Skip to main content

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး (၃၆/၂၀၂၀) ကျင်းပ

(၁၇-၃-၂၀၂၀ ရက်နေ့၊ နံနက် ၉:၀၀ နာရီ)

နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၇) ရက်

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက် (၉) နာရီတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ ကျင်းပခဲ့သည့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၆/၂၀၂၀) သို့ တက်ရောက်ခဲ့ပါသည်။

 

ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက‌ ပြောကြားရာတွင် -

• ယခုကဲ့သို့ ကမ္ဘာ့နိုင်ငံများတွင် COVID-19 ရောဂါပျံ့နှံ့ကူးစက်မှု အရှိန်အဟုန်မြှင့် များပြားနေသည့် ကာလအတွင်း မိမိတို့နိုင်ငံတွင်းသို့ အဆိုပါနိုင်ငံများမှ ဝင်ရောက်လာသော ခရီးသည်များအား အထူး အားထည့်၍ ရောဂါဖြစ်ပွားသူ ရှာဖွေခြင်းကိုလည်းကောင်း၊ ဝင်ရောက်လာသည့်အရေအတွက် နည်းနိုင် သမျှ နည်းပါးရမည် ဟူသော ခံယူချက်ဖြင့် မိမိတို့သည် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့်အပြင် ဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသား အကောင်အထည် ဖော်ရမည် ဖြစ်ပါကြောင်း၊

• ကမ္ဘာအရပ်ရပ်ရှိ COVID-19 ရောဂါဖြစ်ပွားသောနိုင်ငံများ၌ ရောဂါကာကွယ်ထိန်းချုပ်သည့် လုပ်ငန်း နည်းဗျူဟာများကို သုံးသပ်ကြည့်ရာ ၎င်းနိုင်ငံများ၌ လေယာဉ်ခရီးစဉ်များ ပိတ်ပင်ခြင်း၊ လျှော့ချခြင်း၊ မြို့များ၌ အဝင်၊ အထွက် ပိတ်ပင်ခြင်း၊ ကျောင်းများ ပိတ်ပင်ခြင်း၊ မရှိမဖြစ်ဆိုင်များမှလွဲ၍ အခြားဆိုင်များ ပိတ်ပင်ခြင်းနှင့် လူစုလူဝေးများ မလုပ်ရန် ပိတ်ပင်ခြင်းတို့ကိုလည်းကောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာနိုင်ငံတစ်ခုမှ ဦးစီးကျင်းပသည့် နိုင်ငံတကာမှ ကိုယ်စားလှယ်များစွာ တက်ရောက်မည့် အစည်းအဝေးများ၊ ညီလာခံများ ပိတ်ပင်ခြင်းများကို လည်းကောင်း ပြတ်ပြတ် သားသား လုပ်ဆောင်နေသည်များကို တွေ့ရှိရပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့်လည်း ဖြစ်ပေါ်လာမည့် အခြေအနေပေါ် မူတည်၍ လိုအပ်လျှင် လိုအပ်သလိုဆောင်ရွက်နိုင်ရန်အတွက် ဝန်ကြီးဌာနမှ ဗဟိုကော်မတီသို့ အကြံပြုတင်ပြဆောင်ရွက်မည် ဖြစ်ပါကြောင်း၊

• မိမိတို့နိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားသူ မတွေ့ရှိရသေးသော ရောဂါကာကွယ်ထိန်းချုပ်နိုင်မည့် အခွင့်အလမ်း ပြတင်းပေါက်ဖွင့်ချိန်ကာလ (window of opportunity) (၂) လခွဲခန့်အတွင်း ထိရောက်စွာ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ဤအခွင့်အလမ်း ပြတင်းပေါက်ဖွင့်ချိန်ကာလသည် အချိန်မရွေး ပိတ်သွား နိုင်သည်ဖြစ်၍ ဆေးရုံပိုင်းဆိုင်ရာ ပြင်ဆင်မှုလုပ်ငန်းများ၊ ပြည်သူများအား ဤရောဂါနှင့်ပတ်သက်၍ အသိပေးခြင်းများ၊ ပြည်သူများကိုယ်တိုင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများပေးအပ်ခြင်း စသည်များကို အဖက်ဖက်မှ အအဆင်သင့်ဖြစ်စေရေးကို ယခု ထက်ပိုမိုအားထုတ် ဆောင်ရွက်ပါက ရေရှည်တွင် များစွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊

• မိမိတို့သည် ယခုအခါ video conferencing ဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်နေသဖြင့် လုပ်ငန်းများ ပိုမိုလျင်မြန်စွာ ပြီးစီးမည့်အပြင် လုပ်ဆောင်ထားရှိမှု အခြေအနေများ ထိရောက်မှု ရှိ၊ မရှိကိုအချိန်နှင့် တစ်ပြေးညီ ဆန်းစစ်သုံးသပ်နိုင်ပြီဖြစ်ပါကြောင်း၊

