Skip to main content

တစ်ခါတုန်းက ရန်ကုန်တက္ကသိုလ်ဆီမှ ထူးချွန်ထင်ရှား အနုပညာရှင်များ

နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်ကြွယ်ဝချမ်းသာမှုဆိုသည်ကို ၎င်းနိုင်ငံ၏ ပညာရေးစနစ်၊ ပြည်သူများ၏ ဉာဏစွမ်းအားကို ပံ့ပိုးထိန်းသိမ်းပေးသည့် စာသင်ကျောင်းများနှင့် တက္ကသိုလ်များ၏ အဆင့်အတန်း သည် အရေးပါသော ကဏ္ဍတစ်ခုဖြစ်၍ ၎င်းအဆင့်အတန်းများနှင့် သတ်မှတ်တိုင်းတာနိုင်သည်။ မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကောင်းမွန်မှု၊ တိုင်းပြည်၏ မျှော်လင့်ချက်များ ကြွယ်ဝဖြိုးမောက်ခဲ့မှု ပြယုဂ်ဖြစ်ခဲ့သည့် အမိတက္ကသိုလ်(ရန်ကုန်တက္ကသိုလ်)သည် ၁၉၂၀ ပြည့်နှစ်မှစတင်ခဲ့ပြီး ယခု ၂၀၂၀ ပြည့်နှစ်တွင် နှစ်ပေါင်း ၁၀၀ တိုင်ရှိခဲ့ပြီဖြစ်သည်။

တစ်ချိန်က ရန်ကုန်တက္ကသိုလ်သည် အမှန်ပင် ဂုဏ်သရေ ထွန်းတောက်ခဲ့ပြီး အာရှတွင် ထင်ရှားသော တက္ကသိုလ် တစ်ခုအဖြစ် လူအများက လက်ခံယုံကြည်ခဲ့ကြသည်။ ထိုအချိန်များက နိုင်ငံအနေဖြင့် အမှန်ပင် ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ်သည် အင်းလျားကန်အနီးတွင် တည်ရှိနေပြီး သဘာဝအားဖြင့် လှပသော တက္ကသိုလ် ပရဝဏ်တစ်ခုဖြစ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ်ကြီးသည် နိုင်ငံအတွက် ဂုဏ်ယူနိုင်စေရာ၊ မှတ်ယူခံစားသိရှိနိုင်စေရာ၊ မျှော်လင့် ချက်များ၊ အမှတ်တရများနှင့် အတိတ်ခြေရာများ စီးဆင်းနိုင်စေရာ နေရာတစ်ခုဖြစ်ခဲ့ပြီး နိုင်ငံအတွက် အားထားရသည့် အသိပညာ၊ အတတ်ပညာကြွယ်ဝသည့် သားကောင်း သမီးကောင်းရတနာများ မွေးထုတ်ပေးရာ နေရာတစ်ခုလည်း ဖြစ်ခဲ့သည်။

အမိတက္ကသိုလ်ကြီးအနေဖြင့် နိုင်ငံအတွက် ခေါင်းဆောင်ကောင်းများ၊ စာရေးဆရာ၊ အဆိုတော်၊ ရုပ်ရှင်၊ ဂီတစသည့် အနုပညာနယ်ပယ်မှ ထူးချွန်သူများ၊ အားကစားထူးချွန်မောင်မယ်များစသည်ဖြင့် နိုင်ငံ့ ဂုဏ်ဆောင်နိုင်သူများစွာကို မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ ထိုသို့ တစ်ခါက တက္ကသိုလ်ဆီမှ ထူးချွန် ထင်ရှားသူများအနက် စာပေအနုပညာဘက်တွင် ထူးချွန်ခဲ့သူတို့အကြောင်း လက်လှမ်းမီသမျှ တင်ပြ လိုပါသည်။

စာရေးဆရာ တက္ကသိုလ်နေဝင်း (၁၉၁၈-၁၉၉၇)

