Skip to main content

ငွေရတု၊ ရွှေရတု၊ စိန်ရတုမှသည် ရာပြည့်ပေါင်းများစွာတိုင် . . .

မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကာလအတွင်း ပေါ်ပေါက်ခဲ့သော မြန်မာ့ရုပ်ရှင်သမိုင်းသည် ၂၀၂၀ ပြည့်နှစ်ဆိုလျှင် နှစ်တစ်ရာပြည့်မြောက်တော့မည်။ ရုပ်ရှင်သည်ပြည်သူကို မျက်စိဖွင့်၊ နားဖွင့်ပေးခဲ့သည်။ ရုပ်ရှင်လောကသားများ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ပြည်သူလူထုကို ဗဟုသုတအကြားအမြင်များ ပွားစေခဲ့သည်။ အသိဉာဏ်စဉ်များရှင်သန်စေခဲ့သည်။ အခက်အခဲ အကျပ်အတည်းများကြားမှပင် မြန်မာ့ရုပ်ရှင်သည် ငွေရတုမှသည် ရွှေရတု၊ ရွှေရတုမှသည် စိန်ရတု၊ စိန်ရတုမှသည် ရာပြည့် ၊ ရုပ်ရှင်ပန်းများ လန်းဆန်းစေခဲ့သည်။ ပြည်သူများကြား ရုပ်ရှင်ပန်းများမွှေးပျံ့စေခဲ့သည်။

မကြာမီကာလအတွင်း မြန်မာ့ရုပ်ရှင်ရာပြည့် အခမ်းအနားများ ဆက်တိုက်ဆက်တိုက် ကျင်းပသွားရန်စီစဉ် ဆောင်ရွက်လျက်ရှိသည်။


မြန်မာ့ရုပ်ရှင်သမိုင်းနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်တင်ပြနိုင်ရန် အပြည့်စုံဆုံး၊ အကောင်းဆုံးနေရာမှာ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာ့ရုပ်ရှင်သမိုင်း ပြတိုက်ပင် ဖြစ်သည်။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတည်ရှိရာနေရာလည်းဖြစ်ပေသည်။ မြန်မာ့ရုပ်ရှင်အစည်းအရုံးမှ ရုပ်ရှင်သမိုင်းပြတိုက်အဖြစ် ပြုပြင်မွမ်းမံ တည်ဆောက်လျက်ရှိသည်။ ထိုရုပ်ရှင်သမိုင်းပြတိုက်သည် အဝေးတစ်နေရာမှ လှမ်း၍ကြည့်လိုက်လျှင် ကိုလိုနီခေတ် နေအိမ်အဆောက်အဦတစ်ခုအဖြစ်သာ တွေ့ရမည်ဖြစ်ပါသည်။


အဆောက်အဦ၏ရှေ့မျက်နှာစာ ဘယ်ဘက်ခြမ်းတွင် မြန်မာ့ရုပ်ရှင်ကို စတင်တည်ထောင် အစပျိုးခဲ့သူ ရုပ်ရှင် ဖခင်ကြီးများဟုဆိုရမည့် မင်းသားကြီးဦးညီပု၊ လန်ဒန် အတ်ဦးအုန်းမောင်၊ ဓာတ်ပုံဆရာ ဦးမောင်မောင်တို့၏ ကိုယ်တစ်ပိုင်းပုံရုပ်တုများကို ရွှေရောင်တဝင်းဝင်းဖြင့် တွေ့ရသည်။ ရှေ့မျက်နှာစာတည့်တည့်မှာတော့ မြန်မာ့ရုပ်ရှင်ရွှေစင်အကယ်ဒမီရုပ်တုကြီးကို ကြော့ကြော့ မော့မော့ ရင်ကိုကော့လျက်အနေအထားဖြင့် တွေ့ရပြန်သည်။


မြန်မာ့ရုပ်ရှင်သမိုင်း


မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်သို့ ရောက်ရှိသည်ဆိုလျှင်ပင် ရုပ်ရှင်သမိုင်းပြတိုက်နှင့်ပတ်သက်၍ ရာပြည့်အမီ ပြင်ဆင်နေမှုများကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဒုတိယဥက္ကဋ္ဌ ဦးအေးကြူလေးက သိလိုသည်များကို ရှင်းပြသည်။