• ထိုသို့ video conferencing ပြုလုပ်ခြင်းဖြင့် ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်များမှ ကျန်းမာရေး ဝန်ထမ်းများအား ကျွမ်းကျင်မှုပိုင်းဆိုင်ရာ အသိပညာများဖလှယ်နိုင်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များ ရှိ ဆေးရုံများ၏ လိုအပ်ချက်များကို သိရှိပြီး ဖြည့်ဆည်းပေးနိုင်ခြင်း၊ ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားလျက် ရှိသော COVID-19 ရောဂါ ကူးစက်မှု၊ ပြန့်ပွားမှုပုံစံအခြေအနေများကို ကပ်ရောဂါဗေဒရှုထောင့်မှ သုံးသပ်ပြီး အသိပေးနိုင်ခြင်း အစရှိသည့် အကျိုးများကို ရရှိခြင်းဖြင့် ဤရောဂါကာကွယ် ထိန်းချုပ်မှု လုပ်ငန်းများ ပိုမိုထိရောက်မည်ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေးနှင့် ပတ်သက်၍ ပြည်သူများလိုက်နာ ကျင့်သုံးသင့်သည့် မှတ်သားရလွယ်ကူမည့်အချက်များကို ပြန်လည်စုစည်း ထုတ်ပြန်ပေး ရမည်ဖြစ်ပါကြောင်း၊

• COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများပိုမိုသိရှိနားလည် သဘောပေါက်စေရန် ဤရောဂါနှင့် ပတ်သက်သည့် အမေးများသည့် မေးခွန်းများနှင့် အဖြေများ (Frequently Asked Questions) အား ပြန်လည် မွမ်းမံထုတ်ပြန် မည်ပါကြောင်း၊

• မြန်မာနိုင်ငံအတွင်းရှိသော အကျဉ်းထောင်များမှ အကျဉ်းသားများအပြင် တိုက်ပွဲများဖြစ်ပွား နေဆဲ ရှိသည့် ဒေသများမှ တိုက်ပွဲရှောင်ဒုက္ခသည်စခန်များမှ နေထိုင်သူများကိုပါ COVID-19 ရောဂါနှင့် ပတ်သက်၍ ကျန်းမာရေး အသိပညာပေးနိုင်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရေးတို့အတွက် လုပ်ငန်းလမ်းညွှန်ချက်များကို ပြုစု၍ သက်ဆိုင်ရာဝန်ကြီးဌာနသို့ အမြန်ဆုံးပေးပို့ရမည်ဖြစ်ပါကြောင်း၊

• ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေး မတက်ရောက်မီတွင် Non-contact thermometer များဖြင့် နေ့စဉ် ကိုယ်အပူချိန် စစ်ဆေးနိုင်ခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး စစ်ဆေးခြင်းများကို ယခုအချိန်ကာလ၌ ပိုမိုအားထည့် ဆောင်ရွက်စေလိုပါကြောင်း၊

• ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဖွင့်လှစ်မည့် သင်တန်းများ၊ လူများစွာတက်ရောက်မည့် အစည်းအဝေးကြီးများနှင့် ညီလာခံများအား တတ်နိုင်သမျှ လျှော့ချနိုင်ရေး (သို့မဟုတ်) ခေတ္တရပ်ဆိုင်း ရေး (သို့မဟုတ်) tele conferencing (သို့မဟုတ်) video conferencing အသုံးပြုဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း၊

• ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လက်ရှိအခြေအနေတွင် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အထူးဦးစားပေး၍ တင်းကျပ်စွာဖြင့် လုပ်ဆောင်နေခြင်းခြင်းမှာ ပြည်သူတစ်ဦး တစ်ယောက်မျှ ရောဂါကူးစက်မဖြစ်ပွားစေရေးနှင့် အသက်ဆုံးရှံးမှု မရှိစေရေးတို့အတွက် ဖြစ်ပါကြောင်း၊

• ဤရောဂါ အောင်မြင်စွာ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဓိကအရေးကြီးသည့် အချက်ဖြစ်သည့် ပြည်သူများကိုယ်တိုင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းမှုကို ဆောင်ရွက်စေလိုပါကြောင်း၊

• ထိုင်း၊ စင်ကာပူနှင့် မလေးရှားနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ အများအပြားသည် မဟာသင်္ကြန်ကာလအတွင်း ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်လာမည့် ကိစ္စရပ် များနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်း၍ လုပ်ဆောင်သင့်သည်များကို ကြိုတင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဤကိစ္စရပ်သည် နိုင်ငံအတွက် အထူးအရေးကြီးသည့် ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကိစ္စရပ်တစ်ရပ်ဖြစ်ပါကြောင်း၊

• ထိုသို့ပြန်လည်ဝင်ရောက်လာမည့်သူများအနေဖြင့် မိမိတို့၏ နေအိမ်တွင် တတ်နိုင်သမျှ နေထိုင်ရန်၊ သံသယ ရောဂါလက္ခဏာများ ပေါ်ပေါက်လာပါက အနီးဆုံးကျန်းမာရေးဌာနသို့ ချက်ချင်း အကြောင်း ကြားရန် စသည့်အချက်တို့အား တင်းကျပ်စွာ လိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်မှုများ ပြုလုပ် နိုင်ရန် ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုများအတွက် လက်ကမ်းစာစောင်များကို အဆင်သင့် ပြုစုထားမည် ဖြစ်ပါကြောင်း၊

