Skip to main content

လွိုင်ကော် စက်မှုဇုန်အပိုင်း (၁) နှင့် အပိုင်း (၂) အတွင်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များနှင့် ပြည်နယ်ဝန်ကြီးချုပ် တွေ့ဆုံ

လွိုင်ကော်  မတ် ၁၄

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော် စက်မှုဇုန်အပိုင်း(၁)နှင့် အပိုင်း (၂)အတွင်း လုပ်ငန်းလုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဆောင်ရွက်နေသူများ အနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင်မူဝါဒ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးနှင့် စက်မှုဇုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များ နှင့် တွေ့ဆုံခြင်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က စက်မှုဇုန် ခန်းမဆောင်၌ ကျင်းပခဲ့သည်။


တွေ့ဆုံပွဲသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်ဝန်ကြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ဗမာ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွိုင်ကော်မြို့၊ စက်မှုဇုန် အပိုင်း(၁)နှင့် စက်မှုဇုန်အပိုင်း(၂)အတွင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

လက်ရှိဖြစ်ပေါ်နေသည့် ကျန်းမာရေးဆိုင်ရာ အခြေအနေအရပ်ရပ်ကြောင့် သတိချပ် ဆောင်ရွက်နေရသည့် အခြေအနေများ ရှိပါကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့်လူ အများနှင့် ထိတွေ့ဆက်ဆံနေရပြီး အချို့လုပ်ငန်းရှင် များအနေနှင့် နိုင်ငံရပ်ခြားသို့ ခရီးများထွက်ခွာသွားရောက်နေရမှုများရှိရာ ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် လမ်းညွှန်ချက် များအတိုင်း လိုက်နာ ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ယခုလာရောက်ခြင်းမှာ စက်မှုဇုန်းအတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင် ဆောင် ရွက်သူများအနေနှင့် လိုအပ်ချက်များ၊ လိုလားချက်များ ဖြည့်ဆည်းပေးရန်  ပြည်နယ်အစိုးရအဖွဲ့ အနေဖြင့် လာရောက် ခြင်းဖြစ်ပါကြောင်း၊ စက်မှုဇုန်အပိုင်း(၁) တွင် လုပ်ငန်းများ လုပ်ကိုင်နေပြီဖြစ်သော်လည်း အပိုင်း(၂) တွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မှု နည်းပါးသည့် အခြေအနေများကို တွေ့မြင်ပြီး ပိုမိုတိုးတက်အောင် ကြိုးပမ်းဆောင် ရွက်နိုင်ရန်အတွက်လည်း ဖြစ်ပါကြောင်း၊ တက်ရောက် လာသူများအနေနှင့် စက်မှုဇုန် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်စေလိုသည့် အတွေး အမြင်၊ အကြံအစည်များကို တင်ပြပေးစေလိုကြောင်း၊ စက်မှုဇုန်ကော်မတီမှတာဝန်ရှိသူများ၊ လုပ်ငန်းရှင်တို့က နိုင်ငံတော်မှ ချမှတ်ထားသော မူဝါဒများနှင့်အညီ အကောင်းဆုံး ဖော်ဆောင်နိုင်ရေးအတွက် အကျိုးရှိစွာဖြင့် တင်ပြဆောင်ရွက်ပေးစေ လိုကြောင်းဖြင့် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက အဖွင့်အမှာစကားတွင် ပြောကြား ခဲ့သည်။