“ကျွန်တော်တို့ရုပ်ရှင်သမိုင်းပြတိုက်က ရတုအလိုက်ဆိုရင် လေးခုရှိပါတယ်။ ၂၅ နှစ်ကို ရတုတစ်ခုပါ။ ၁၉၂၀ ကနေ ၁၉၄၅ အထိက ငွေရတု၊ ၁၉၄၆ ကနေ ၁၉၇၀ အထိက ရွှေရတု၊ ၁၉၇၀ ကနေ ၁၉၉၅ အထိက စိန်ရတု၊ ၁၉၉၅ ကနေ ၂၀၂၀ အထိက ရာပြည့်ဖြစ်ပါတယ်”ဟု ဦးအေးကြူလေးက မြန်မာ့ရုပ်ရှင်သမိုင်းကို ရတုအလိုက် ပြင်ဆင်ထားမှုကို ပြောပြခဲ့ခြင်းဖြစ်သည်။ ငွေရတုပြခန်း အဝင်ဝတွင်တွေ့ရသည်မှာ ဂျပန့်ရင်သွေးဇာတ်ကား ဆိုင်းဘုတ်ပင်ဖြစ်သည်။ ထိုရုပ်ရှင်ကားကို ၁၉၃၄ ခုနှစ်တွင် မင်းသား ဦးညီပုက ဂျပန်မင်းသမီးနှင့် တွဲဖက်ကာ ရိုက်ကူးပြသခဲ့သည့် အသံထွက် ရုပ်ရှင်ကားဖြစ်သည်။ မြန်မာ-ဂျပန်ဆက်ဆံရေးသမိုင်းဝင်ရုပ်ရှင်ကားပင်ဖြစ်သည်။ မြန်မာ့ရုပ်ရှင် သမိုင်းပြတိုက်အတွင်း ဝင်ရောက် လိုက်သည်ဆိုလျှင်ပင် ဦးစွာတွေ့ရသော ပြခန်းသည် ငွေရတုပြခန်းဖြစ်သည်။ ထိုငွေရတုပြခန်းအဝင်ဝတွင် ပထမဆုံး မြန်မာ့ရုပ်ရှင် ဇာတ်ကားဖြစ်သည့် “မေတ္တာနှင့် သူရာ”ဇာတ်ကား ဆိုင်းဘုတ်ကြီးကို ခမ်းနားထည်ဝါစွာ တွေ့ရသည်။ ဆိုင်းဘုတ်ဘယ်ဘက်ခြမ်းတွင် လန်ဒန်အတ် ဦးအုန်းမောင်၊ ဒါရိုက်တာဦးတုတ်ကြီး၊ ဓာတ်ပုံဆရာ ဦးမောင်မောင်၊ ဇာတ်ညွှန်းရေးဆရာ ပီမိုးနင်းတို့ကို ရုပ်ပုံများနှင့်တကွ ရေးဆွဲထားသော ပိုစတာကားချပ်ကို တွေ့ရသည်။


ပထမဆုံးရုပ်ရှင်ကား


အလားတူ ဆိုင်းဘုတ်၏ ညာဘက်ထိပ်တွင် မင်းသားဦးညီပု၊ သရုပ်ဆောင်ဦးပါကြီး၊ မင်းသမီးမအေးကြည် (ခေါ်) မရီ၊ လူကြမ်းမောင်မောင်ချစ်တို့ကိုလည်း ရုပ်ပုံများနှင့်တကွဖော်ပြထားသည်။ ဤသည်ကား မြန်မာ့ပထမဆုံး ရုပ်ရှင်ကားကြီးပေါ်ထွက်လာရေးအတွက် ကြိုးပမ်းအားထုတ်ကြသူများပင်ဖြစ်၏။


ထို မေတ္တာနှင့်သူရာ ဇာတ်ကားကြီးကို ယခု ဗိုလ်ချုပ်အောင်ဆန်းစျေးနေရာတွင်ရှိခဲ့သော “စီနီမာဒီပဲရစ်” အမည်ရှိ ရုပ်ရှင်ရုံတွင် ၁၉၂၀ ပြည့်နှစ် နိုဝင်ဘာလ ၆ ရက်နေ့တွင်ပြသခဲ့ရာ ရုံပြည့်ရုံလျှံ အားပေးကြည့်ရှုခဲ့ ကြကြောင်း၊ အချို့ထိုင်ခုံနေရာမရသဖြင့် အရန်ခုံများထိုးကာ ကြည့်ရှုခဲ့ရကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။ ရုပ်ရှင်ဇာတ်ညွှန်းရေးဆရာ ဆရာကြီး ပီမိုးနင်းသည် လူငယ်မြှင့်တင်ရေး၊ လူငယ်ပညာပေး ဗိသုကာကြီးပီပီ အရက်ကြောင့် လူငယ်များပျက်စီးရပုံ၊ ဒုက္ခရောက်ရပုံတို့ကို ဤမေတ္တာနှင့်သူရာမည်သော ဝတ္ထုဇာတ်ညွှန်းကို ပုံဖော်ရိုက်ကူးပြသလိုက်ခြင်းပင် ဖြစ်သည်။


