Skip to main content

အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များ

တိုင်းရင်းသားတွေရဲ့ ဘာသာ၊ စာပေ၊ ရိုးရာယဉ်ကျေးမှုတွေကို ဖော်ထုတ်ပေးဖို့က ကျွန်မတို့ ကော်မတီရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဓိက အဲဒါကိုပဲ ကျွန်မတို့ ဦးစားပေးပြီး ဆောင်ရွက်ပါတယ်

ဒေါ်နွယ်နွယ်အောင် (အမျိုးသားလွှတ်တော်တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဋ္ဌ)

အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီကို ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်၊ အမိန့် ကြော်ငြာစာ အမှတ်(၉/၂၀၁၆)အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။ ကော်မတီသည် တိုင်းရင်းသားအားလုံး အေးအတူပူအမျှ ဥမကွဲသိုက်မပျက် အပြန်အလှန် နားလည် မှုများ ပိုမိုတည်ဆောက်နိုင်ရန်၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ မူလအခွင့် အရေးများ ရရှိရန်နှင့် တာဝန်ဝတ္တရားများကို လေးစားလိုက်နာနိုင်ရန်၊ တိုင်းရင်းသား လူမျိုးများ၏ဘာသာ၊ စာပေ၊ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ဖော်ထုတ် ပျိုးထောင်ပေးရန် ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် တိုင်းရင်းသားရေးရာကော်မတီသည် ပြည်တွင်း ငြိမ်းချမ်းရေးကော်မတီ၊ ကော်မရှင်များ၊ ပြည်ထောင်စု အဆင့်အစိုးရ ဌာနများ၊ ဝန်ကြီးဌာနများ၊ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သောအဖွဲ့ အစည်းများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် အခါ အားလျော်စွာ တွေ့ဆုံဆွေးနွေးညှိနှိုင်း၍ လုပ်ငန်း၏ ရည်ရွယ်ချက်များကိုဖော်ဆောင် ပေးရန်၊ ငြိမ်းချမ်းရေး ဖော်ဆောင်မှုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆောင်ရွက်နေသည့် ပြည်တွင်း ပြည်ပအဖွဲ့ အစည်းများ၏ အခြေအနေကို လေ့လာ သုံးသပ် တင်ပြရန်တို့ကို ဆောင်ရွက်ရသည်။

ထို့အတူ ဖွံ့ဖြိုးတိုးတက်မှု နည်းပါးသည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ရန်၊ တိုင်းရင်းသားလူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေး အခေါ် အယူအဆများ မှန်ကန်ရေးနှင့် ဗလငါးတန် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရန်၊ လွှတ်တော်ဥက္ကဋ္ဌထံ အစီရင်ခံစာ တင်ပြ ခြင်းနှင့် အခါအားလျော်စွာ လွှတ်တော်သို့ တင်ပြပေးရန်တို့ကို ဆောင်ရွက်ရသည်။

ထို့ကြောင့် တိုင်းရင်းသားရေးရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ တွေ့ဆုံ မေးမြန်းခဲ့သည် များကို စုစည်းဖော်ပြလိုက်ရပါသည်။

 

ဒေါ်နွယ်နွယ်အောင်

အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဋ္ဌ

မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ် (၂)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

 

မြန်မာနိုင်ငံအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားလူမျိုးတွေအားလုံးဟာ စစ်မှန်တဲ့ မျိုးချစ်စိတ်ဓာတ်နဲ့ ပြည်ထောင်စု စိတ်ဓာတ်ကို ခိုင်မြဲစွာ မွေးမြူပြီး ထာဝစဉ် စည်းလုံးညီညွတ်စွာ ဥမကွဲ သိုက်မပျက် လက်တွဲနေထိုင်ဖို့ ပင်လုံစိတ်ဓာတ်ကို အရင်းခံပြီး ပိုမိုငြိမ်းချမ်းစွာ နားလည်မှု တည်ဆောက် နေထိုင်နိုင်ဖို့စတဲ့ ကျွန်မတို့ ကော်မတီရဲ့ လုပ်ငန်းတာဝန်က ၁၁ ရပ် ရှိပါတယ်။

