Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက် နေ့ကျင်းပ

နေပြည်တော် မတ် ၁၆

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၃) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၆၅၄ ဦးရှိသည့်အနက် ၆၃၀ ဦးတက်ရောက်ပြီး ၂၄ ဦး ခွင့်တိုင်ကြားသည်။

အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA)ထံမှ ဂျပန်ယန်း ၇ ဒသမ ၃၃၉ ဘီလီယံ ချေးငွေရယူ နိုင်ရေး ကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေး နှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း သန်လျင်မြို့၊ ကျောက်တန်းမြို့နှင့် သီလဝါစက်မှုဇုန်များကို ဓာတ်အားပေး နိုင်ရေးအတွက် JICA ချေငွေဖြင့်  ၂၅ မဂ္ဂါဝပ် Gas Turbine ဓာတ်အား ပေးစက် (၂)လုံးကို ၂၀၁၅ ခုနှစ်တွင် သီလဝါ စက်မှုဇုန်အနီးတွင် တည်ဆောက်ပေးခဲ့ပြီး  ၂၀၁၇ ခုနှစ်တွင် စီးပွားဖြစ် ဓာတ်အားထုတ်ပေးခဲ့ပါကြောင်း၊ အဆိုပါ Gas Turbine (၂)လုံးမှ ထုတ်လွှတ်သော စွန့်ပစ်အပူ တို့ကို ဘွိုင်လာ (၂) လုံးတည်ဆောက်၍ ရေနွေးငွေ့ထုတ်လုပ်ပြီး ၂၅ မဂ္ဂါဝပ် ထုတ်လုပ်ပေး နိုင်သည့် ရေနွေးငွေ့ တာဘိုင်စက် (၁)လုံးကို သီလဝါစက်ရုံအနီးတွင် တိုးချဲ့တပ်ဆင် ဓာတ်အား ထုတ်ပေးရန်အတွက်  JICA ODA ချေးငွေ ရယူဆောင်ရွက်လိုခြင်း ဖြစ်ပါကြောင်း၊ ချေးငွေဆိုင်ရာ အချက်အလက်များအနေဖြင့် အတိုးနှုန်း ၀ ဒသမ ၀၁ ရခိုင်နှုန်း၊ ဆိုင်းငံ့ကာလ (၁၀)နှစ်၊ ပြန်ဆပ်ကာလ နှစ်(၃၀) ဖြင့် ချေးငွေ သက်တမ်း စုစုပေါင်း နှစ် (၄၀)ဖြစ်ပါကြောင်း။

ထို့ကြောင့် သီလဝါစက်မှုဇုန်တွင် တည်ဆောက်ထားပြီးသည့် ၅၀ မဂ္ဂါဝပ် သဘာ၀ ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ Gas Turbine များမှ စွန့်လွှတ်လိုက်သည့် အပူကို ဘွိုင်လာ တည်ဆောက်ပြီး ၂၅ မဂ္ဂါဝပ် ထပ်မံ ထွက်ရှိရန်အတွက် Combined Cycle စီမံကိန်းကို JICA ချေးငွေဖြင့် ဆောင်ရွက်ပြီးစီးပါက နိုင်ငံတော် ဓာတ်အားစနစ် အတွင်းသို့ သဘာဝ ဓာတ်ငွေ့ ထပ်မံသုံးစွဲရန်မလိုအပ်ဘဲ ၂၅ မဂ္ဂါ ဝပ် ထပ်မံတိုးတက် ထွက်ရှိလာမည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါ ကြောင်း  ရှင်းလင်းပြောကြားသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက  ယခုချေးငွေစီမံကိန်းသည် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေနှင့်  ပြည်သူ့ ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေတို့နှင့် ညီညွှတ်မှုရှိပြီး  ၂၀၁၈ ခုနှစ်ကာလ လတ်ကြွေးမြီ စီမံခန့်ခွဲမှုမဟာ ဗျူဟာ၊ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးမှုအကူအညီများဆိုင်ရာ မူဝါဒများနှင့် လည်း ကိုက်ညီမှုရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) ၏ မဟာဗျူဟာ ၅ ဒသမ ၄ နှင့် ၅ ဒသမ ၅ပါ Action Plan  များနှင့် လည်း ကိုက်ညီမှုရှိသည်ကို စိစစ် တွေ့ရှိရပါကြောင်း။