ဤဇာတ်ကားရိုက်ကူး ပြသနိုင်ခဲ့ခြင်းကြောင့် ဓာတ်ပုံဆရာ လန်ဒန်အတ်ဦးအုန်းမောင်ကို ပြည်မြို့ ဂျီစီဘီအေအသင်းက ရွှေတံဆိပ်နှင့်ဂုဏ်ပြုသကဲ့သို့ ရန်ကုန်မြို့ရှိ သုစရိတယုဝခေါ် အရက်ရှောင်ကြဉ်ရေး အသင်းကလည်း ဦးအုန်းမောင်ကို ရွှေတံဆိပ်နှင့်ဂုဏ်ပြု ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။


ဤရွေ့ ဤမျှ လူကြိုက်များခဲ့သော မေတ္တာနှင့် သူရာဇာတ်ကားသည် မြန်မာ့ရုပ်ရှင်သမိုင်းတွင် ပထမဆုံးသောဇာတ်ကားအဖြစ်မှတ်တမ်းတင်ခဲ့ကြသည်။


ထိုငွေရတုပြခန်း၏ အတွင်းထဲသို့ဝင်ရောက်လိုက်သည်ဆိုလျှင်ပင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ငွေရတုသဘင်အခမ်းအနားသို့ တက်ရောက် မိန့်ခွန်းပြောကြားနေသော ပန်းချီကားချပ်ကြီးကို ခမ်းနားထည်ဝါစွာ တွေ့ရသည်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချို၊ ရုပ်ရှင်ဖခင်ကြီး ဦးအုန်းမောင်၊ ဇာတ်မင်းသား ကြီး ဦးဖိုးစိန်နှင့် ဗိုလ်ချုပ်၏ အပါးတော်မြဲဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း)တို့ မြန်မာ့ရုပ်ရှင်ငွေရတုအခမ်းအနားသို့ တက်ရောက်လာပုံကို ပန်းချီဆရာမောင်မောင်သိုက်နှင့်အဖွဲ့က အမိအရမှတ်တမ်းတင် လိုက်ခြင်းပင်ဖြစ်၏။


ဗိုလ်ချုပ်နှင့်ငွေရတု


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်တက်ရောက်ခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းသက်တမ်း ၂၅ နှစ်ပြည့် ငွေရတုသဘင်အခမ်းအနားကြီးကို ရန်ကုန်မြို့ရွှေတိဂုံဘုရား အနောက်မုခ်ကွင်း၌ ၁၉၄၇ခု နှစ် မတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း၊ မတ်လ ၁ ရက်နေ့ ဖွင့်ပွဲ အခမ်းအနားသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်ဘုရင်ခံ ဆာဟူးဘတ်ရန့်တို့တက်ရောက်၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ကြောင်း၊ ရုပ်ရှင်ငွေရတုပွဲနှင့်အတူ စက်မှုလက်မှုပြပွဲကိုပါ ပူးတွဲပြသသည့်ပွဲလည်းဖြစ်ကြောင်း၊ ရုပ်ရှင်ပြဇာတ်အစည်းအရုံးတို့က ကြီးမှူး၍ ပြဇာတ်နှင့် ဇာတ်သဘင်ဖျော်ဖြေပွဲများဖြင့် ခမ်းနားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည့် သမိုင်းဝင် ပြပွဲကြီးပင်ဖြစ်ကြောင်း ဦးမြဟန်ရေးသားသော ကိုလိုနီခေတ်မြန်မာ့သမိုင်း အဘိဓာန်၌ ဖော်ပြထားလေသည်။

