ရန်ကုန် မတ် ၁၅
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အင်းလျားလိတ်ဟိုတယ်၌ မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအသင်းနှင့် မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လတ်တလောကြုံတွေ့နေရသည့် CoVID-19 ရောဂါကြောင့် ခရီးသွားလုပ်ငန်းတုံ့ဆိုင်းနေသော ကာလတွင် ခရီးသွားလုပ်ငန်းနယ်ပယ်ရှိ အလုပ်သမားများ (အခြေခံ ပို့ဆောင်ရေးအလုပ်သမားများ) ကို လိုအပ်သည့် လုပ်ငန်း ကျွမ်းကျင်မှုသင်တန်းများ ပို့ချနိုင်ရေး၊ COVID-19 ရောဂါ ကြုံတွေ့နေရသည့် ကာလနှင့် ကာလအလွန်တွင် ဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် ဒလမြို့နယ် အမက(၇)၌ ဒလမြို့နယ်အတွင်း နိုင်ငံခြားသားဧည့်သည်များကို ဝန်ဆောင်မှုပေးနေသော အနှေးယာဉ်လုပ်သားများအား တွေ့ဆုံပြီး လုပ်သားများ တွေ့ကြုံနေရသည့် အခက်အခဲများ၊ ဝန်ကြီးဌာနမှကူညီပေးနိုင်မည့် ကိစ္စရပ်များ၊ နိုင်ငံခြားသားဧည့်သည်များကို ဝန်ဆောင်မှုပေးရာတွင် စနစ်တကျ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် သင်တန်းဖွင့်လှစ် ပေးသွားမည့် အစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
သတင်းစဉ်