သို့ပါ၍ Infrastructure Development Project In Thailawa Area(Phase III) စီမံကိန်း ဆောင်ရွက်ရန် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency –JICA) ထံမှ ချေးငွေ ဂျပန်ယန်း ၇ ဒသမ ၃၃၉ ဘီလီယံ ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန် ဒေါ်လာ သန်း၁၀၀နှင့် ထောက်ပံ့ငွေ ဒေါ်လာ ၁၀ သန်း ရယူနိုင်ရေးကိစ္စ နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေး စိန်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြ ကြသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးအဖွဲ့ (IDA) ထံမှ အမေရိကန် ဒေါ်လာ ၃၅၀ သန်း ချေးငွေရယူနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းနှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း တည် ဆောက်ထား သည့် ဓာတ်အားပေးစက်ရုံ (၅)ရုံ ရှိပါကြောင်း၊ လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတနှင့် သီလဝါဓာတ်အားပေးစက်ရုံတို့ ဖြစ်ပါကြောင်း၊ ယင်းတို့ အနက် ရွာမ ဓာတ်အားပေးစက်ရုံသည် လှိုင်သာယာပင်မဓာတ်အားခွဲရုံကိုအဓိက ဓာတ်အားပို့ လွှတ်ထားပါကြောင်း၊ လှိုင်သာယာ ပင်မဓာတ်အားခွဲရုံမှတစ်ဆင့် လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ဗန်းစက်မှုဇုံ၊ ရွှေပြည်သာ စက်မှုဇုံနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ဆက်လက် ဓာတ်အားပို့လွှတ်ထားသည့်အတွက် အရေးကြီးသော ဓာတ်အားပေးစက်ရုံ(၁) ရုံ ဖြစ်ပါကြောင်း။

ရွာမဓာတ်အားပေးစက်ရုံတွင် နှစ်ကာလကြာရှည်စွာ အသုံးပြုခဲ့ခြင်းကြောင့်  စက်စွမ်းရည် ကျဆင်းပြီး စီးပွားရေး တွက်ခြေမကိုက်တော့သည့် John Brown Gas Turbine ဓာတ်အားပေးစက်(၂)လုံးနှင့် H – 25 Hitachi Combined Cycle CCGT တို့ကို ဖျက်သိမ်းပြီး စွမ်းဆောင်ရည် မြင့်မားသည့် ဓာတ်အားပေးစက်များနှင့် အစားထိုးတည်ဆောက် လိုခြင်းဖြစ်ပါကြောင်း၊  မဟာဓာတ်အားလိုင်းစနစ်အတွင်း အချို့ပင်မဓာတ်အားခွဲရုံများတွင်ရှိသည့် ထရန်စဖော်မာများသည် ဝန်အား ပြည့်၀နေပြီ ဖြစ်သည့်အတွက် မူလတပ်ဆင်အင်အားထက် ပိုမိုကြီးမားသော ထရန်စဖော်မာများဖြင့် အစားထိုးလဲလှယ်လိုခြင်းအတွက် ဆောင်ရွက်ရန် ဖြစ်ပါ ကြောင်း၊ ထို့ပြင် ဓာတ်အားစနစ်အတွင်းရှိ ပင်မဓာတ်အားခွဲရုံများ ချို့ယွင်းပျက်စီးပြီး အကြီးစားပြုပြင်ထိန်းသိမ်းမှုများ ဆောင်ရွက်သည့်အခါတွင် ယာယီအစားထိုး ဆောင်ရွက်နိုင် ရန် Mobile Substation  များကို ဝယ်ယူဆောင်ရွက်ရန် ဖြစ်ပါကြောင်း။