မြန်မာ့ရုပ်ရှင်လောက၌ ပထမဆုံးပြသသည့် ဇာတ်ကားမှာ ၁၉၂၀ ပြည့်နှစ်တွင် စတင်ပြသသော မေတ္တာနှင့်သူရာဇာတ်ကားဖြစ်သည်။ ထို့ကြောင့် မြန်မာ့ရုပ်ရှင်သက်တမ်း ၂၅ နှစ်ပြည့်သည့်နှစ်မှာ ၁၉၄၅ ခုနှစ်ဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် စစ်အတွင်းကာလဖြစ်၍ မြန်မာ့ရုပ်ရှင် ငွေရတုပွဲကို ထိုနှစ်တွင် မကျင်းပဘဲ စစ်ပြီးစ ၁၉၄၇ ခုနှစ်ရောက်မှ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။


မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်အတွင်း ပြသထားသော ငွေရတုခေတ်ပြခန်းသည် စိတ်ဝင်စားဖွယ်ရာ အကြောင်း အရာများစွာရှိနေသည်က အမှန်ပင်။


ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်ခဲ့သော ထိုငွေရတုသဘင်အခမ်းအနား ပန်းချီကားကြီးအောက်ဘက်တွင် ရွှေရောင်တောက်နေသောကိုယ်တစ်ပိုင်းပုံ ရုပ်တုသုံးခု စီတန်းလျက်တွေ့ရသည်။ ထိုရုပ်တုသုံးရုပ်မှာ အလယ်ကောင်တည့်တည့်က အရုပ်မှာ ပထမဆုံးသော ရုပ်ရှင်မင်းသားကြီး ဦးညီပုပင်ဖြစ်သည်။ ညာဘက်တွင် ဓာတ်ပုံဆရာ ဦးမောင်မောင်ဖြစ်ပြီး ဘယ်ဘက်တွင်မူ လန်ဒန်အတ် ဦးအုန်းမောင်ဖြစ်သည်။ သူတို့ သုံးဦးသည် မြန်မာ့ရုပ်ရှင်လောကကို စတင်တည်ထောင်သူ များအဖြစ် ရုပ်ရှင်လောကသားများက မှတ်တမ်းတင်ခဲ့ကြလေသည်။ တစ်နည်းအားဖြင့် မြန်မာ့ရုပ်ရှင်၏ ဖခင်ကြီးများဟုပင် ဆိုကြသည်။


ထိုငွေရတုပြခန်း၏ ညာဘက်ခြမ်း၌ ငွေရတုကာလ ထင်ရှားကျော်ကြားခဲ့သော ဒါရိုက်တာကြီးများ၏ပုံများကို Light Box အတွင်းထည့်ကာ ၎င်းတို့ရိုက်ကူးခဲ့သော ရုပ်ရှင်ကားအမည်များနှင့်တကွ ပြသထားသည်။ ထို ဒါရိုက်တာတို့သည်ကား ရွှေစက်တော်၊ ရွှေမေတ္တာ၊ ရွှေပင်နားရွှေကျေးဇာတ်ကားများ ရိုက်ကူးခဲ့သော ဦးဘတင်၊ ရွှေဘုန်းတော်၊ ဘုန်းတော်ရှင်၊ မြဂနိုင် ဇာတ်ကားများ ရိုက်ကူးခဲ့သော ဒါရိုက်တာ ဦးချန်ထွန်း၊ ကြင်သက်ဝေ၊ မြ မျက်ခြယ်၊ စိန်းရောင်ရှင်ဇာတ်ကားများ ရိုက်ကူးခဲ့သော ဒါရိုက်တာရွှေညာမောင်၊ ဗိုလ်အောင်ဒင် ဇာတ်ကားရိုက်ကူးသူ ရွှေဒုံးဘီအောင်၊ တစ်ခိုင်လုံးရွှေ၊ တစ်ခိုင်လုံးစိန်၊ ရွှေပေး လို့မရ ဇာတ်ကားများရိုက်ကူးသူ ဘုံဘေပြန် ဦးတုတ်ကြီး၊ ဂျပန့်ရင်သွေးရိုက်ကူးသူ ဒါရိုက် တာ ဦးညီပု၊ ရတနာပုံနှင့် မောင့်ဒေဝီ ဇာတ်ကားရိုက်ကူးသူ လန်ဒန်အတ် ဦးအုန်းမောင်တို့၏ ပုံများပါဝင်သည်။


