Skip to main content

နိုင်ငံသားဖြစ်သူတိုင်းသည် နိုင်ငံသားအခွင့်အရေးများရရှိ

မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူတစ်ဦးသည် နိုင်ငံသားအခွင့်အရေးများရပိုင်ခွင့်ရှိသည်။ နိုင်ငံသား အခွင့်အရေးများရရှိနိုင်ရန် အတွက် နိုင်ငံသားအထောက်အထား တစ်ခုခုတော့ရှိဖို့လိုမည်ဖြစ်သည်။ မွေးဖွားသည်မှ သေဆုံးသည့်အချိန်အထိ နိုင်ငံသားဆိုင်ရာ အထောက်အထား တစ်မျိုးမျိုးရှိရမည်ဖြစ်သည်။ ထိုအထောက်အထား အသိအမှတ်ပြုလက်မှတ်များကို သက်ဆိုင်ရာဌာနက အစဉ်အမြဲပြုလုပ်ပေးလျက်ရှိသည်။

ယခုအခါ မိဘပြည်သူများ ခရီးသွားလာသည့်အခါ နိုင်ငံသားအထောက်အထား စိစစ်မှုနှင့်ပတ်သက်၍ ထင်ကြေးအမျိုးမျိုး ပေါ်ထွက်နေပေသည်။ အမှန်တကယ်တွင် ခရီးသွားလာတိုင်းတွင် နိုင်ငံသားမှတ်ပုံတင်ကတ်ပြားအား သုံးပြုရခြင်းကို ယခင်ကတည်းက ရှိထားပြီးဖြစ်သည်။ ယခုအခါလိုအပ်ချက်အရ ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေထိုင်ရာနေရာများတွင် လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်ရသည့် လုပ်ငန်းများတွင် လည်းကောင်း တရားဝင်ထုတ်ပေးထားသော နိုင်ငံသားကတ်(မှတ်ပုံတင်)အား ဧပြီလ ၁ ရက်နေ့မှ စတင်စစ်ဆေး ဆောင်ရွက်နေသည်ကို တွေ့ရသည်။

ယခင်က နိုင်ငံသားကတ်(မှတ်ပုံတင်)မပါလျှင် ထောက်ခံစာပြသ၍ ခရီး သွားလာခြင်း၊ အစစ်ဆေးခံခြင်းများကို ပြုလုပ်ခွင့် ရှိသော်လည်း ယခုအခါ နိုင်ငံသားစိစစ်ရေးကတ်ပြားများအား နေ့စဉ်ရက်ဆက် ဒေသမရွေးဆောင်ရွက်ပေးနေသောကြောင့် ထောက်ခံစာများကို ခွင့်မပြုတော့ခြင်းဖြစ်သည်။ အသက်(၁၆) နှစ်အထက် မြန်မာနိုင်ငံသား အကျုံးဝင်သူတိုင်းအား ဥပဒေအရ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုးထုတ်ပေးရေးအတွက် “ပန်းခင်းစီမံချက်”ဖြင့် ရုံးတွင်းဆောင်ရွက်ပေးခြင်း၊ ကွင်းဆင်း ဆောင်ရွက်ပေးခြင်း၊ လိုအပ်သောနေရာများတွင် တစ်အိမ်တက်ဆင်း ဆောင်ရွက်ပေးခြင်းများကို မေလ ၃ ရက်နေ့မှ နိုဝင်ဘာလ ၃ ရက်နေ့ အထိ နိုင်ငံတစ်ဝန်းလုံးတွင် နေ့စဉ်ရက်ဆက်ဆောင်ရွက်ပေးနေပြီဖြစ်သည်။

ထို့ကြောင့် အသက်(၁၆)နှစ်ပြည့်ပြီးသည့် မြန်မာနိုင်ငံတွင် မွေးဖွားသူများအနေဖြင့် နိုင်ငံသားအထောက်အထားတစ်ခုခုကို ရရှိအောင် ဆောင်ရွက်ထားကြရမည်ဖြစ်သည်။ နိုင်ငံသားများနှင့် ပတ်သက်၍ သက်ဆိုင်ရာက ဆောင်ရွက်ပေးလျက်ရှိရာတွင် ၁၉၄၉ ခုနှစ် မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးအက်ဥပဒေ၊ ၁၉၅၁ ခုနှစ် မြန်မာနိုင်ငံအတွင်းနေထိုင်သူများ နည်းဥပဒေ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ စသည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ မြို့ဝင်/မြို့ထွက်ဂိတ်များ၊ အဝေးပြေးလမ်းမများတွင် ခရီးသွားလာသူများအား မှတ်ပုံတင်ရှိ/မရှိ စစ်ဆေးနေခြင်းသည် ခရီးသည်တွင် မှတ်ပုံတင်မရှိပါက ပြုလုပ်ပေးနိုင်ရန်ဖြစ်သည်။

အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်မရှိခြင်းနှင့်ပတ်သက်၍ လူတစ်ဦးသည် လက်ရှိ နေထိုင်သည့် ဒေသတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုစာရင်းရှိပြီး မှတ်ပုံတင်မရှိခြင်းတစ်မျိုး၊ လက်ရှိနေထိုင်သည့် ဒေသတွင် အမြဲနေထိုင်ပြီး အိမ်ထောင်စုစာရင်းလည်းမရှိ မှတ်ပုံတင်လည်းမရှိခြင်းတစ်မျိုး၊ အခြားဒေသများမှ ပြောင်းရွှေ့လာပြီး ယခင်နေခဲ့သည့်ဒေသတွင် အိမ်ထောင်စုစာရင်းရှိပြီး မှတ်ပုံတင်မရှိခြင်းတစ်မျိုး၊ အခြားဒေသမှ ပြောင်းရွှေ့လာပြီး ယခင်နေထိုင်ခဲ့သောဒေသတွင် အိမ်ထောင်စုစာရင်းမရှိ၊ လက်ရှိနေထိုင်သည့်ဒေသတွင်လည်း အိမ်ထောင်စုစာရင်းမရှိ၊ မှတ်ပုံတင်လည်းမရှိခြင်းတစ်မျိုး စသည့် တစ်မျိုးမျိုးစီ လိုအပ်ချက်များရှိကြသည်။ ထို့ကြောင့် ပန်းခင်းစီမံချက်ဖြင့် မှတ်ပုံတင်မရှိသူများ၊ အိမ်ထောင်စုစာရင်းမရှိသူများအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးလျက်ရှိသည်။

အထောက်အထားလိုအပ်ချက်များနှင့်ပတ်သက်၍ အိမ်ထောင်စုစာရင်းပုံစံ ၆၆/၆ သည် ယခင်နေထိုင်သည့်ဒေသတွင် အိမ်ထောင်စုစာရင်းရှိပါက လက်ရှိနေထိုင်သည့်ဒေသသို့ ပြောင်းရွှေ့ပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် နေထိုင်သူများသည် နိုင်ငံသားလက်မှတ် ကိုင်ဆောင်သင့်သူ၊ နိုင်ငံသားပြုခွင့်လက်မှတ် ကိုင်ဆောင်သင့်သူ၊ ဧည့်နိုင်ငံသားလက်မှတ် ကိုင်ဆောင်သင့်သူ၊ FRC လက်မှတ် ကိုင်ဆောင်သင့်သူ အမျိုးမျိုးရှိပြီး သင့်တော်သည့် လက်မှတ်တစ်မျိုးမျိုးကို ရယူကိုင်ဆောင်ထားရမည်ဖြစ်သည်။ လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်ကိုင်ဆောင်ထားသူများအနေဖြင့် ယခင်ဒေသတွင် နေထိုင်ခြင်းရှိ/မရှိကို သက်ဆိုင်ရာမြို့နယ်ရုံးအချင်းချင်း ဆက်သွယ်မေးမြန်းပြီး ရပ်/ကျေးထောက်ခံချက်များဖြင့် M အမှတ်အသားပါ အိမ်ထောင်စုစာရင်းများ ထုတ်ပေးလျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံသားတိုင်းသည် နိုင်ငံသားအခွင့်အရေးများရှိကြသည်။ နိုင်ငံသား အခွင့်အရေးရရှိရန်အတွက် နိုင်ငံသား အထောက်အထားများ ရရှိထားရမည်ဖြစ်သည်။ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းများပြုလုပ်ခြင်းသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်။ ယခုအခါ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များကို နိုဝင်ဘာလ ၃ ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးနေပြီဖြစ်ရာ နိုင်ငံသားတိုင်း နိုင်ငံသားအထောက်အထားရရှိရန်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်မေးမြန်းလုပ်ကိုင်ကြရန် တိုက်တွန်းအပ်ပါကြောင်း။    ။

ကြေးမုံ, အယ်ဒီတာ့အာဘော်