Skip to main content

ပဋိဇီဝဆေးယဉ်ပါးမှုနှင့် ကျန်းမာရေးပြဿနာများ

ပဋိဇီဝဆေးယဉ်ပါးခြင်းနှင့် အကြောင်းရင်းများ

 

ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသော ဗက်တီးရီးယားရောဂါပိုးမွှားများကို သေစေရန် သောက်သုံး ရသည့်ဆေးကို ပဋိဇီဝဆေး (Antibiotic) ဟုခေါ်သည်။ ထိုပဋိဇီဝဆေး များကို ဗက်တီးရီးယားပိုးများက ခံနိုင်ရည်ရှိပြီး ဆေးမတိုးတော့ခြင်းကို ပဋိဇီဝဆေး ယဉ်ပါးမှုဖြစ်ခြင်းဟု ခေါ်ပါသည်။ ပဋိဇီဝဆေး ယဉ်ပါးခြင်းကြောင့် ကူးစက်တတ်သောရောဂါများကို ကုသနိုင်စွမ်းများ လျော့နည်းသွားကြ ရသည်။

ပဋိဇီဝဆေးယဉ်ပါးမှုကို ဖြစ်စေနိုင်သော အကြောင်းရင်းများမှာ နေ့စဉ်စားသုံးနေကြသော အသားများ (ကြက်၊ ဝက်၊ ငါး၊ အမဲသား) တွင် ပဋိဇီဝဆေးများ ပါရှိနေခြင်း၊ ဟင်းသီးဟင်းရွက် အသီးအနှံတို့တွင် ပဋိဇီဝဆေးများ ပါရှိနေခြင်း စသည်တို့ကြောင့် ဖြစ်သည်။ ထို့အပြင် ပဋိဇီဝဆေးများကို လွတ်လပ်စွာ ရောင်းဝယ်နိုင်ခြင်း၊ ရပ်ကွက်ဆေးဆိုင်များ၊ ကွမ်းယာဆိုင်များတွင် အလွယ်တကူ ဝယ်ယူ ရရှိနိုင်ခြင်း၊ ဆရာဝန်ညွှန်ကြားချက်မပါဘဲ မိမိသဘောဆန္ဒနှင့် မိမိဝယ်ယူသောက်သုံး နေကြခြင်း အစရှိသည့် အခြေအနေ၊ အမူအကျင့်များသည် ဆေးယဉ်ပါးမှု ပြဿနာကို ပို၍ကြီးထွားစေပါသည်။ ရပ်ကွက် ဆေးဆိုင် အချို့သည် စပ်ဆေးများ ပြုလုပ်ရောင်းချနေခြင်း၊ ဆေးဝယ်လာသူများကို ဆရာဝန်ကဲ့သို့ ဆေးညွှန်းများပေးကာ သောက်ပုံ၊ သောက်နည်းများ ပြောပြနေကြခြင်း စသည်တို့သည် ပဋိဇီဝဆေး ယဉ်ပါးမှုအန္တရာယ်ကို ပို၍ကြီး ထွားစေသော သက်သေသာဓကများပင်ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာပြဿနာ

ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာသည် ယခုအခါ ဆင်းရဲချမ်းသာမရွေး၊ လူမျိုးတိုင်း၊ နိုင်ငံတိုင်းအတွက် လတ်တလော ရင်ဆိုင်ဖြေရှင်းရမည့် ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်သည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး၊ အစားအသောက် ဘေးကင်းရေးနှင့် ဖွံဖြိုးတိုးတက် ရေးတို့ကို ခြိမ်းခြောက်နေသော အဓိက အရာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဆေး ဘက်ဆိုင်ရာ ပညာရှင်များ၏ သုံးသပ်ချက် များအရ ယခုအချိန်တွင် တစ်ကမ္ဘာလုံး၌ ပဋိဇီဝဆေးမတိုးသော ရောဂါပိုးကြောင့် သေဆုံး မှုနှုန်းသည် ၂၀၁၆ ခုနှစ်တွင် ခုနစ်သိန်းခန့် ရှိခဲ့ပြီး ၂၀၅၀ ပြည့်နှစ်တွင် သိန်း ၁၀၀ အထိ မြင့်တက်လာနိုင်သည်ဟု ဆိုပါသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဆေးမတိုးသောရောဂါ ဖြစ်ပွားမှုနှုန်း ပို၍ မြင့်မားလာနိုင်သည်။ ကာကွယ်တိုက်ဖျက်ရေးအတွက် ပို၍ခက်ခဲနိုင်ပါသည်။ ထို့ကြောင့် အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူများ အတူတကွ ပူးပေါင်း ဆောင်ရွက်မှသာ ကာကွယ်တားဆီးနိုင်မည် ဖြစ်ပါသည်။

ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ သာမက အခြားနှီးနွှယ်ရာ ဌာနများ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ FAO နှင့် အခြား INGO၊ NGO များ၊ အစိုးရ၊ လွှတ်တော်နှင့် ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်း၍ One Health Approach ဖြင့် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် ပဋိဇီဝဆေးကို သောက်သုံးနေကြရသည့် လူနာများအနေဖြင့်လည်း ဆေးသောက်သုံးရာတွင် ဆရာဝန် ညွှန်ကြားချက်အတိုင်း တိကျစွာလိုက်နာပြီး ဆေးပတ်လည်အောင် သောက်ရပါမည်။ ဆေးသောက် ချိန်နှင့် ဆေးအရေအတွက်သည် ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ ဖြစ်ရပါမည်။ ဆေးကို လျှော့သောက်ခြင်း၊ ပိုသောက်ခြင်းများ လုံးဝမပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ခြင်းသည် ပဋိဇီဝဆေး ယဉ်ပါးမှုကို ဖြစ်စေပြီး နောက်နောင်ရောဂါဖြစ်ပါက ဆေးယဉ်ပါးမှုဒဏ်ကြောင့် ကုသရန်ခက်ခဲလာမည် ဖြစ်သည်။

ဖြစ်လာနိုင်သောဆိုးကျိုးများ

ဆေးယဉ်ပါးသည့်အတွက် တစ်ပတ်နှင့် ပျောက်မည့်ရောဂါကို တစ်လကုသနေရခြင်း၊ ဆေးဝါးများ ပြောင်းလဲ၍ ကုသနေရခြင်း၊ ကုသချိန်ကြာမြင့်သည့်အတွက် အခြားရောဂါများ ဝင်ရောက်လာနိုင်ခြင်း စသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများနှင့်အတူ ဆေးကုသမှုအတွက် ငွေကြေးကုန်ကျမှုများလာခြင်း၊ စိတ်ဓာတ်ကျဆင်းလာပြီး ခံနိုင်ရည်စွမ်းအား ကုန်ခမ်းလာခြင်းနှင့် နောက်ဆုံး အသက်ဆုံး ရှုံးခြင်းများ ကြုံတွေ့ရနိုင်ပါသည်။

ထို့အပြင် အချို့သော သူများသည် မိမိရောဂါဖြစ်စဉ်က ပျောက်ကင်းခဲ့သော ဆေးဝါးများကို မှတ်သား ထားပြီး အခြားသူများ ဖျားနာပါက ဆရာဝန်ကဲ့သို့ ဆေးညွှန်းပေးခြင်း၊ ဆေးလက်ကျန်များ မျှဝေခြင်း အလေ့အထ များ ရှိကြသည်။ ပဋိဇီဝဆေးများကို တလွဲသုံး ခြင်း၊ အလွန်အကျွံသုံးခြင်း၊ မလိုအပ်ဘဲဆေး ထိုး၊ ဆေးသောက်ခြင်းများကို ပြုလုပ်ခြင်းသည် ဆေးယဉ်ပါးမှုအန္တရာယ်ကို အချိန်တိုအတွင်း လျင်မြန်စွာ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် ပဋိဇီဝဆေးများကို မဖြစ်မနေ သုံးစွဲရန် လိုအပ်ပါက နားလည်တတ်ကျွမ်းသော ဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာပညာ ရှင်များ၏ လမ်းညွှန်မှုများ၊ အကြံပြုမှုများကို ရယူရန် အထူးလိုအပ်ပါသည်။

