစ် ဆက်လက်ထုပ်ပိုးပြီးသည်အထိ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အစဉ်အမြဲ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
မြန်မာနိုင်ငံတွင် အသေးစားထုတ်ကုန်လုပ်ငန်း ၁၇၂၃၄ ခု ရှိသည့်အနက် အသင့်ထုပ်ပိုးပြီး ထုတ်လုပ်သည့် စားသောက်ကုန်လုပ်ငန်း ၄၂၆၅ ခု ရှိနေသည်ဟု သိရသည်။ ကျန်းမာရေးဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ပြည်တွင်းစားသောက်ကုန်များသာမက ပြည်ပမှတင်သွင်းလာသည့် စားသောက်ကုန်များကိုလည်း ဈေးကွက်မတင်မီကတည်းက စစ်ဆေးပေးလျက်ရှိသည်။ ကုန်ပစ္စည်းများကို စားသုံးသူများအား ရောင်းချရာတွင် အရည်အသွေးစစ်ဆေးပြီးကြောင်း အသိအမှတ်ပြုပြီးမှသာ ပြည်သူများအား ရောင်းချခွင့်ရှိသည်။ မြန်မာနိုင်ငံတွင် အစားအသောက် ထုတ်လုပ်ဖြန့်ဖြူးရန် ထောက်ခံချက်ရရှိပြီးသည့် အစားအသောက်လုပ်ငန်း ၁၀၅၆ ခုနှင့် သောက်ရေသန့်လုပ်ငန်း ၂၃၆၈ ခုရှိကြောင်း သိရသည်။
ယခုအခါ နိုင်ငံ့စီးပွားရေး မြင့်မားတိုးတက်အောင် ဆောင်ရွက်ရာ၌ မြန်မာနိုင်ငံမှ ထုတ်ကုန်ပစ္စည်းများကို ပြည်တွင်းအတွက်သာမက ပြည်ပသို့ပါ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် စံချိန်စံညွှန်းများကို စတင်ထုတ်လုပ်သည့် အချိန်မှစ၍ ဖြန့်ချိချိန်အထိ စနစ်တကျ ဆောင်ရွက်သွားနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ယခုအခါ မြန်မာ့စားသောက်ကုန်အချို့ကို နိုင်ငံတကာသို့ တင်ပို့နိုင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်အနေဖြင့် စားသောက်ကုန်ဆိုင်ရာ ဝန်ထမ်းများအား ခေတ်ကာလနှင့်အညီ စွမ်းရည်မြှင့်တင်ပေးခြင်း၊ ပြည်တွင်းစားသောက်ကုန်များ၏ စံချိန်စံညွှန်းများကို ရေးဆွဲအတည်ပြုပေးခြင်း၊ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေများ၊ လမ်းညွှန်ချက်များအား ပြင်ဆင်ရေးဆွဲရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။
သို့ဖြစ်ရာ စားသောက်ကုန်များအား အရည်အသွေး စံချိန်စံညွှန်းမီ ထုတ်လုပ်နိုင်ခြင်းသည် နိုင်ငံတော်နှင့် ပြည်သူအားလုံးအတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းနိုင်သည်။ စံချိန်စံညွှန်းမီကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်သူများ ကျန်းမာကြံ့ခိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာကာ နိုင်ငံသူ နိုင်ငံသားများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည့်အပြင် နိုင်ငံတကာဈေးကွက်ကိုပါ ထိုးဖောက်နိုင်မည်ဖြစ်၍ ပြည်ထောင်စုအကျိုးစီးပွား မြင့်မားတိုးတက်စေမည့် စီးပွားရေး နည်းလမ်းများကို မြှင့်တင်ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။