Skip to main content

ဒီးမော့ဆိုမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက် ဖြေဆိုနေသော ကျောင်းသား ကျောင်းသူ များအား ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေး

ဒီးမော့ဆို       မတ်    ၁၇

ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့်အတူ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ဖြစ်သော လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မြင့်ဝေ၊ ဗမာတိုင်းရင်းသား လူမျိုး ရေးရာ ဝန်ကြီး ဦးလှမျိုးဆွေ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့ နံနက် ၉ နာရီခွဲက ဒီးမော့ဆိုမြို့နယ်ရှိ စာစစ် ဌာနများတွင် ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ရူပဗေဒ ဘာသာရပ် ဝင်ရောက် ဖြေဆို နေမှုအား ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် တာဝန်ရှိသူများသည် ဒီးမော့ဆိုမြို့နယ်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ငွေတောင်) စာစစ်ဌာန၊ အခြေခံပညာ အထက် တန်း ကျောင်းခွဲ (ဒေါတမငယ်) စာစစ်ဌာနနှင့် အခြေခံပညာအထက်တန်းကျောင်း(ဒီးမော့ဆို) စာစစ်ဌာန တို့တွင် ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ရူပဗေဒဘာသာရပ် ဝင်ရောက် ဖြေဆို​နေမှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြင်ပမှ ဝင်ရောက်ဖြေဆိုနေသော ကျောင်းသူ တစ်ဦးအား ကြည့်ရှု အားပေးကာ ဆေးရုံအတွင်း ဆေးဝါးကုသမှုခံယူနေသော လူနာများအား ရင်းရင်းနှီးနှီး အားပေး စကား ပြောကြားသည်။ ထို့နောက် လူနာ(၁၉)ဦးအတွက် တစ်ဦးလျှင် အာဟာရ ထောက်ပံ့ငွေ နှစ်သောင်းကျပ် ပေးအပ်ပြီး ကျန်းမာရေးဝန်ထမ်းများအတွက်  ငွေကျပ် နှစ်သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်တွင် စာစစ်ဌာန ငါးခု၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုလျက်ရှိပြီး ရူပဗေဒ ဘာသာရပ်တွင် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၆၉ ဦး ဝင်ရောက်ဖြေဆို လျက်ရှိ ကြောင်း သိရသည်။

ရီရယ်(ဒီးမော့ဆို)