မွေးမြူရေးမှ ပဋိဇီဝဆေးများ

ထို့အပြင် အချို့သော မွေးမြူရေးသမားများသည် ကြက်၊ ဝက်၊ ငါး၊ မွေးမြူရေးပုစွန် စသည်တို့ကို အချိန်တိုအတွင်း အသားတိုး လာစေရန်နှင့် ရောဂါပိုးမွှား ကင်းစေရန်အတွက် အသားတိုး ဟိုမုန်းဓာတ် ပါဝင်သော အစာများနှင့်အတူ ပဋိဇီဝဆေးများကို ရောနှောကာ ကျွေးကြသည်။ မွေးမြူရေးသမား များအတွက် ကာလတိုအတွင်း တိရစ္ဆာန်များ အသားတိုးလာကြသဖြင့် တွက်ခြေကိုက်ကြသည်။ သို့သော်လည်း အဆိုပါ အသား၊ ငါးများကို စားသုံးကြသော ပြည်သူများအတွက် အသားထဲတွင် ပါလာသော ပဋိဇီဝဆေးများကြောင့် ဆေးယဉ်ပါးမှုကို ခံစားရခြင်း၊ အသားထဲရှိ ဟော်မုန်ဓာတ် များကြောင့် အသားများတိုးလာကာ အဝလွန်လာခြင်း စသော ကျန်းမာရေးပြဿနာများလည်း ခံစားလာကြရသည်။

ပဋိဇီဝဆေးယဉ်ပါးမှုသည် လူမှ တိရစ္ဆာန် သို့လည်းကောင်း၊ တိရစ္ဆာန်မှ လူသို့လည်းကောင်း အပြန်အလှန် ကူးစက်နိုင်သည့် သဘောရှိပါသည်။ ကိုင်တွယ်မိသည့် ပစ္စည်းများ၊ ချောင်းဆိုးလျှင် ထွက်လာသည့် အမှုန်အမွှားများ၊ သလိပ်၊ တစ်ရှူးများမှတစ်ဆင့်လည်း ကူးစက်နိုင်ပါသည်။ ရောဂါပိုး ကူးစက်ခံရခြင်း လျော့နည်းပါက ပဋိဇီဝဆေးသုံးစွဲမှု လျော့နည်းလာမည်ဖြစ်ပါသည်။ ရောဂါပိုး ကူးစက်ခံရခြင်း လျော့နည်းစေရန် သန့်ရှင်း ရေးအခြေခံကောင်းများကို ကျင့်သုံးခြင်းသည် အထိရောက် ဆုံးသော နည်းလမ်းတစ်ခုဖြစ်ပါသည်။

ဆေးယဉ်ပါးမှုအန္တရာယ် ကာကွယ်ရန်

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် ပဋိ ဇီဝဆေးယဉ်ပါးမှု အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ပဋိဇီဝဆေးများအား မဖြစ်မနေသောက်သုံးရပါက နားလည်တတ် ကျွမ်းသော ကျန်းမာရေး စောင့်ရှောက်သူများ၏ ညွှန်ကြားချက်များအတိုင်းသာ သုံးစွဲရန်လိုအပ်ပါသည်။ ရောဂါသက်သာ လာသော်လည်း ဆေးပတ်လည်အောင် ညွှန်ကြားချက်အတိုင်း ဆက်လက်သုံးစွဲသင့်ပါသည်။

အခြားသူများသုံးစွဲပြီး လက်ကျန်ဆေး များကို လုံးဝမသုံးစွဲရပါ။ မိမိရောဂါအတွက် ညွှန်ကြားထားသော ပဋိဇီဝဆေးများကို အခြားသူများနှင့် မျှဝေသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။ လက်ကို ပုံမှန်ဆေးခြင်း၊ မလိုအပ်ဘဲ လူနာနှင့် နီးကပ်စွာထိတွေ့မှုများကို ရှောင်ကြဉ်ခြင်း၊ ထိုးသင့်သောရောဂါ ကာကွယ်ဆေး များကို အကြိမ်ပြည့်ထိုးထားခြင်းတို့ဖြင့် ကူးစက်ရောဂါများကို ကာကွယ်နိုင်ပါသည်။