မြန်မာ့ရုပ်ရှင်ငွေရတုကာလတွင် ဇာတ်ညွှန်းများစွာ ရေးသားခဲ့သော စာရေးဆရာကြီး ပီမိုးနင်းသည်လည်း ဒါရိုက်တာတစ်ဦးပင်ဖြစ်သည်။ ဆရာကြီးသည်လည်း ဦးကလိန်နှင့် ချစ်တဲ့သူရယ် အမည်ရဇာတ်ကားများကို ကိုယ်တိုင်ရိုက်ကူးခဲ့သေးသည်။ ထိုခေတ်ထိုအခါက BIA တွင် အမှုထမ်းခဲ့သူ ဒါရိုက်တာဦးဘရှင်သည် သေနတ်ပစ် အလွန်ကောင်းသူအဖြစ် ထင်ရှားသည်။ သူသည် မက်ဆို ပိုတေးမီးယားစစ်ပွဲတွင် မြန်မာစစ်သားများပါဝင်ဆင်နွှဲခဲ့ ရပုံများကို ၁၉၃၀ ပြည့်နှစ်တွင် ဗြိတိသျှဘားမားရုပ်ရှင်မှ ချစ်ရနံ့ကြိုင်နှင့် ချစ်နံ့မပြယ် ဇာတ်ကားများ၌ ရိုက်ကူးပြသ ခဲ့သည်။ ထိုဇာတ်ကားများသည် မြန်မာနိုင်ငံ၏ ပထမဆုံး ရုပ်ရှင်စစ်ကားများအဖြစ် လူသိများခဲ့သည်။


စတန့်မင်းသား


ဤငွေရတုကာလ ငွေရတုပြခန်း၌ အထူးပြသထားသောပြကွက်မှာ စတန့်မင်းသားများ ပြကွက်ပင်ဖြစ်သည်။ ထိုပြကွင်းပြကွက်ကိုလည်း Light Box နှင့်ပင် တသီး တခြားပြသထားသည်မှာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။ ထိုပြကွက်သည် မြန်မာ့ရုပ်ရှင်ခေတ်ဦး ငွေရတုကာလက စတန့်မင်းသားကောင်းများ ပေါ်ထွက်ခဲ့သည်ကို အထင် အရှားပြသလိုက်ခြင်းပင်ဖြစ်သည်။


စတန့်မင်းသားများအနက် ချစ်ရွှေကြီးခေါ် ချစ်ဆွေကြီး မှာအထင်ရှားဆုံး၊ လူကြိုက်အများဆုံး မင်းသားတစ်လက် ဖြစ်နိုင်သည်။ အဘယ်ကြောင့်ဟူမူ ထိုပြခန်း၌ နီလာရောင် ဇာတ်ကားတွင် ချစ်ဆွေကြီးက လူစားမထိုးဘဲ မိကျောင်း အစစ်ဖြင့် သတ်ပုတ်ခန်းကို ထူးထူးခြားခြားပြသထား သည်။ ဒါရိုက်တာ မောင်တင်မောင်က စတန့်မင်းသား ချစ်ဆွေကြီးအား နီလာရောင်ဇာတ်ကား၌ ရေဘုရင် မိကျောင်းနှင့် သတ်ပုတ်နိုင်ရန် ပြင်ခရိုင်မှ မိကျောင်း ငါးကောင်ဝယ်ယူပြီးနောက် သင့်တော်ရာ တစ်ကောင်နှင့် သတ်ပုတ်စေခဲ့ကြောင်း၊ မိကျောင်းကြီးကို အနိုင်သတ်ပုတ် ပြီး အသင့်ယူဆောင်လာသော ဓားမြောင်ဖြင့် ဆင့်ကာဆင့်ကာ ထိုးသတ်ခဲ့ကြောင်း၊ ရုပ်ရှင်ရိုက်ကူးနေသူ ဒါရိုက်တာနှင့်တကွ ဝိုင်းကြည့်နေသူအပေါင်းတို့သည် ရင်တထိတ်ထိတ်နှင့် သက်ပြင်းချခဲ့ရကြောင်း ဦးပြည့်စုံ ရေးသားသော လွတ်လပ်ရေးတိုက်ပွဲဝင် မြန်မာ့ရုပ်ရှင်ပညာသည်များ စာအုပ်၌ ဖော်ပြထားသည်ကို တွေ့ရသည်။