နာမည်ကျော်စာရေးဆရာတစ်ဦးဖြစ်ခဲ့သူ တက္ကသိုလ် နေဝင်းသည် စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင် သရုပ်ဆောင်အဖြစ်လည်း အမည်ရသည့် အနုပညာရှင် တစ်ဦး ဖြစ်သည်။ တက္ကသိုလ်နေဝင်း သည် စစ်ကြိုခေတ်ကာလ၌ ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ကို အင်္ဂလိပ်စာ ဂုဏ်ထူးဖြင့် ဆွတ်ခူး အောင်မြင်ခဲ့ပြီး တစ်ခါတုန်းက တက္ကသိုလ်ဆီမှ ထူးချွန်သူအနုပညာရှင်တစ်ဦး ဖြစ်သည်။ စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ် မြန်မာစာအသင်းကြီးက ကြီးမှူးကျင်းပသော ဝတ္ထုတိုပြိုင်ပွဲတွင် ပထမဆုရရှိခဲ့ပြီး ရန်ကုန်တက္ကသိုလ်သမဂ္ဂထုတ် အိုးဝေမဂ္ဂဇင်းတွင် အယ်ဒီတာအဖွဲ့ဝင်၊ စစ်ပြီးခေတ်တွင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာချုပ်စသည်ဖြင့် စာပေတာဝန်များ ထမ်းဆောင်ခဲ့သည်။ မြန်မာ့အလင်းသတင်းစာတွင် ဟစ်တိုင် ဆောင်းပါးများ ရေးသားခဲ့ပြီး နေးရှင်းအင်္ဂလိပ်သတင်းစာနှင့် နိုင်ငံသစ်သတင်းစာများတွင် လည်း အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ နာမည်ရင်းမှာ ဦးထွန်းလှဖြစ်ပြီး အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အပါးတော်မြဲတာဝန်ကို ထမ်းဆောင်ခဲ့ကာ ဗိုလ်ထွန်းလှ အဖြစ် နာမည်တွင်ခဲ့သည်။ သွေးသောက်၊ မြဝတီနှင့် အခြားမဂ္ဂဇင်းစာစောင်များတွင် ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဆောင်းပါးများကဏ္ဍမှာ ရေးသားခဲ့သည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် စပ်လျဉ်းသည့် အကြောင်းအရာဆောင်းပါးများကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသားခဲ့သည်။

လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း၊ ဖက်ဆစ်တော်လှန်ရေးသမိုင်း၊ စစ်တောင်းတိုက်ပွဲစသည့် စာအုပ်များအပါအဝင် လုံးချင်းစာအုပ်ပေါင်း ၁၀၀ ကျော်ရေးသားခဲ့သည်။ ဘာသာပြန်စာအုပ်အရေအတွက် ပိုများသည်။ တက္ကသိုလ်နေဝင်းသည် မြန်မာ့လွတ်လပ်ရေးအတွက် အောင်ဆန်း- အက်တလီစာချုပ်ချုပ်ဆိုရန် ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့သို့ သွားရောက် ခဲ့ကြသော မြန်မာကိုယ်စားလှယ်အဖွဲ့တွင် အဖွဲ့ဝင်တစ်ဦး အဖြစ် လိုက်ပါခဲ့ရသည်။

မြန်မာ့လွတ်လပ်ရေးတိုက်ပွဲများတွင် ပါဝင်ခဲ့သောကြောင့် ၁၉၈၀ ပြည့်နှစ်တွင် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ပထမဆင့်) ချီးမြှင့်ခြင်းခံရသည်။

ဆရာသည် စာပေနယ်တွင်သာမက ရုပ်ရှင်လောကတွင် ဇာတ်ညွှန်းရေးဆရာ၊ ဒါရိုက်တာ၊ သရုပ်ဆောင် အဖြစ် နာမည်ထင်ရှားခဲ့သည်။ ဒါရိုက်တာမင်းသား ကျော်ဆွေ၏ “မြတ်နိုးသူရယ်”၊ မန္တလေးရုပ်ရှင်မှ “ရေမြေဆုံးတိုင်”၊ စကြာဝဠာရုပ်ရှင်မှ “နွေဦးချစ်သူ” စသည့် ဇာတ်ကားများကို ဆရာတက္ကသိုလ် နေဝင်းက ဇာတ်ညွှန်းရေးသားပေးခဲ့သည်။ ၁၉၆၂ ခုနှစ်က ၎င်း၏ ပင်ကိုရေးလုံးချင်းဝတ္ထု “မေတ္တာ ရေလှိုင်း” ကို အကယ်ဒမီများရှင် မြင့်မြင့်ခင်၊ မောင်သင်၊ သီသီစသည့် အကယ်ဒမီလေးဦးနှင့် ရုပ်ရှင်ရိုက်ကူးခဲ့သည်။ ထိုဇာတ်ကားကိုပင် နေအောင်၊ ထွန်းထွန်းနိုင်၊ မေဆွိတို့နှင့် ပြန်လည်ဆန်းသစ် ရိုက်ကူးခဲ့ရာ နှစ်ကြိမ်လုံး အောင်မြင်ပြီး လူကြိုက်များခဲ့သည်။