• ရွှေတိဂုံစေတီတော်ကြီးအပါအဝင် လူအများလာရောက်သည့် စေတီဘုရားများတွင် ရောဂါကူးစက် ဖြစ်ပွားခြင်းမှာ ကာကွယ်နိုင်ရန် Thermal Scanner များ၊ Non-contact thermometer များ၊ ဆပ်ပြာ နှင့် လက်ဆေးနိုင်သည့် နေရာများ၊ အရက်ပြန် အနည်းဆုံး (၆၀) ရာခိုင်နှုန်း ပါဝင်သည့် လက်သန့်စင် ဆေးရည် (Hand Sanitizer) များအား သက်ဆိုင်ရာ စေတီဘုရားဂေါပက အဖွဲ့များမှ ဝယ်ယူအသုံးပြု နိုင်ရေးအတွက် သာသနာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနမှ ဝယ်ယူထားသည်နှင့် လှူဒါန်းလက်ခံရရှိသည့် ဆေးနှင့် ဆေးပစ္စည်းကိရိယာများကို COVID-19 လူနာတွေ့ရှိပါက ထားရှိကုသရန် သတ်မှတ်ထားသော ဆေးရုံများနှင့် ရောဂါထိန်းချုပ် ကုသရေးအတွက် အချက်အခြာကျသော ဦးစားပေးနေရာများကို ဖြည့်ဆည်းမှုများသည် အရေးကြီး ပါကြောင်း ပြောကြားခဲ့ပြီး (၁၂-၃-၂၀၂၀) ရက်နေ့တွင် ကျင်းပခဲ့သော ဗဟိုကော်မတီအစည်းအဝေး၏ ဆုံးဖြတ်ချက်များမှ ဝန်ကြီးဌာနမှ ဆောင်ရွက်ရန် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးတွင် -

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါနှင့်ပတ်သက်သည့် နောက်ဆုံးအချက်အလက် (Daily Update Situation) များ၊

• တရုတ်ပြည်သူ့သမ္မတနိုင်ငံအတွင်းတွင် COVID-19 ရောဂါဖြစ်ပွား/ သေဆုံးမှုများ ကျဆင်း လာပြီ ဖြစ်သော်လည်း အခြားသောနိုင်ငံများတွင် ဖြစ်ပွား/သေဆုံးမှုများ မြှင့်တက်လျက်ရှိသည့် အခြေအနေ များ၊

• ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်း ရောဂါကူးစက်ပြန့်ပွားမှု (Local transmission) ဖြစ်ပွားနေသည့် နိုင်ငံများနှင့် ရောဂါကူးစက်ပြန့်ပွားမှု အခြေအနေများအား ကပ်ရောဂါ ဗေဒရှုထောင့်မှ သုံးသပ်ချက် (Epidemiological Analysis) အချက်အလက်များ၊

• တိုင်းဒေသကြီး/ ပြည်နယ်များရှိ ညွှန်းပို့ဆေးရုံများနှင့် အခြားသောဆေးရုံများမှ စောင့်ကြည့်လူနာများ အခြေအနေများ၊ ဓာတ်ခွဲစစ်ဆေးထားသည့် အခြေအနေများနှင့် အဖြေများ၊ ထူးခြားဖြစ်စဉ်များ၊

• အပြည်ပြည်ဆိုင်ရာ လေဆိပ်/ရေဆိပ်များနှင့် နယ်စပ် ဝင်ပေါက်/ ထွက်ပေါက် များမှ နေ့စဉ် ဝင်/ထွက်သွားလာနေသည့်အခြေအနေများနှင့် ထူးခြားဖြစ်စဉ်များ၊

• တောင်ဥက္ကလာပအမျိုးသမီးနှင့် ကလေးဆေးရုံကြီးနှင့် လှည်းကူးပြည်သူ့ကျန်းမာရေး ကွင်းဆင်း သင်တန်းကျောင်းတို့ရှိ ဆောက်လုပ်ပြီး အသုံးမပြုရသေးသည့် အဆောက်အဦသစ်များ၌ အသွားအလာ ကန့်သတ်ခြင်း (Quarantine) ပြုလုပ်ထားရှိရန် လိုအပ်သည့် ပြင်ဆင်မွမ်းမံထားရှိမှု အခြေအနေများ၊ လိုအပ်နိုင်သည့် ဝန်ထမ်းအင်အား ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေ များ၊

• တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံများ နှင့်အခြားသော ပစ္စည်းများ အလျင်အမြန် ရရှိနိုင်ရေး အတွက် ထပ်မံဝယ်ယူရန်အတွက် ပြင်ဆင်ထားရှိမှုအခြေအနေများ စသည်တို့ကို ဆွေးနွေးတင်ပြ ခဲ့ကြပါသည်။

 

Ref; Ministry of Health and Sports, Myanmar