ကျွန်မတို့ဆီကို များသောအားဖြင့် လာပြီးတင်ပြတာကတော့ တိုင်းဒေသကြီး၊ ပြည်နယ်တွေက တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့တွေ များပါတယ်။ နောက်ပြီး တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်က တိုင်းရင်းသားရေးရာအဖွဲ့တွေကလည်း အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာချင်လို့ တောင်းဆိုရင် ကျွန်မတို့ တွေ့ဆုံပြီး လုပ်ငန်း ဆောင်ရွက်ချက်တွေကို ရှင်းပြတာ၊ တွေ့ဆုံဆွေးနွေးတာ၊ အကြံပြုတာ တွေ ရှိပါတယ်။

ဒါ့အပြင် ပြည်တွင်း ပြည်ပ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့လည်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့တွေ့ဆုံပါတယ်။ သူတို့က အကူအညီပေးချင်တာ၊ လုပ်ဆောင်ပေးချင်တာတွေကို နားထောင်တယ်၊ ကျွန်မတို့ကော်မတီကိုပေးထားတဲ့ တာဝန် ဝတ္တရားထဲက ပူးပေါင်းလုပ်ဆောင်လို့ ရမယ့် ကိစ္စရပ်မျိုးဆိုရင် သူတို့ရဲ့ဆွေးနွေးအကြံပြုချက်တွေကို ကျွန်မတို့က လွှတ်တော်ဥက္ကဋ္ဌထံ ပြန်လည်တင်ပြပြီး ခွင့်ပြုချက်ရမှ သူတို့နဲ့ ပူးပေါင်းပြီး လုပ်ငန်းဆောင်ရွက်ပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကျင်းပတဲ့ (၂၁) ရာစုပင်လုံညီလာခံကို ကျွန်မတို့ တိုင်းရင်း သားရေးရာ ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်ခြောက်ဦး တက်ရောက်ပါတယ်။ ဆွေး နွေးချက်တွေကို နားထောင်တယ်။ အဲဒါကို အခြေပြုပြီး ကျွန်မတို့ တိုင်းရင်းသားရေးရာ ကော်မတီက လုပ်ဆောင်နိုင်မယ့် အချက်တွေ၊ အချင်းချင်း ပြန်လည်ဆွေးနွေးတာ၊ သုံးသပ်တာတွေကို ဆောင်ရွက်ပါတယ်။

တိုင်းရင်းသားကိစ္စနဲ့ ပတ်သက်ပြီး ကော်မတီအနေနဲ့ ကော်မတီသက်တမ်း လေးနှစ်တာကာလ အတွင်းမှာ လုပ်ဆောင် ခဲ့တာတွေကတော့ တိုင်းရင်းသားတွေနဲ့ သက်ဆိုင်တာတွေချည်းပါပဲ။ ဖွဲ့စည်း ထားတဲ့ ကော်မတီဝင်တွေကလည်း တိုင်းရင်းသားတွေပါပဲ။ ခြုံငုံပြီး ပြောပြရမယ်ဆိုရင် မိမိတို့ရဲ့ မဲဆန္ဒနယ်မြေ တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေမှာ တွေ့ကြုံရတဲ့ လိုအပ်ချက်တွေ၊ စိန်ခေါ်မှု တွေကို နားထောင်တယ်၊ အစည်းအဝေးမှာ ပြန်ပြီးဆွေးနွေးကြတယ်။ အဲဒီလိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးက ကော်မတီ သက်တမ်းလေးနှစ်တာကာလအတွင်းမှာ(၄၆)ကြိမ်ရှိပါတယ်။