ဆရာသည် ဂီတပညာကိုလည်း ဝါသနာပါခဲ့သည်။ ဆရာဒီးဒုတ်ဦးဘချို၊ မန္တလေးရွှေပြည် ဦးဘတင်၊ ညွှန်ကြားရေးဝန် ဦးခင်ဇော်တို့ထံတွင် မြန်မာ့ဂီတအနုပညာကြိုး၊ ဘွဲ့၊ ပတ်ပျိုး၊ သီချင်းကြီး၊ သီချင်းခန့် တို့ကို လေ့လာဆည်းပူးခဲ့သည်။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား ပိုင်နိုင်ကျွမ်းကျင်သူ တစ်ဦးဖြစ်သဖြင့် သံရုံးမှ သံတမန်များကို မြန်မာ့အနုပညာအကြောင်း ဟောပြောနိုင်ခြင်းနှင့် သီချင်းကြီး၊ သီချင်းခန့် တို့ကို လေ့လာဆည်းပူးခဲ့သည်။ အင်္ဂလိပ်စာ၊ အင်္ဂလိပ်စကား ပိုင်နိုင်ကျွမ်းကျင်သူတစ်ဦးဖြစ်သဖြင့် သံရုံးမှ သံတမန်များကို မြန်မာ့အနုပညာအကြောင်းနှင့် သီချင်းကြီးများအကြောင်း ဟောပြောနိုင်သော ကြောင့် လူကြိုက်များခဲ့သည်။ တစ်ခါတုန်းက တက္ကသိုလ်ဆီမှ ထူးချွန်ထင်ရှားခဲ့သူ ဆရာတက္ကသိုလ် နေဝင်းသည် ၁၉၁၈ ခုနှစ် မေလ ၂၅ ရက်နေ့တွင် မွေးဖွားခဲ့၍ ၁၉၉၇ ခုနှစ် မတ်လ ၇ ရက်နေ့ အမှတ် (၁၄၈/ခ) ရန်နိုင် လမ်းသွယ် (၉) ရန်ကင်းမြို့နယ်တွင် ကွယ်လွန်ခဲ့ပါသည်။

စာရေးဆရာ တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀-၂၀၀၂)

တက္ကသိုလ်ဘုန်းနိုင် (အမည်ရင်း ဦးခင်မောင်တင့်) သည် သန်လျင်မြို့၌ မွေးဖွားခဲ့ပြီး ပြည်ခရိုင် ပေါင်းတည်မြို့မှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်၍ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၅၅ ခုနှစ် တွင် စိတ်ပညာဖြင့် ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ပထမအဆင့်ဖြင့် ထူးချွန်စွာအောင်မြင်သူတစ်ဦး ဖြစ်သည်။ အောင်စာရင်းထွက်ပြီးနောက် မန္တလေး တက္ကသိုလ်ကောလိပ်တွင် စိတ်ပညာကို သင်ကြားပေးခဲ့ကာ ဌာနမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မဟာဝိဇ္ဇာဘွဲ့ကို ၁၉၆၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကိုလံဘီယာတက္ကသိုလ်မှ ရရှိခဲ့သည်။ ၁၉၆၄ ခုနှစ် ပညာရေးစနစ်သစ် စတင်ချိန်မှစ၍ ၁၉၈၉ ခုနှစ် ပင်စင်ယူချိန်အထိ တက္ကသိုလ် ပညာရေးအဖွဲ့တွင် အဖွဲ့ဝင်လူကြီးအဖြစ် တာဝန်ယူခဲ့ပါသည်။

