Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ကျင်းပ

နေပြည်တော် မတ် ၁၃

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၂) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စု လွှတ်တော်ကိုယ် စားလှယ် စုစုပေါင်း ၆၅၄ ဦးရှိသည့်အနက် ၆၃၄ ဦး တက်ရောက်ပြီး ၂၀ ဦးခွင့်တိုင်ကြားသည်။

အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၁၂ခုကို စုစည်း ထားသည့် ဆန္ဒမဲလက်မှတ်(၄)နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း အစီအစဉ်ကို ဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အတည်ပြုမည့် ဆန္ဒမဲလက်မှတ်များကို ရေတွက် အပ်နှံသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ် က ညွှန်ကြားရေးမှူးချုပ် ယူဆောင်လာသည့် ဆန္ဒမဲလက်မှတ် အရေအတွက် ၆၅၅ ဖြစ်ပါကြောင်း၊ ယနေ့တက် ရောက်သည့် ကိုယ်စားလှယ် ၆၃၄ ဦးဖြစ်သည့်အတွက် အပိုဆန္ဒမဲလက်မှတ် ၂၁ စောင် ကို မိမိထံတွင် ထားရှိမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့ တို့က တာဝန်ပေးထားသည့် အကန့်အလိုက် နေရာယူကြသည်။

ထို့နောက် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားရေးမှူးချုပ်ထံမှ လာရောက် ထုတ်ယူပြီး အကန့်အလိုက် တာဝန်ပေးထား သည့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့ထံသို့ အစည်းအဝေးတက်ရောက်မှုအင်အားအတိုင်း ခွဲဝေ ပေးသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ် တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က သတ်မှတ်နေရာတွင် လျှို့ဝှက် ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးသည်။

ဆက်လက်၍ ဆန္ဒမဲပေးမှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ တာဝန်ခံများက ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဖွင့်လှစ်၍ ထုတ်ပေး ထားသည့် ဆန္ဒမဲလက်မှတ် အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူ ရရှိသည့်ဆန္ဒမဲ လက်မှတ်အရေအတွက် အခြေအနေကို စစ်ဆေးရေတွက်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်များ ထံ ဖြန့်ဝေထားသည့် ဆန္ဒမဲလက်မှတ် ၆၃၄ စောင်ဖြစ်ပြီး ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ် ယူရရှိသည့် ဆန္ဒမဲလက်မှတ်အရေအတွက်သည်လည်း ၆၃၄ စောင်ဖြစ်သည့် အတွက် ကိုက်ညီမှုရှိကြောင်းနှင့် ဆန္ဒမဲပေးမှု အထ မြောက်ကြောင်း ကြေညာသည်။

ယင်းနောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ရလဒ်ရေတွက်မှုကို ဝန်ထမ်းအဖွဲ့ (၈)ဖွဲ့ဖြင့် သတ်မှတ်နေရာအသီးသီး၌ တစ်ပြိုင်တည်း ရေတွက်ကြရာ  နိုင်ငံရေးပါတီအစုအဖွဲ့ အလိုက် အမည်စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စားလှယ်များက သတ်မှတ်အဖွဲ့ နေရာများ၌ ကြီးကြပ် စောင့်ကြည့်ကြသည်။

ဆက်လက်၍ အဖွဲ့(၈)ဖွဲ့ခွဲ၍ အသေးစိတ်စိစစ်ရေတွက်မှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ ရုံးအဖွဲ့နှင့် နိုင်ငံရေးပါတီအစု အဖွဲ့အလိုက် ကိုယ်စားလှယ်(၅)ဦးပါဝင်သည့် အဖွဲ့ကကြီးကြပ်ပြီး စာရင်းချုပ်နှင့် ထောက်ခံဆန္ဒမဲအရေအတွက် ရာခိုင်နှုန်း တွက်ချက်မှု တို့ကို ဆက်လက်ဆောင်ရွက်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယနေ့လွှတ်တော်၏ အဆုံး အဖြတ်ရယူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြင်ဆင် ချက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ထောက်ခံဆန္ဒမဲ ရရှိမှုအရေအတွက် ၇၅ ရာခိုင်နှုန်းကျော် ရ၊ မရ နှင့် လွှတ်တော်၏ ဆုံးဖြတ် အတည်ပြုချက်တို့ကို ကြေညာရာတွင် ပုဒ်မ ၄၂၂ ပယ်ဖျက် မှုအတွက်  ထောက်ခံဆန္ဒမဲ ၄၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၃ ပြင်ဆင်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၄၁၈ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့် အတွက် မူလအတိုင်းဖြစ်ပါ ကြောင်း၊ ပုဒ်မ ၄၂၅ ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၅ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက်  မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၆ ပယ်ဖျက်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၁၅ မဲဖြစ်ပြီး ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့် အတွက် မူလအတိုင်း ဖြစ်ပါကြောင်း။

ပုဒ်မ ၄၂၇ ခြေဆင်း ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၆ မဲ ဖြစ်ပြီး ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၇ ပုဒ်မခွဲ (က)ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ  ၇၅ ရာခိုင် နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၈ ပြင်ဆင်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၁၇ မဲ ဖြစ်ပြီး ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလ အတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၂၉ ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၇ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း။

ပုဒ်မ ၄၃၁  ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံ ဆန္ဒမဲ  ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါကြောင်း၊  ပုဒ်မ ၄၃၂ ပြင်ဆင် မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့် အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ် ပါကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့်  ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ဆန္ဒမဲလက်မှတ်(၄) အပါအဝင် ပြင်ဆင်ချက်များ  အားလုံး အတွက် ပြည်ထောင်စုလွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ် ပြီးဆုံးပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ) တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ များကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၁)နှင့် စပ်လျဉ်း၍ လွှတ်တော်၏  အဆုံး အဖြတ် ရယူခြင်းကို ၂၀၂၀ ပြည့်နှစ် မတ် ၁၆ ရက် တနင်္လာနေ့တွင် ဆက် လက်ဆောင်ရွက် မည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို မတ် ၁၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - ထန်းဖုန်