တိုင်းရင်းသားရေးရာ ကော်မတီက တိုင်းရင်းသားတွေရဲ့ အရေးကိစ္စတွေ ဆောင် ရွက်ရတဲ့အပြင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဘတ်ဂျက်နဲ့ ပတ်သက်ရင် လည်း ဘတ်ဂျက်စိစစ်ရေး ဆောင်ရွက်ပေးရ တာတွေရှိပါတယ်။ အထူးသဖြင့် ကျွန်မတို့ တိုင်းရင်းသားရေးရာကော်မတီက တိုင်းရင်း သားရေးရာဝန်ကြီးဌာနရဲ့ ဘတ်ဂျက်၊ ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဘတ်ဂျက်နဲ့ နယ်စပ်ရေးရာဝန်ကြီးဌာနရဲ့ ဘတ်ဂျက်တွေကို စိစစ်ပေးရတာတွေရှိပါတယ်။ အဲဒီလိုဘတ်ဂျက် စိစစ်ခြင်း အစည်းအဝေးတွေပြုလုပ်ခဲ့တာ ၁၉ ကြိမ်ရှိပါပြီ။ ပြည်ပနိုင်ငံတကာ အဖွဲ့အစည်း တွေနဲ့တွေ့ဆုံတာ ငါးကြိမ်၊ ပြည်တွင်း အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံမှုက လေးကြိမ် ရှိပါတယ်။

တိုင်းရင်းသားတွေနေထိုင်တဲ့ ဒေသတွေကို သွားရောက်ပြီး တွေ့ဆုံတာ၊ သူတို့ရဲ့ လိုအပ်ချက်တွေ နားထောင်တာ အဲဒီလို ကွင်းဆင်းခဲ့တာ လေးကြိမ် ရှိပါတယ်။ တွေ့ဆုံပြီး တိုင်းရင်းသားတွေက တင်ပြ လာတဲ့ လိုအပ်ချက်တွေ ကို သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို အကြောင်းကြားပြီး ညှိနှိုင်းဆွေးနွေးတာ ငါးကြိမ် ရှိပါတယ်။

တိုင်းရင်းသားတွေရဲ့ဘာသာ၊စာပေ၊ရိုးရာ ယဉ်ကျေးမှုတွေကို ဖော်ထုတ်ပေးဖို့က ကျွန်မတို့ကော်မတီရဲ့ တာဝန်ပဲ ဖြစ်ပါတယ်။ အဓိက အဲဒါကိုပဲ ကျွန်မတို့ ဦးစားပေးပြီး ဆောင်ရွက်ပါတယ်။

တိုင်းရင်းသားတွေ နေထိုင်တဲ့ ဒေသတွေကို သွားရောက်တာကလည်း အဲဒီအတွက်ပဲ ဖြစ်ပါတယ်။ လွှတ်တော်မှာလည်း တိုင်းရင်းသားတွေတင်ပြလာတဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး မေးခွန်း မေးမြန်းတာ၊ အဆိုတင်သွင်းတာတွေ လုပ်ဆောင်ပေးတာရှိသလို လွှတ်တော်နားရက်တွေမှာလည်း တိုင်းရင်းသားဒေသတွေကို သွားရောက်ပြီး သူတို့နဲ့တွေ့ဆုံတာ သူတို့ အသံတွေကို နားထောင်တာတွေ ပြုလုပ် ပါတယ်။ ရှေ့ဆက်လက်ပြီး လုပ်ဆောင် သွားမှာလည်း ဖြစ်ပါတယ်။

ကျွန်မတို့ ကော်မတီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၅ ရက် အထိ တနင်္သာရီ တိုင်းဒေသကြီး ကော့သောင်း၊ မြိတ်မှာရှိတဲ့ ဌာနေတိုင်းရင်းသား ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဆလုံ တိုင်းရင်းသားတွေနဲ့ ကျွန်မတို့ တွေ့ဆုံပါတယ်။ သူတို့ရဲ့ဘဝကို သွားရောက် လေ့လာတယ်။ သူတို့က လည်း ကျွန်မတို့ရဲ့ တိုင်းရင်းသားဖြစ်တဲ့အတွက် သူတို့လူမျိုးမပျောက်ကွယ်ရေးအတွက်ကိုလည်း တတ် နိုင်သမျှ လုပ်ဆောင်နေပါတယ်။ ဆလုံလူမျိုး တွေနဲ့ ပတ်သက်တဲ့ စာတမ်းငယ်တစ်စောင် ကို တိုင်းရင်းသားရေးရာ ကော်မတီက ပြုစုပြီးထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်။