ချေးငွေအနေဖြင့် ကမ္ဘာ့ဘဏ်ချေးငွေဖြစ်ပါကြောင်း၊ စီမံကိန်းကာလသည် ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ ဖြစ်ပါ ကြောင်း၊ အတိုးနှုန်းအနေဖြင့် ၁ ဒသမ ၂၅ ရာခိုင် နှုန်း၊ ဝန်ဆောင်မှုစရိတ်အနေဖြင့် ၀ ဒသမ ၇၅ ရာခိုင်နှုန်း၊ ဆိုင်းငံ့ ကာလ ၅ နှစ်နှင့် ပြန်ဆပ်ကာလ ၂၅ နှစ်ဖြစ်ပါကြောင်း၊ စီမံကိန်းပြီးစီးပါက ရန်ကုန် တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးအတွင်း လျှပ်စစ်ဓာတ် အားပိုမိုသုံးစွဲလာနိုင်ပြီး ဓာတ်အားစနစ် တည်ငြိမ်စွာဖြန့်ဖြူး ပေးနိုင်ခြင်းအကျိုး ကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ ချေးငွေစီမံကိန်းသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာဥပဒေနှင့် ပြည်သူ့ ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေတို့နှင့် ကိုက်ညီမှုရှိပြီး ၂၀၁၈ ခုနှစ်  ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှုမဟာ ဗျူဟာနှင့် ဖွံ့ဖြိုးမှုအကူအညီများဆိုင်ရာ မူဝါဒများနှင့်လည်း  ကိုက်ညီမှု ရှိပါကြောင်း၊  မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀)၏ မဟာဗျူဟာ ၅ ဒသမ ၄ နှင့် ၅ ဒသမ ၅ Action Plan များနှင့် လည်း ကိုက်ညီမှု ရှိသည်ကို စိစစ်တွေ့ရှိပါကြောင်း။

သို့ပါ၍ ရွာမဓာတ်အားပေးစက်ရုံတွင် Combined Cycle Gas Turbine အသစ် တည်ဆောက်ခြင်းနှင့် ဓာတ်အားပို့လွှတ်မှုစနစ်အတွင်းရှိ ပင်မဓာတ်အားခွဲရုံများ၏ တပ်ဆင့်အင်အားတိုးခြင်း၊ အဆင့်မြှင့်တင်ခြင်း လုပ်ငန်း များ ဆောင်ရွက်ရန် ကမ္ဘာ့ ဘဏ်၏ (IDA -18) အစီအစဉ်ထံမှ ချေးငွေအမေရိကန်ဒေါ်လာ ၃၅၀ သန်း ရယူနိုင်ရေး ကိစ္စကို ပြည်ထောင်စုလွှတ်တော် က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြား သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းချေးငွေနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်း နိုင်ကြောင်း ကြေညာသည်။

ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူ ကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မ ခွဲ ၁၅ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ်(၁)နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံး အဖြတ် ရယူခြင်း အစီအစဉ်ကို ဆောင်ရွက်သည်။

ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အတည်ပြုမည့် ဆန္ဒမဲလက်မှတ်များကို ရေတွက် အပ်နှံသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ညွှန်ကြားရေးမှူးချုပ် ယူ ဆောင်လာသည့် ဆန္ဒမဲလက်မှတ် အရေအတွက် ၆၅၅ စောင် ဖြစ်ပါကြောင်း၊ ယနေ့တက် ရောက်သည့် ကိုယ်စားလှယ် ၆၃၀  ဦးဖြစ်သည့်အတွက် အပိုဆန္ဒမဲ လက်မှတ်  ၂၅ စောင် ကို မိမိထံတွင် ထားရှိမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့တို့က တာဝန်ပေးထားသည့် အကန့် အလိုက် နေရာယူကြသည်။

ထို့နောက် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားရေးမှူးချုပ်ထံမှ လာရောက် ထုတ်ယူပြီး အကန့်အလိုက် တာဝန်ပေးထား သည့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့ထံသို့ အစည်းအဝေးတက်ရောက်မှု အင်အား အတိုင်း ခွဲဝေပေးသည်။

ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ် တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များက သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးကြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲ ပေးသည်။

ဆက်လက်၍ ဆန္ဒမဲပေးမှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာ တာဝန်ခံများက ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ်စား လှယ်များ၏ ရှေ့မှောက်တွင် ဖွင့်လှစ်၍ ထုတ်ပေး ထားသည့် ဆန္ဒမဲလက်မှတ် အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူ ရရှိသည့်ဆန္ဒမဲ လက်မှတ်အရေအတွက် အခြေအနေကို စစ်ဆေးရေတွက်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်များ ထံ ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် ၆၃၀ စောင်ဖြစ်ပြီး ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်သည် လည်း ၆၃၀ စောင်ဖြစ်သည့် အတွက် ကိုက်ညီမှု ရှိကြောင်းနှင့် ဆန္ဒမဲပေးမှု အထ မြောက်ကြောင်း ကြေညာသည်။