ကျန်းမာရေးဝန်ထမ်းများ အနေဖြင့်လည်း လက်များ၊ ကုသရေးကိရိယာများနှင့် ပတ်ဝန်းကျင်ကို သန့်ရှင်းစွာ ထားရပါမည်။ လက်ရှိ Guide Line များအရ ပဋိဇီဝဆေးများ ကို အသုံးပြုရန် အမှန်တကယ် လိုအပ်မှသာ ညွှန်ကြားရပါမည်။ ဆေးယဉ်ပါးနေသော ရောဂါများကို တွေ့ရှိပါက အထက်အဆင့် ဆင့်သို့ ဆက်လက်သတင်းပို့ရပါမည်။ လူနာများအား ပဋိဇီဝဆေး မှန်ကန်စွာ သုံးစွဲနည်းနှင့် အလွဲသုံး ပါက ဆေးယဉ်ပါးပြီး အန္တရာယ်ရှိနိုင်ကြောင်းကို အချိန်ပေး၍ ရှင်းပြပေးသင့်ပါသည်။ ကာကွယ်ဆေး ထိုးခြင်း၊ လက်ဆေးခြင်း၊ ဘေးကင်းသော လိင်ဆက်ဆံခြင်းနှင့် နှာချေ၊ ချောင်းဆိုးလျှင် ပါးစပ်နှင့် နှာခေါင်း တို့ကို ဖုံးအုပ်ထားရန်တို့အတွက် ကျန်းမာရေး အသိပညာပေးခြင်းများကိုလည်း ပြုလုပ်ပေး ရပါမည်။

ထို့အပြင် မွေးမြူရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့်လည်း တိရစ္ဆာန်အစာနှင့် ဆေးဝါး ထုတ်လုပ်သူ များအား စောင့်ကြည့် ကြပ်မတ်ခြင်း၊ တိရစ္ဆာန်ဆေးကုဆရာဝန်များ လိုက်နာရမည့် အချက်အလက်များ ဖြန့်ဝေ ခြင်း၊ မွေးမြူရေးခြံများတွင် ရောဂါဝင်ရောက်မှု လျော့ကျရေးအတွက် နည်းလမ်းများဖြန့် ဝေခြင်း၊ ကောင်းမွန်သော မွေးမြူရေး ကျင့်စဉ်များကို ရေးဆွဲပြဋ္ဌာန်းပေးခြင်းနှင့် တိရစ္ဆာန်မွေးမြူရေး ကဏ္ဍအတွင်း ပဋိဇီဝ ဆေးယဉ်ပါးမှုပြဿနာများ မည်မျှကျယ်ပြန့်နေသည်ကို မျက်ခြည်မပြတ် စူးစမ်းလေ့လာ ခြင်းများကို စဉ်ဆက်မပြတ် ပြုလုပ်ပေးသင့် ပါသည်။

ပဋိဇီဝဆေးယဉ်ပါးမှုပြဿနာ လျှော့ချရေးအတွက် လူတစ်ဦးချင်းစီ၏ ကျန်းမာရေး အသိပညာရှိမှု၊ အတ္တမဆန်ဘဲ လူမှုရေးအသိ ရှိမှုတို့သည် အခြေခံအကျဆုံးကျသောအချက် များဖြစ်သည်။ ရောဂါ ဝင်ရောက်မှု အနည်းဆုံးဖြစ်လျှင် ပဋိဇီဝဆေးသုံးစွဲရသူလည်း အနည်းဆုံးဖြစ်သည်။ မိသားစုတိုင်း၊ အဖွဲ့အစည်း တိုင်း၊ ဆေးရုံ၊ ဆေးခန်းတိုင်းတွင် ရောဂါပိုးဝင် ရောက်မှုမရှိစေရေးအတွက် အခြေခံ တစ်ကိုယ်ရေသန့်ရှင်းမှုရှိရမည်။ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်ရပါမည်။

ပဋိဇီဝဆေးကို လွဲမှားစွာသုံးခြင်းကြောင့် သက်ရှိသတ္တဝါအားလုံးအတွက် ကြီးမားသည့် ကျန်းမာရေး ဆိုင်ရာ ပြဿနာကြီးဖြစ်သည့် ပဋိဇီဝဆေးယဉ်ပါးမှုနှင့် ရင်ဆိုင်ကြုံတွေ့ရ စေနိုင်ကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

မှီငြမ်း။ ။ကမ္ဘာ့ကျန်းမာရေးနေ့မဂ္ဂဇင်း

(2019 M.O.H.S)

ဖေနှင်းငွေ