စာပေအနုပညာကို ရှစ်နှစ်သားအရွယ်ခန့်ကပင် ဝါသနာရှိခဲ့ပြီး ၁၁ နှစ်သားအရွယ်တွင် ဝတ္ထုများ စရေးခဲ့၍ ၁၅ နှစ်သားတွင် ကဗျာသင်ရိုးကုန်ခဲ့ကာ ကဗျာများ ပိုင်နိုင်စွာ ရေးစပ်နိုင်ခဲ့သည်။ ပထမဆုံး ရေးသားသော ဝတ္ထုမှာ “လရောင်နှင့် အရိပ်” ဖြစ်ပြီး ၁၉၅၈ ခုနှစ် ဇန်နဝါရီ လထုတ် မြဝတီမဂ္ဂဇင်းတွင် ရေးသားခဲ့သည့် “နှင်းရက် ကြွေစော” ဝတ္ထုရှည်မှစ၍ တစ်ဟုန်ထိုး နာမည်ကြီးလာ သည်။ ၁၉၇၀ ပြည့်နှစ်တွင် အမျိုးသားစာပေဆုကို “နှင်းငွေ တစ်ထောင့် မိုးတစ်မှောင့်” စာအုပ်ဖြင့် ဝတ္ထုရှည်ဆု ရရှိ ခဲ့သည်။ ဆရာသည် လုံးချင်းဝတ္ထုများစွာ ထုတ်ဝေခဲ့သည်။ ၁၉၈၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီ) လေးဆုရရှိသည့် “သူ့ကျွန်မခံပြီ” ရုပ်ရှင်ဇာတ်ကားကြီးမှာ တက္ကသိုလ် ဘုန်းနိုင်၏ ဝတ္ထုကို ရိုက်ကူးထားခြင်းဖြစ်သည်။

တစ်ခါတုန်းက တက္ကသိုလ်ဆီမှ ထူးချွန်ထင်ရှား စာပေ အနုပညာရှင်တစ်ဦးဖြစ်ခဲ့သူ တက္ကသိုလ်ဘုန်းနိုင် သည် ၂၀၀၂ ခုနှစ် မေလ ၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။

ဝင်းဦး (၁၉၃၅-၁၉၈၈)

ဝင်းဦးသည် မြန်မာ့အနုပညာသမိုင်းတွင် ထူးချွန်သော ဒါရိုက်တာ၊ မင်းသား၊ ဇာတ်ညွှန်းဆရာ၊ အဆိုတော်၊ စာရေး ဆရာ၊ ရုပ်ရှင်ကုမ္ပဏီပိုင်ရှင်နှင့် မဂ္ဂဇင်းစာအုပ်ထုတ်ဝေသူ ပိုင်ရှင်တစ်ဦး ဖြစ်ခဲ့သည်။ ဝင်းဦးသည် ဒုတိယကမ္ဘာစစ်ကြီး ပြီးသောအခါ တီတီစီလေ့ကျင့်ရေးကျောင်းတွင် ပညာ သင်ယူခဲ့၍ အဆိုပါကျောင်းမှာပင် တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင် ဥပစာအထက်တန်း အောင်မြင်ခဲ့သည်။ တက္ကသိုလ်ပညာကို ဆုံးခန်းတိုင်မရောက်ဘဲ တပ်မတော်(ကြည်း) သို့ ၁၉၅၂ ခုနှစ်တွင် ဝင်ရောက်အမှုထမ်းခဲ့သည်။

ယင်းသို့ အမှုထမ်းနေစဉ် မှော်ဘီရှိ ကြည်း၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေး လေထီးသင်တန်းသို့ တက်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ဩစတြေးလျနိုင်ငံသို့ လေထီးပညာရပ်များ သင်ကြားခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် တပ်မတော်မှ နုတ်ထွက်ခဲ့သည်။

တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့သော ဘက်စုံထူးချွန်သည့် အနုပညာရှင်တစ်ဦးဖြစ်သူ ဝင်းဦးသည် ကျောင်းသားဘဝကပင် သွေးသောက်မဂ္ဂဇင်းနှင့် ရှုမဝ မဂ္ဂဇင်းတို့တွင် ကလောင်အမည် “ညိုမင်းလွင်” ဖြင့် ကဗျာ၊ ဝတ္ထုများ ရေးသားခဲ့သည်။ ပထမဆုံးရေးသားခဲ့သည့် ဝတ္ထုမှာ ဂျိန်း ဖြစ်သည်။ ၁၉၆၀ ပြည့်နှစ် ရှုမဝမဂ္ဂဇင်းတွင် “တက္ကသိုလ်ကျောင်းသားတစ်ဦး” မဂ္ဂဇင်းဝတ္ထုရှည်ကို ရေးသား ခဲ့သည်။ ၎င်းဝတ္ထုရှည်ကို “ဝင်းဦး” ကလောင်အမည် ဖြင့်ပင် ရေးသားခြင်းဖြစ်ပြီး နာမည်ကျော်ကြား လူသိများ လာခဲ့သည်။

ဝင်းဦး၏ ပွဲဦးထွက် ရုပ်ရှင်ဇာတ်ကားမှာ ရှုမဝမဂ္ဂဇင်း တွင် ကိုယ်တိုင်ရေးသားခဲ့သည့် “နှစ်ယောက်ထဲ နေချင်တယ်” ဝတ္ထုကို ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကား ဖြစ်သည်။ ဇာတ်ကား၏ ဇာတ်ဝင်တေး ဖြစ်သော ဝင်းဦး ကိုယ်တိုင်သီဆိုခဲ့သည့် “မီးပုံပွဲ” သီချင်းကြောင့် ဝင်းဦး အမည်နှင့်တွဲကာ တစ်နိုင်ငံလုံး က အသိအမှတ်ပြုခဲ့သည်။ ဝင်းဦးသည် အခြားရုပ်ရှင်ကုမ္ပဏီများတွင် ပါဝင် သရုပ်ဆောင်ခဲ့သည် သာမက ကိုယ်တိုင် စန္ဒာရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ခဲ့သည်။ “ဆောင်းအိပ်မက်” သည် ကိုယ်တိုင် သရုပ်ဆောင်၊ ကိုယ်တိုင်ရိုက်ကူးထားသဖြင့် ချီးကျူးအားကျဖွယ် တွေ့ရသည်။ ယင်းဇာတ်ကားဖြင့် အကယ်ဒမီရရှိခဲ့သည်။ “မှုံရွှေရည်” ဇာတ်ကားသည်လည်း ကိုယ်တိုင်ဇာတ်ညွှန်းရေး၊ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့သော ဇာတ်ကားဖြစ်ကာ ၁၉၇၀ ပြည့်နှစ်အတွက် ဒုတိယအကြိမ် အကယ်ဒမီ ရရှိခဲ့သည်။ စန္ဒာမဂ္ဂဇင်းတွင် ကလေးများအတွက် “ဦးဦး ပုံပြောမယ်”၊ အမျိုးသမီးများအတွက် “မရှပ်တေး” ဟု ရေးသားတင်ပြခဲ့မှုကြောင့် ကလေး၊ လူကြီးမရွေး ကြိုက်နှစ် သက်ခဲ့သည့် မဂ္ဂဇင်းဖြစ်ခဲ့ပြီး စောင်ရေ အများဆုံးထုတ်ဝေနိုင်ခဲ့သည်။

ပြည်သူကချစ်သော ပြည်သူကိုချစ်သော တစ်ခေတ်တစ်ခါက ထူးချွန်ထင်ရှားခဲ့သည့် ဝင်းဦးသည် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် လူ့ဘဝကို စွန့်ခွာသွားခဲ့သည်။

ခင်မျိုးချစ် (၁၉၁၅- ၁၉၉၉)