ယင်းနောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ရလဒ်ရေတွက်မှုကို ဝန်ထမ်းအဖွဲ့ (၈)ဖွဲ့ဖြင့် သတ်မှတ်နေရာအသီးသီး၌ တစ်ပြိုင်တည်း ရေတွက်ကြရာ  နိုင်ငံရေးပါတီ အစုအဖွဲ့ အလိုက် အမည်စာရင်းပေးထားသည့် လွှတ်တော်ကိုယ်စား လှယ်များက သတ်မှတ်အဖွဲ့နေရာများ၌ ကြီးကြပ် စောင့်ကြည့်ကြသည်။

ဆက်လက်၍ အဖွဲ့(၈)ဖွဲ့ခွဲ၍ အသေးစိတ်စိစစ်ရေတွက်မှု ပြီးမြောက်ပြီးနောက် သက်ဆိုင်ရာရုံးအဖွဲ့နှင့် နိုင်ငံရေး ပါတီ အစုအဖွဲ့အလိုက် ကိုယ်စားလှယ်(၅)ဦးပါဝင် သည့် အဖွဲ့က ကြီးကြပ်ပြီး စာရင်းချုပ်နှင့် ထောက်ခံဆန္ဒမဲအရေအတွက် ရာခိုင်နှုန်း တွက်ချက်မှု တို့ကို ဆက်လက်ဆောင်ရွက်သည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယနေ့လွှတ်တော်၏ အဆုံးအဖြတ်ရယူသည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ထောက်ခံဆန္ဒမဲ ရရှိမှုအရေအတွက် ၇၅ ရာခိုင် နှုန်းကျော် ရ၊ မရ နှင့် လွှတ်တော်၏ အဆုံးအဖြတ်အတည်ပြုချက်ကို ကြေညာရာတွင် ပုဒ်မ ၁၁၅ ပုဒ်မခွဲ(ခ) ပယ်ဖျက်မှုအတွက်  ထောက်ခံဆန္ဒမဲ ၄၁၂ မဲ ဖြစ်ပြီး ထောက် ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၁၂၁ ပုဒ်မခွဲ(ဋ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၁၂၄ ပုဒ်မခွဲ(က) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၁၂၄ ပုဒ်မခွဲ(ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၆ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၁၄၇ ပုဒ်မခွဲ(ခ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း။

ပုဒ်မ ၁၇၂ ပုဒ်မခွဲ(က) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၅ မဲဖြစ်ပြီး ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၁၇၂ ပုဒ်မခွဲ(ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၁၈၈ ပြင်ဆင်မှု အတွက်ထောက်ခံ ဆန္ဒမဲ ၄၁၇ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်း ဖြစ်ပါ ကြောင်း၊ ပုဒ်မ ၁၉၆ ပြင်ဆင်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမ ကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၁၉၈ ပုဒ်မခွဲ(ခ) ပြင်ဆင်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၁၄ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း။

ပုဒ်မ ၁၉၈ ပုဒ်မခွဲ(ဃ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမ ကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၀၄ ပုဒ်မခွဲ(ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၃ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၂၅ ပြင်ဆင်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၁၅ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါ ကြောင်း၊ ပုဒ်မ ၂၂၆ ပုဒ်မခွဲ(က) ပြင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၅ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမ ကျော်သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း၊ ပုဒ်မ ၂၂၆ ပုဒ်မခွဲ(ခ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၁၆ မဲဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ပါကြောင်း ကြေညာသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ) တွင် အကျုံးဝင်သည့် ဆန္ဒမဲလက်မှတ် (၁)နှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၏ အဆုံး အဖြတ်ရယူခြင်း အစီအစဉ် ပြီးဆုံးပြီ ဖြစ်ပါကြောင်း၊ ဆက်လက်၍ ဆန္ဒမဲလက်မှတ်(၂)နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို ၂၀၂၀ ပြည့်နှစ် မတ် ၁၇ ရက် အင်္ဂါနေ့တွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်း အဝေး (၂၄) ရက်မြောက်နေ့ကို မတ် ၁၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ရဲသွင်၊ အေးအေးသန့်

ဓာတ်ပုံ - စိုးဝင်းထွန်း