မေလ ၂၆ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိသည် ကျောင်းအပ်နှံရေး ရက်သတ္တပတ်ဖြစ်သည်။ နိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ်ကလေးတိုင်း၏ မိဘအုပ်ထိန်းသူများသည် ပူပန်ကြောင့်ကြမှု တစ်စုံတစ်ရာမရှိဘဲ စိတ်ချမ်းမြေ့စွာဖြင့် မိမိတို့၏ ရင်သွေးများအား စတင်ကျောင်းအပ်နေကြပြီ။ ကျောင်းအပ်နှံရာတွင် ငွေကြေးတစ်စုံတစ်ရာ ကုန်ကျမှုမရှိသော်လည်း မိမိတို့တတ်နိုင်သလို လိုအပ်သမျှကို ဖြည့်ဆည်းပေးကြသည်။ မတတ်နိုင်လျှင်လည်း စိတ်ပျက်အားငယ်စရာမလိုပေ။ လိုရင်းမှာ ပညာတတ်မြောက်ရေးသာဖြစ်သည်။
မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးနေသောနိုင်ငံဖြစ်သည်။ ပြည်သူများလိုလားသည့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာစေရန်နှင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်သစ် ဖြစ်ပေါ်လာစေရန်အတွက် ပြည်သူအားလုံး ပညာသင်ကြားကြရန်လိုအပ်ပြီး အသိဉာဏ်ပညာများ ကိုယ်စီကိုယ်စီ အနည်းနှင့်အများရှိနေရန် လိုအပ်ပါသည်။ သင်ကြားတတ်မြောက်ထားသောပညာကို အခြေခံ၍ စဉ်းစားဆင်ခြင်ဆုံးဖြတ်နိုင်သည့် စွမ်းပကားများ အစဉ်တိုးတက်နေစေရန် ကြိုးစားအားထုတ်ကြရန် လိုအပ်ပါသည်။ ပညာရည်မြင့်မားတိုးတက်အောင် ကြိုးပမ်းအားထုတ်နိုင်ခြင်းဖြင့် တန်ဖိုးရှိသော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ထွန်းလာအောင် ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်ပါသည်။
အဓိကမှာ အခြေခံအားဖြင့် ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းနေကြရန်ဖြစ်ပြီး အတန်းပညာကို စွမ်းအားရှိသမျှ အတိုင်းအတာတစ်ခုအထိ ပြီးမြောက်အောင် ကြိုးပမ်းအားထုတ်ကြဖို့လိုပါသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းများအရ မြန်မာနိုင်ငံသားအားလုံး၏ သုံးပုံတစ်ပုံခန့်သည် အလယ်တန်းအဆင့် ပညာရေးသာ သင်ကြားနိုင်ခဲ့သည်ဟု သိရှိရပါသည်။ ဘဝအခြေအနေအကြောင်းကြောင်းကြောင့် ကျောင်းမနေရသောကလေးငယ်များနှင့် မူလတန်းပညာသာ သင်ယူနိုင်ခဲ့သော ကလေးများလည်းရှိပါသည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားတိုင်းအား KG + 9 (အလယ်တန်းအဆင့်)ပညာပြီးဆုံးသည်အထိ ပညာသင်ကြားနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
အကြောင်းအမျိုးမျိုးကြောင့် ပညာမပြီးဆုံးဘဲ ကင်းကွာသွားကြသူများရှိသော်လည်း နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားတိုင်းအား အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားတတ်မြောက်စေလိုသဖြင့် အစဉ်အမြဲ တိုက်တွန်းနှိုးဆော် အားပေးထောက်ပံ့ ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန် စတင်ယူသည့်အချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါကြောင့် ပိတ်ထားရသည့် စာသင်ကျောင်းများအားလုံးကို ပြန်လည်ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအကျပ်အတည်း အမှောင့်ပယောဂများကြားမှ ပညာသင်နှစ်တစ်ခု ပြီးဆုံးသွားအောင် ဆောင်ရွက်ပေးနိုင်ခဲ့သည်။
ပညာရေးသည် နိုင်ငံ၏အနာဂတ်အတွက်နှင့် ကျောင်းသား ကျောင်းသူများ၏ အနာဂတ်ဘဝ မြင့်မားတိုးတက်ရေးအတွက် မဖြစ်မနေဆောင်ရွက်ရမည့်တာဝန်ဖြစ်သည်။ ပညာသင်ကြားခြင်းကို ဆုံးခန်းတိုင်အောင် ဆောင်ရွက်ခြင်းမရှိလျှင်၊ ပညာသင်ကြားခြင်းကို ရပ်တန့်ထားလျှင်၊ ပညာသင်ကြားရန် ပျက်ကွက်နေလျှင် ကာယကံရှင် ကျောင်းသား ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများသာမက နိုင်ငံတော်အတွက်ပါ ဆုံးရှုံးနစ်နာမှုဖြစ်စေမည်ဖြစ်သည်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နိုင်သည့် လူသားအရင်းအမြစ်များ ပျက်ပြုန်းစေနိုင်သလို နိုင်ငံသားတစ်ဦးချင်းစီ၏ ဘဝမြင့်မားတိုးတက်ရေးတွင်လည်း မျှော်လင့်လိုလားမှုများ လျော့နည်းနေမည်ဖြစ်သည်။
လက်ရှိအခြေအနေတွင် ပညာသင်ကြားမှု ပျက်ကွက်ကြရာ၌ ဘဝအခြေအနေခက်အခဲ အကြောင်းအမျိုးမျိုးကြောင့် ပညာမသင်ကြားနိုင်သူများနှင့် နိုင်ငံရေးပယောဂ အနှောင့်အယှက်အဟန့်အတားများကြောင့် ပညာသင်ကြားမှုရပ်ဆိုင်းနေသည်ကို တွေ့ရသည်။ ဘဝအခက်အခဲကြောင့်ဖြစ်ပါလျှင် နိုင်ငံတော်က အတတ်နိုင်ဆုံး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပြီး နိုင်ငံရေးပယောဂကြောင့်ဖြစ်ပါမူ ပညာမသင်ကြားလျှင် ကာယကံရှင်များ၏ အနာဂတ်ဘဝနှင့် တိုင်းပြည်၏ အနာဂတ်ခရီးအတွက် ချို့ယွင်းအားနည်းချက်များ၊ လိုအပ်ချက်များသာဖြစ်နေမည်ကို သတိချပ်ရမည်ဖြစ်သည်။
သို့ဖြစ်ရာ ယခုရက်သတ္တပတ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မိမိတို့နေထိုင်ရာဒေသအလိုက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံကြပြီး ဇွန်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံတစ်ဝန်း ကျောင်းများအားလုံး ဖွင့်လှစ်သောအခါ ပျော်ပျော်ပါးပါး ကျောင်းတက် ကြစေလိုပါသည်။ ပညာသင်ကြားခြင်းဖြင့် မိမိတို့ဘဝအတွက်၊ နိုင်ငံတော်၏ အနာဂတ်အတွက်ဖြစ်ရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဆောင်ပုဒ် ဖြစ်သည့် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့”ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်