သူရိယသတင်းစာတွင် “ကောလိပ်ကျောင်းသူ” အခန်းဆက်ဝတ္ထုရှည်ရေးသားခဲ့သော ဆရာမကြီး ဒေါ်ခင်မျိုးချစ်သည် တစ်ခါက တက္ကသိုလ်ဆီမှ ထူးချွန် ထင်ရှားသူ စာပေဝါသနာရှင်တစ်ဦး ဖြစ်ခဲ့သည်။ ဆရာမကြီးကို စစ်ကိုင်းမြို့၌ ဖခင်ရာဇဝတ်ဝန်ထောက် ဦးတော်နှင့် မိခင် ဒေါ်သန်းတင်တို့က ၁၉၁၅ ခုနှစ် မေလ ၁ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် မိတ္ထီလာ အမျိုးသားကျောင်းမှ ဆယ်တန်း အောင်မြင်ခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ အဓိက) ရရှိခဲ့သည်။

ဆရာမကြီးသည် တိုးတက်ရေးမဂ္ဂဇင်းနှင့် ဘားမား ဂျာနယ်တို့တွင် အယ်ဒီတာအဖွဲ့ဝင်နှင့် ပင်တိုင် ဆောင်းပါးရှင်အဖြစ် ဆောင်ရွက်ခဲ့၍ ၁၉၃၈ ကျောင်းသားသပိတ်တွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ဘီဒီအေစစ်ရုံး ဘာသာပြန်ဌာန အမှုထမ်းအဖြစ် ၁၉၄၁ ခုနှစ်မှ ၁၉၄၅ ခုနှစ်အထိ လည်းကောင်း၊ အိုးဝေသတင်းစာ အယ်ဒီတာအဖွဲ့ဝင်၊ တိုင်းရင်းသူဂျာနယ် အယ်ဒီတာအဖွဲ့ဝင်၊ စာပေဗိမာန် စာပြု၊ ရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာန နည်းပြ၊ ဂါးဒီးယန်းသတင်းစာ လက်ထောက်အယ်ဒီတာ၊ လုပ်သား ပြည်သူ့နေ့စဉ် (အင်္ဂလိပ်သတင်းစာ) အယ်ဒီတာ၊ “ပျော်တော်ဆက်” ဟာသစာစောင် တွဲဖက် ထုတ်ဝေသူနှင့် တာဝန်ခံအယ်ဒီတာ၊ “သောင်းပြောင်းထွေလာရယ်စရာ” စာစောင်တွင် ပင်တိုင် ဆောင်းပါးရှင် စသည်ဖြင့် တာဝန်ယူခဲ့သည်။

၁၉၃၂-၃၃ တက္ကသိုလ်မဂ္ဂဇင်း သန္တစာစောင်တွင် ဆာဝါ(တ)တာစကော၏ The Lay of the Last Minstrel ကို မှီငြမ်းထားသည့် “ဇာတိမာန်” နှင့် “တို့တိုင်းပြည်” တေးထပ်နှစ်ပုဒ်ရေးခဲ့ပြီး ခင်မျိုးချစ် အမည်တွင်ခဲ့သည်။ ဒဂုန်မဂ္ဂဇင်း၊ သူရိယသတင်းစာ၊ ဘားမားဂျာနယ်တို့တွင် ဆောင်းပါးများ ရေးသား ခဲ့သည်။

ဆရာမကြီး၏ ထင်ရှားခဲ့သော စာအုပ်အချို့မှာ ကောလိပ် ကျောင်းသူ၊ မောင်တို့ယောကျ်ား၊ သတင်း စာလောက၊ အပျင်းဖြေနည်း၊ ကမ္ဘာကျော်ကြားစာနှင့်စကား၊ ဥရောပ စာပေနိဒါန်း၊ တို့လူလေးများ ဆိုသလေ၊ နှစ်လောကတိုက်ပွဲ၊ မိုက်ကယ်အိန်ဂျလို၊ ဥရောပယဉ်ကျေးမှုအနုပညာ မိတ်ဆက်၊ စွန့်ခဲ့ရ ကျွန်မဘဝပါရှင်၊ အင်္ဂလိပ်စာ၊ အင်္ဂလိပ် စကားစသည်တို့ ဖြစ်ကြသည်။ The 13 Carat Diamond ဝတ္ထုကို ဂျာမန်၊ အူရဒူ၊ ယူဂိုဆလပ်၊ အီတာလျံ ဘာသာ များသို့ ဘာသာပြန်ဆိုခဲ့ကြသည်။