နောက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (ရွာသစ်ကြီး) ကိုလည်း သွားရောက်လေ့လာတာ ရှိပါတယ်။ ကချင်ပြည်နယ်မှာရှိတဲ့ တိုက်ပွဲရှောင် စခန်းတွေကို သွားရောက်တာတွေ၊ သူတို့ရဲ့ အခက်အခဲကို နားထောင်တာ၊ နှစ်သိမ့်ဆွေးနွေးပေးတာ တွေလည်း ရှိပါတယ်။ ကျွန်မတို့ တိုင်းရင်း သားရေးရာကော်မတီအနေနဲ့ သူတို့ရဲ့ လိုအပ်ချက်တွေကို တတ်နိုင်သလောက် လှူဒါန်းပေးခဲ့တာတွေလည်း ရှိပါတယ်။ သက်ဆိုင်ရာပြည်နယ်အစိုးရ တာဝန်ရှိသူ တွေနဲ့ တွေ့ဆုံခဲ့တာတွေလည်း ရှိပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေရဲ့ အမျိုးသားနေ့တွေ ကျင်းပတာရှိပါတယ်။ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဓနုအမျိုးသားနေ့ကို ကျွန်မတို့ အမျိုးသားလွှတ်တော်၊ တိုင်းရင်းသားရေးရာ ကော်မတီဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေ သွားရောက်ခဲ့ကြပါတယ်။ ဓနု လူမျိုးတွေနဲ့ တွေ့ဆုံတယ်။ သူတို့ရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို လေ့လာတယ်။ တစ်ဆက် တည်းမှာပဲ ပအိုဝ်း၊ ပလောင် စတဲ့ တခြားတိုင်းရင်းသားတွေနဲ့လည်း တွေ့ဆုံပြီး သူတို့ရဲ့ အသံတွေကို နားထောင်တယ်။ အထူးသဖြင့် သူတို့ဆီမှာ သူတို့ဘာသာ စကားနဲ့ စာပေ သင်ကြားမှုနဲ့ဆိုင်တဲ့ လိုအပ်ချက်တွေ တင်ပြ ကြတယ်။

အဲဒီအတွက် သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတွေနဲ့ တွေ့ဆုံပြီး ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ ကျွန်မတို့ နိုင်ငံက တိုင်းရင်းသားပေါင်းစုံ မှီတင်းနေထိုင် ကြတယ်။ တိုင်းရင်းသား လူမျိုးစုတွေ များတယ်။ ဓလေ့ထုံးစံလည်း အမျိုးမျိုးရှိကြ တယ်။ တိုင်းရင်းသားတိုင်းကလည်း ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ ချစ်စရာကောင်းတဲ့ ဓလေ့စရိုက်တွေ ရှိကြတယ်။ တိုင်းရင်းသားတွေအားလုံး ချစ်ချစ်ခင်ခင်နဲ့ ညီညီညွတ်ညွတ် နဲ့နေကြမယ်။ တစ်ယောက် အခက်အခဲကို လည်းတစ်ယောက်က ကူညီဖြေရှင်းပေးကြမယ်ဆိုရင် ကျွန်မတို့ မျှော်လင့်တဲ့ ငြိမ်းချမ်းရေးကို ရနိုင်မှာဖြစ်ပါတယ်။

