(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဗီယက်နမ်နိုင်ငံတွင် မေလ ၂၃ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံမှ လက်ရွေးစင်အားကစားသမားများက အားကစားနည်း အမျိုး ၂၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ မေလ ၁၁ ရက်နေ့တွင် ကျင်းပသည့် Kurash အားကစားနည်း +၈၇ ကီလိုတန်း ဆီမီးဖိုင်နယ်ပွဲစဉ်နှင့် ဗိုလ်လုပွဲပွဲစဉ်များကို ကျင်းပရာ မြန်မာအားကစားသမား မအေးအေးအောင်က မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးလိုက်သည်။
မအေးအေးအောင်သည် ပွဲဦးထွက်အကြိုဗိုလ်လုပွဲတွင် ပြိုင်ဘက်အသင်းဖြစ်သော ထိုင်းအားကစားသမားကို လည်းကောင်း၊ ဆီမီးဖိုင်နယ်တွင် အိမ်ရှင်ဗီယက်နမ် အားကစားသမားကို လည်းကောင်း အနိုင်ရရှိခဲ့ပြီးနောက် ဗိုလ်လုပွဲတွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ ဖိလစ်ပိုင်အားကစားသမားကို အနိုင်ရရှိခဲ့ပြီး မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါပြိုင်ပွဲတွင် ဖိလစ်ပိုင်နိုင်ငံက ဒုတိယဆု ငွေတံဆိပ်ရရှိပြီး အိမ်ရှင်ဗီယက်နမ်က တတိယဆု ကြေးတံဆိပ်တို့ကို အသီးသီး ဆွတ်ခူးရရှိခဲ့သည်။
ဧပြီလ ၂၉ ရက်နေ့က ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် အခမ်းအနားသို့ တက်ရောက်၍ အောင်နိုင်ရေးအလံပေးအပ်ခဲ့ပြီး “အားကစားအောင်နိုင်ရေးသည် မြန်မာတစ်မျိုးသားလုံး၏ မျှော်လင့်ချက်ဖြစ်ကြောင်း၊ အနိုင်ရရှိသည့် ပြိုင်ပွဲတိုင်းတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား လွှင့်ထူပြီး ကျန်ပြိုင်ပွဲဝင်နိုင်ငံများမှ အလေးပြုရသည့်မြင်ကွင်း၊ မြန်မာအားကစားသမားများ၏ နိုင်ငံတော်သီချင်း သီဆိုအောင်ပွဲခံနေသည့် မြင်ကွင်းများကို ပြည်သူတစ်ရပ်လုံး မြင်တွေ့လိုကြောင်း” ပြောကြားခဲ့သည်။
မြန်မာအားကစားသမားများသည် ပြည်သူတစ်ရပ်လုံး မြင်တွေ့လိုသည့် ဆန္ဒများကို ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်လျက်ရှိသည်။ ယခုအခါ အားကစားနည်းတစ်မျိုးတွင် ပြိုင်ပွဲအဆင့်ဆင့်နှင့် ဗိုလ်လုပွဲ၌ ပြိုင်ဘက် အားကစားသမားများကို အနိုင်ယူပြီး နိုင်ငံတော်အတွက် ရွှေတံဆိပ်ဆုကို ပွဲဦးထွက် ဆွတ်ခူးပေးနိုင်ခဲ့ရာ နိုင်ငံတော်အတွက် ဂုဏ်ယူစရာဖြစ်ပြီး ပြည်သူများအားလုံးလည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြလိမ့်မည်ဖြစ်သည်။ (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း အမျိုး ၂၀ ၌ မြန်မာအားကစားသမား ၂၉၃ ဦးနှင့် အုပ်ချုပ်သူ၊ နည်းပြ၊ ထောက်ပံ့ရေးအဖွဲ့ဝင် စုစုပေါင်း ၄၂၈ ဦး ပါဝင်ပြီး နေ့စဉ် ပြိုင်ပွဲအမျိုးအစားအလိုက် ပါဝင်ယှဉ်ပြိုင်ကြသည်။
မြန်မာအားကစားသမားများအနေဖြင့် ပွဲမဝင်မီကတည်းက နိုင်ငံတော်နှင့် လူမျိုးအတွက် ပွဲဝင်အောင် ပွဲဆင်နိုင်အောင် အသင့်ပြင်ဆင်ထားခဲ့ကြပြီး နိုင်ငံတော်အနေဖြင့်လည်း စိတ်ဓာတ်ခွန်အားများနှင့် အထောက်အပံ့များကိုလည်း ဖြည့်ဆည်းဆောင်ရွက် ပေးထားသည်။ ထို့အပြင် အောင်နိုင်ရေး အလံပေးအပ်ပွဲအခမ်းအနား၌ နိုင်ငံတော်အကြီးအကဲက ဆုရအားကစားသမားများအတွက် ရွှေတံဆိပ် (တစ်ဦးချင်း) ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ် (တစ်ဦးချင်း) ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ် (တစ်ဦးချင်း) ငွေကျပ်သိန်း ၁၀၀၊ အသင်းလိုက် ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်များနှင့် နည်းပြ၊ အုပ်ချုပ်မှုအဖွဲ့များပါမကျန် ဆုရမှုအဆင့်အလိုက် နိုင်ငံတော်က ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာ့အားကစားကို တစ်ခေတ်ပြန်လည် ဆန်းသစ်လာစေရန်အတွက် အစဉ်တစိုက် အားပေးမြှင့်တင် ဆောင်ရွက်ပေးလျက်ရှိပြီး ထောက်ပံ့ချီးမြှင့်ပေးမှုများကိုလည်း ထူးထူးကဲကဲ ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ထို့ကြောင့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် ယခင်က ရရှိခဲ့သော အောင်မြင်မှုများထက် ထူးကဲသာလွန်အောင် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။ နိုင်ငံတော်အပိုင်းမှ မြန်မာ့အားကစားကို အကောင်းဆုံးမြှင့်တင် အားပေးလျက်ရှိသကဲ့သို့ အားကစားသမားတစ်ဦးစီ အနေဖြင့်လည်း နိုင်ငံတော်နှင့်လူမျိုး၏ ဂုဏ်သိက္ခာမြင့်မားလာရေးအတွက် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် အစွမ်းကုန် ယှဉ်ပြိုင်နေကြသည်။ အားကစားသမားကောင်း စိတ်ဓာတ်ဖြင့် ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသားတို့၏ ဂုဏ်ကို မြှင့်တင်နေကြပေသည်။
သို့ဖြစ်ရာ နိုင်ငံတကာအလယ်တွင် အမိနိုင်ငံတော်အလံ၊ အမိနိုင်ငံတော်သီချင်းကို ဂုဏ်ယူဝင့်ကြွားစွာ လွှင့်ထူသီဆိုကြသည့် မြင်ကွင်းများအား ခံစားကြရသည့် နိုင်ငံသူ နိုင်ငံသား တိုင်းရင်းသား ပြည်သူအပေါင်းတို့၏ ဝမ်းမြောက်ဂုဏ်ယူမှုများမှာ အတိုင်းအဆမရှိ ဖြစ်ကြမည်ဖြစ်ပြီး နိုင်ငံတော်အတွက်လည်း ဂုဏ်မြင့်စရာဖြစ်၍ ပြိုင်ပွဲများတွင် မြန်မာအားကစားသမားများ ရွှေတံဆိပ်၊ ငွေတံဆိပ်၊ ကြေးတံဆိပ်များ အမြောက်အမြား ရရှိအောင် ကြိုးပမ်းယှဉ်ပြိုင်နိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။