ထို့ပြင် မြဂနိုင်ဇာတ်ကားတွင် ချစ်ဆွေကြီးနှင့် မြွေ သူသေကိုယ်သေသတ်ပုတ်ခန်း၊ အိမ်ခေါင်မိုးပေါ်မှ ကျွမ်းပစ်ချခန်းတို့ကိုလည်းပြသထားရာ အလွန်ပင် ချီးကျူး လေးစားစရာကောင်းသည်။ ချစ်ရွှေကြီး၊ မြင့်မြင့်ခင်တို့ အဓိကပါဝင် သရုပ်ဆောင်ထားသော မြဂနိုင်ရုပ်ရှင်ကား သည်ယူနက်စကို၏ အာရှပစိဖိတ်ဒေသဆိုင်ရာကမ္ဘာ့ အောက်မေ့ဖွယ်အရုပ်အသံအမွေအနှစ်အဖြစ်သတ်မှတ် ခြင်းခံရသောဇာတ်ကားလည်းဖြစ်သည်။ စတန့်မင်းသားများအနက် ချစ်ဆွေကြီးအပြင် စွမ်းသတ္တိဇာတ်ကားမှ စတန့် မင်းသားကျော်ညွန့် တံတားပေါ်မှ ဒိုင်ဗင်ထိုးချခန်း၊ မြိုင်ယံဘွားဇာတ်ကားမှ အေဝမ်းညွန့်မောင်တို့၏ တောတွင်းစွန့်စားခန်းများကိုလည်း ပြသထားသည်။


ပထမဆုံးသောစတန့်မင်းသား


သို့သော် ပထမဆုံးသောစတန့်မင်းသားမှာ ဦးစိန် (ခေါ်) ဦးပဂျီငို ဖြစ်သည်။ သူသည် ၁၉၂၃ ခုနှစ်က ဒါရိုက်တာ ဦးဘသန်းရိုက်သည့် နဖူးစာရွာလည် ဇာတ်ကားတွင် စတန့်ဟီးရိုးအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သည်။ ထို ဇာတ်ကားတွင် သူ့အစ်ကိုမောင်ရှိန် (ကာယဗလဦးရှိန်)က လူကြမ်းအဖြစ်ပါဝင်ပြီး မော်တော်ကားအဖြတ်အကြိတ် ခံရသောအခန်း၊ ထိုးသတ်ခန်းများအပြင်တိုက်ပေါ်မှ သစ်ပင်ပေါ်သို့ ခုန်ကူးခန်းကဲ့သို့ စတန့်ခန်းများပါဝင်လေသည်။


စတန့်မင်းသားခေတ်တွင် စတန့်မင်းသားတင်ဖေနှင့် စတန့်မင်းသားတင်ငွေတို့သည်လည်း နာမည်ကြီးကြသည်။ သူတို့နှစ်ဦးစလုံးသည် ဒုတိယကမ္ဘာစစ်ကြီး မြန်မာနိုင်ငံအတွင်း ကူးစက်လောင်ကျွမ်းချိန် ဗမာ့ လွတ်လပ်ရေးတပ်မတော် BIA သို့ဝင်ရောက်ကာ အမှုထမ်းခဲ့ဖူးကြောင်း သိရသည်။ အထက်တွင်ဖော်ပြခဲ့သောစတန့်မင်းသားချစ်ဆွေကြီးသည်လည်း BIA တပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း သိရသည်။ ဤစတန့်မင်းသားပြခန်းပြကွက်သည် မြန်မာ့ရုပ်ရှင် ခေတ်ဦးတွင် မြန်မာဒါရိုက်တာကြီးများက ယခုခေတ် သည်းထိတ်ရင်ဖိုဇာတ်ကားများကဲ့သို့ ခေတ်ရှေ့ပြေးပြီး ရိုက်ကူးပြသနိုင်ခဲ့ကြောင်းကို မှတ်ကျောက် တင်လိုက် ခြင်းပင်ဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာ့ရုပ်ရှင်ပညာ ရှင်များ၏အစွမ်းကို ပြသလိုက်ခြင်းလည်းဖြစ်သည်။ လူအများ စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာများကို ရုပ်ရှင်ပညာ၊ မြန်မာလူမျိုးတို့ ပင်ကိုအစွမ်းသတ္တိတို့ နှင့်ပေါင်းစပ်ကာ မြန်မာ့ရုပ်ရှင်ခေတ်များကို အဆင့်ဆင့် တိုးတက်ပြောင်းလဲစေခဲ့သည်။