အဲဒီအတွက်ကိုလည်း တိုင်းရင်းသား ရေးရာကော်မတီအနေနဲ့ တိုင်းရင်းသားတွေ ရဲ့ လိုအပ်ချက်တွေကို တစ်ဖက်တစ်လမ်းက တတ်နိုင်တဲ့အပိုင်းကို ဖြေရှင်းဆောင်ရွက် ပေးတာတွေ ရှိပါတယ်။ သူတို့ရဲ့ ဘာသာ၊ စာပေ၊ စကား၊ ရိုးရာယဉ်ကျေးမှု ဖော်ထုတ်တာမျိုးတွေကိုလည်း လုပ်ဆောင်ပေးရမယ့် တာဝန်လည်း ရှိပါတယ်။ အခုရက်ပိုင်းမှာတော့ တိုင်းရင်းသားတွေရဲ့ ရိုးရာမြေအသုံးချမှုနဲ့ ပတ်သက်ပြီး တော့ ကျွန်မတို့ပြန်ပြီး လေ့လာနေပါတယ်။ အဲဒါကလည်း သူတို့ရဲ့ ရိုးရာယဉ်ကျေးမှုတွေအရ သူတို့ရဲ့ မြေယာ ပိုင်ဆိုင်မှုတွေ ဘယ်လိုရှိခဲ့တယ်ဆိုတာပြန်ပြီး သုတေသနလုပ်တာ ဖြစ်ပါတယ်။ စာတမ်းငယ် တစ်စောင်ထုတ်နိုင်ဖို့လည်း ဆောင်ရွက်နေပါတယ်။

 

ဦးနိုင်သီဟ

အမျိုးသားလွှတ်တော်

တိုင်းရင်းသားရေးရာ ကော်မတီအတွင်းရေးမှူး

မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၇)

အမျိုးသား လွှတ်တော်ကိုယ်စားလှယ်

 

ကျွန်တော်တို့ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီဥက္ကဋ္ဌ အပါအဝင်အဖွဲ့ဝင်တွေ၊ ပြည်သူ့လွှတ်တော်က တိုင်းရင်းသားရေးရာ၊ ပြည်တွင်းငြိမ်းချမ်းရေး ကော်မတီအဖွဲ့ဝင်တွေ၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနနဲ့ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးတွေစုပေါင်းပြီး ဆွေးနွေးပွဲ တွေပြုလုပ်တာ ရှိပါတယ်။ တိုင်းရင်းသား လူမျိုးများအခွင့်အရေး ကာကွယ်စောင့်ရှောက် တဲ့ နည်းဥပဒေကတော့ ထွက်ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ပြန်လည်ပြင်ဆင်ဖို့ ပြည်သူ့ လွှတ်တော်မှာ ဆွေးနွေးပြီးပါပြီ။ အမျိုးသား လွှတ်တော်မှာ ပြန်လည်ဆွေးနွေးဖို့ ကျန်ပါတယ်။ ဆွေးနွေးပြီးရင် နည်းဥပဒေက အတည် ဖြစ်သွားမှာပါ။

ဥပဒေထွက်ပြီးပြီ။ နည်းဥပဒေမရှိသေးတဲ့အတွက် လုပ်ငန်းအကောင်အထည်ဖော်ရာမှာ အခက်အခဲတွေ ကတော့ ရှိပါတယ်။ အခုလို နည်းဥပဒေတွေ အတည်ပြုပြဋ္ဌာန်းပြီးသွားရင် ဒီနည်းဥပဒေပါအတိုင်း လိုက်ပါဆောင်ရွက်တဲ့အတွက် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကတော့ ပိုပြီးရလာမယ်။ အခက်အခဲတွေကို ပိုပြီးဖြေရှင်းမှု ရလာနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။

တိုင်းရင်းသားစာပေကတော့ ကျွန်တော်တို့ ကော်မတီနဲ့ သက်ဆိုင်တဲ့ကိစ္စပါ။ မကြာမီက ကယား ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ တိုင်းရင်းသားစာပေသင်ကြားရေးနဲ့ ပတ်သက်ပြီး ဆွေးနွေးကြ တယ်။ တိုင်းရင်းသားစာပေ သင်ကြားတဲ့ ဆရာ ဆရာမတွေကလည်း သူတို့ရဲ့ အခက်အခဲတွေကို ဆွေးနွေးကြတယ်။ Language Teacher တွေ၊ သင်ထောက်ကူနဲ့ သက်ဆိုင်တာတွေ၊ ဆရာ၊ ဆရာမတွေရဲ့ အခွင့်အရေးနဲ့ သက်ဆိုင်တာတွေကို တင်ပြ ကြတယ်။