ထို့နောက် လွိုင်ကော်စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းမော်က စက်မှုဇုန်အတွင်း လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ၊ စက်မှုဇုန်အတွက်လမ်းနှင့်လျှပ်စစ်မီးမှာ အတိုင်းအတာ တစ်ခုအထိ အဆင်ပြေနေပြီး လိုအပ်လျက်ရှိသည့် ရေရရှိရေးအတွက်ဆောင်ရွက်ပေးရန်အခြေအနေများ၊ လက်ရှိရာသီတွင် မီးဘေးအန္တရာယ် ကာကွယ်ရေးဆောင်ရွက်နေမှုများ၊ စက်မှုဇုန် လုပ်ငန်းရှင်များနှင့် ဇုန်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နေမှုများ၊ ထို့အပြင် ဇုန်အတွင်း တရားဥပဒေစိုးမိုးရေး အတွက်သက်ဆိုင်ရာ တာဝန်ရှိဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေမှု များနှင့်စပ်လျဉ်း၍ လည်းကောင်း ၊ စက်မှုဇုန်အပိုင်း (၁)နှင့် အပိုင်း(၂)မှ လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြရာပျော့ဖတ် ကြက်ဥကတ်၊ ပြောင်းအခြောက်ခံစက်၊ မွေးမြူရေးလုပ်ငန်းရှင်မှ ၎င်းအနေနှင့် ကြက်ချေးမှ မြေသြဇာထုတ်ရန် ကြိုးပမ်းနေပြီး စက်မှုဇုန်ကော်မတီ၏ ထောက်ခံစာမရရှိသည့်အတွက် လုပ်ငန်း လုပ်ကိုင်ရန်ခက်ခဲနေကြောင်း တောင်သူများအတွက် အကျိုးရှိသည့် လုပ်ငန်းဖြစ်၍ လုပ်ကိုင် ဆောင်ရွက်လိုကြောင်း၊ စက်မှုဇုန် တည်ထောင်ခြင်း၏ရည်ရွယ်ချက်သည် မြို့အတွင်းဆောင်ရွက်ရန်မသင့်သည့် စက်မှုလုပ်ငန်းများကို ယင်းနေရာတွင် လုပ်ကိုင် ဆောင်ရွက်ရန် ရည်ရွယ်ခြင်း ဟု မှတ်ယူထားသဖြင့် မိမိအနေနှင့်လုပ်ငန်းလုပ်ကိုင်မှုအတွက် လိုအပ်သည့် လမ်းညွှန်မှုများ ပြုပေးစေလိုကြောင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်ပတ်သက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြား ပေးခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က  လွိုင်ကော်မြို့၊ စက်မှုဇုန်အပိုင်း(၂)တွင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်နှင့် Global South Industry Co.,Ltd မှ ဆောင်ရွက် သည့် ခဲမဖြူ အဖြိုက်နက် သတ္တုကုန်ချောစက်ရုံ တည်ဆောက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ တာဝန်ရှိ သူများမှ စီမံရေးရာအဆောက်အအုံတွင် စက်ရုံတည် ဆောက်မှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြရာ စီမံရေးရာ အဆောက်အအုံ ဆောင် ရွက်နေသည့် အခြေအနေများ၊ ဝန်ထမ်းအိမ်ရာ၊ သတ္တု သန့်စင်စက်ရုံ (၁၀)ရုံ ဆောက်လုပ် ဆောင်ရွက်နေမှုများ၊ ရေရှိရေး ဆောင်ရွက်ထားရှိမှု၊ ရေသိုလှောင်မှုစနစ်များအား ရှင်းလင်း တင်ပြခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ကန်ဒေါ်လာ သန်း(၅၀)ခန့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ၏ ပထမဦးဆုံးသော ခဲမဖြူအဖြိုက်နက် သန့်စင်စက်ရုံတစ်ရုံဖြစ်ပြီး လက်ရှိအချိန်တွင် လုပ်ငန်းအတွက် ရန်ပုံငွေရင်းနှီးမြှုပ်နှံမှုမှာ ကန်ဒေါ်လာ (၁၃) သန်းခန့် သုံးစွဲကုန်ကျပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းအား (၂)နှစ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်၍ ဒေသခံများ၏အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် အထောက်အပံ့ ကောင်းတစ်ရပ်ဖြစ်လာမည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်မှ လုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေး အတွက် စီမံဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကာ စက်ရုံဧရိယာအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာအုပ်စုအတွင်း  Hon Fa Home ကုမ္ပဏီမှ မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုဖြင့် ဆောင်ရွက် လျက်ရှိသည့် ကလေးကစားကွင်း၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆောက်အအုံများနှင့် ခရီးသွားစွဲဆောင်မှုအပန်းဖြေ၊ အနားယူလည်ပတ်ရန်လုပ်ငန်း အဆောက်အအုံ နေရာများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

ထွန်းလေး