ထိုပြခန်းပြကွက်၌ မြန်မာ့ရုပ်ရှင်ခေတ်ဦးက ဒါရိုက်တာနှင့် သရုပ်ဆောင်များ၏ ဝတ်စားဆင်ယင် မှုကိုလည်း တွေ့နိုင်သည်။ မင်းသားကြီးဦးညီပု၊ ဒါရိုက်တာ ဦးဘရှင်တို့ကို ခေါင်းပေါင်းစတလူလူနှင့် တွေ့ရသည်။ အမည်နာမအားဖြင့်လည်း ဘရှင်၊ ဘဇင်၊ ဘသင်၊ ဘကလေး စသည်ဖြင့် မြန်မာနာမည်များတွင် “ဘ”တစ်ခေတ်ထခဲ့သည်။


သရုပ်ဆောင်မင်းသားများတွင်လည်း ခင်မောင်ရင်၊ ခင်မောင်ထွန်း၊ မောင်တင်မောင်၊ အေဝမ်း ညွန့်မောင်၊ မောင်မောင်ခင်၊ ပြည်လှဖေ၊ အေးကို၊ အေးကြူ၊ ကျော်ညွန့်၊ ကျော်အေး စသည့် ရိုးစင်းသောနာမည်များ ကိုတွေ့ရသည်။ သရုပ်ဆောင်မင်းသားများ၏ ဝတ်စား ဆင်ယင်ပုံမှာလည်း ရိုးရှင်းလှသည်။ ဆံပင်ကို ဆီအပြည့် လိမ်းထားပြီး ကြော့နေအောင်ဖီးထားသည်။ စတစ်ကော်လံအင်္ကျီနှင့် တိုက်ပုံကိုအမြဲလိုလို ဝတ်ဆင်ကြသည်။ အမျိုးသမီးသရုပ်ဆောင်များ၏ နာမည်များမှာလည်း မေရှင်၊ မေမြင့်၊မေနွဲ့၊ မေသန်း၊မေနု၊ မေချစ် စသည်ဖြင့် မြန်မာအမျိုးသမီးနာမည်များတွင် “မေ” တစ်ခေတ်ဆန်းခဲ့သည်။ ထို့အတူ ခင်မြရင်၊ ခင်မေရီ၊ ခင်မေကြည်၊ ခင်ခင်ရီ၊ ခင်နှင်းရီ စသည်ဖြင့် “ခင်” တစ်ခေတ်ဖြစ်ခဲ့သည်။


ဤသို့ဖြင့် မြန်မာ့ရုပ်ရှင်သမိုင်းသည် ရုပ်ရှင် လောကတစ်ခုတည်းနှင့်သာ သက်ဆိုင်ခြင်း မဟုတ်ဘဲ မြန်မာတစ်မျိုးသားလုံး၏ လူနေမှုစရိုက်ဟန်ပန်အမူ အရာများကိုပါ ထင်ဟပ်ဖော်ပြနေပါသည်။ မြန်မာ လူမျိုးများ၏ ရိုးသားမှု၊ကြိုးစားမှု၊ လုံ့လဝီရိယရှိမှုတို့ကို မြန်မာ့ရုပ်ရှင်သမိုင်းမှတ်တမ်းများက အထင်အရှား ဖော်ပြနေခြင်းလည်းဖြစ်ပါသည်။ ထိုခေတ်ထိုအခါက မျိုးချစ်စိတ်ပြင်းထန်သော ရုပ်ရှင်ဒါရိုက်တာကြီးများ၊ သရုပ်ဆောင် မင်းသားမင်းသမီးများသည် စစ်ကြိုခေတ်၊ စစ်အတွင်းကာလနှင့် စစ်ပြီးခေတ် မြန်မာနိုင်ငံ၏အခြေ အနေများကို ရုပ်ရှင်ဇာတ်ကားများအဖြစ် ဖန်တီးထုတ် လုပ်ပြီး ပိတ်ကားများပေါ် အရောက်ပို့ပေးနိုင်ခဲ့ခြင်းမှာ ရုပ်ရှင်ခေတ်ဦး၏ ထူးခြားသော သမိုင်းမော်ကွန်းပင် ဖြစ်ရာ ငွေရတု၊ ရွှေရတု၊ စိန်ရတုမှသည် ရာပြည့်ပေါင်း များစွာတိုင် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်သော ရုပ်ရှင်များ ဆက်လက်ထွက်ပေါ်နိုင်ပါစေကြောင်း။ ။

မြင့်မောင်စိုး