သူတို့တင်ပြတာတွေကို သက်ဆိုင်ရာ ပညာရေးဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနနဲ့ ညှိနှိုင်းပေါင်းစပ်ပြီး ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပညာရေး မြှင့်တင်မှု ကော်မတီနဲ့ တွေ့ဆုံညှိနှိုင်းပြီးတော့လည်း တိုင်းရင်းသား စာပေသင်ကြားရေးနဲ့ ပတ်သက်ပြီး တော့ ဒီထက်ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ကော်မတီ အဖွဲ့ဝင်တွေ ကိုယ်တိုင်ကလည်း တိုင်းရင်းသားတွေဖြစ်တဲ့အတွက် တိုင်းရင်းသား စာပေပြဋ္ဌာန်းသင်ကြားရေးကို ကျွန်တော်တို့ ကော်မတီဝင်အချင်းချင်းလည်း အလေး ထား ဆွေးနွေးကြပါတယ်။ အခြားအဖွဲ့အစည်းတွေကလည်း တွေ့ဆုံဆွေးနွေးကြပါတယ်။ အချို့ တိုင်းရင်းသားတွေ ကျတော့ စာပေတွေ သင်ကြားဖို့ ကျောင်းတွေမှာ ပြဋ္ဌာန်းစာအုပ် မလုပ်ရ သေးပါဘူး။ အဲဒီလို လုပ်ဆောင်ဖို့ ကျွန်တော်တို့ ကော်မတီက နည်းလမ်းတွေ အကြံပြုတာတွေလည်း ရှိပါ တယ်။

ပညာရေးဝန်ကြီးဌာနကလည်း တိုင်းရင်းသားစာပေ ပြဋ္ဌာန်းစာအုပ်တွေ ထုတ်နိုင်ဖို့ ဆောင်ရွက်ပေး နေတာတွေ ရှိပါတယ်။ ကျွန်တော်တို့ အဲဒီလို တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ဘာသာ၊ စာပေ၊ စကား၊ ရိုးရာယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ တင်ပြလာရင် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပါတယ်။ တိုင်းရင်းသား ဒေသအသီးသီးက တင်ပြချက်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက် ဆောင်ရွက်ပေးပါတယ်။

တိုင်းရင်းသားတွေရဲ့ ပညာရေးကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း တိုးတက်အောင် ဆောင်ရွက်ဖို့ တိုင်းရင်းသား ပညာရေးကို ထောက်ပံ့နေတဲ့အဖွဲ့အစည်း ယူနီဆက်ဖ်နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ အစီအစဉ်တွေ ရှိပါတယ်။

ကျွန်တော်တို့ တိုင်းရင်းသားရေးရာ ကော်မတီအနေနဲ့ တိုင်းရင်းသားတွေရဲ့ ဘာသာ၊ စာပေ၊ စကား၊ ရိုးရာယဉ်ကျေးမှုတွေ နဲ့ပတ်သက်ပြီး ပေါင်းစပ်ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ရှေ့ဆက်လက်ပြီးတော့ လည်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေကို သွားရောက်ပြီး ဆောင်ရွက်ဖို့ရှိပါတယ်။ တိုင်းရင်းသား တွေရဲ့ မြေမူဝါဒရေးဆွဲရာ မှာလည်း အထောက်အကူပြုအောင် သုတေ သနလုပ်ငန်းတွေ ဆောင်ရွက်နေ ပါတယ်လို့ ပြောကြားလိုပါတယ်။

 

တွေ့ဆုံမေးမြန်း - နန္ဒာဝင်း