ဆရာမကြီးသည် ၁၉၇၀ ပြည့်နှစ်တွင် ကျင်းပသည့် အရှေ့တောင်အာရှစာရေးဆရာများအတွက် အင်္ဂလိပ် ဘာသာဝတ္ထုတိုပြိုင်ပွဲတွင် Her Infinite Variety ဖြင့် ပထမဆုရရှိခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် မော်ကွန်းဝင် တတိယဆင့် ချီးမြှင့်ခံခဲ့ရသည်။

ခင်နှင်းယု (၁၉၂၅- ၂၀၀၃)

စကားလုံးလှလှများသုံးပြီး တစ်ချိန်က စာဖတ်သူ၏ စိတ်ကို ဖမ်းစားနိုင်စွမ်းရှိအောင် ရေးသားဖွဲ့ဆို နိုင်သည့် ဆရာမကြီး ခင်နှင်းယုသည် ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ဝိဇ္ဇာဘွဲ့ကို ရရှိခဲ့သည်။ ဆရာမကြီးကို ဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့တွင် ဖခင်အစိုးရ ကျောင်းဆရာကြီး ဦဘ၊ မိခင် ဒေါ်သိန်းတင်တို့က ၁၉၂၅ ခုနှစ် စက်တင်ဘာလ ၇ ရက်နေ့ တွင် မွေးဖွား ခဲ့သည်။ အမည်ရင်းမှာ မခင်စု ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်တွင် ဝါးခယ်မမြို့၌ အလယ်တန်းပညာ သင်ကြားခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ဝါးခယ်မမြို့ ဦးဘိုကြီး မြန်မာစာ အထက်တန်းကျောင်း၌ ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်း ပညာဆည်းပူးခဲ့သည်။ ၁၉၄၈ ခုနှစ်တွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်၍ ၁၉၅၆ ခုနှစ်တွင် ဥပစာ ဝိဇ္ဇာစာမေးပွဲ အောင်မြင်သည်။ ၁၉၅၉ ခုနှစ်မှစ၍ ၁၉၆၁ ခုနှစ် အထိ ရန်ကုန်တက္ကသိုလ်တွင် ပညာဆည်းပူးခဲ့ပြီး ဝိဇ္ဇာဘွဲ့ရရှိခဲ့သည်။

ဝါးခယ်မကျောင်းသားသမဂ္ဂ အမှုဆောင်ဖြစ်ခဲ့၍ ကျောင်းသားရေးရာများနှင့် တို့ဗမာအစည်းအရုံး နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည်။ ဂျပန်ခေတ် ဝါးခယ်မ မြို့နယ် အာရှလူငယ်အစည်းအရုံးတွင် အမျိုးသမီးဌာန အတွင်းရေးမှူး၊ ဖဆပလ သတင်းစဉ် လက်ထောက် အယ်ဒီတာ၊ တာဝန်ခံအယ်ဒီတာ၊ ဝန်ကြီးချုပ်၏ အတွင်းရေး အတွင်းဝန်စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။

စာပေရေးရာနှင့်ပတ်သက်၍ ၁၉၄၆ ခုနှစ်မှစပြီး မခင်စု ကလောင်အမည်ဖြင့် ဖဆပလ သတင်းစဉ်တွင် ဆောင်းပါးများ စတင်ရေးသားခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် အချို ကလောင်အမည်ဖြင့် ရေးသားသော “မျောက်လောင်း” ဝတ္ထုတိုဖြင့် တတိယရွှေတံဆိပ်ဆုရခဲ့သည်။ ခင်နှင်းယု ကလောင်အမည်ဖြင့် ပထမဦးဆုံး ရေးသားသော ဝတ္ထုမှာ ၁၉၄၇ ခုနှစ် စာပဒေသာမဂ္ဂဇင်းတွင်ပါရှိသည့် “အရိုင်း” ဝတ္ထု ဖြစ်သည်။ လုံးချင်းဝတ္ထု ၁၇ အုပ်၊ မဂ္ဂဇင်းဝတ္ထုရှည် အပုဒ် ၂၀၊ ဝတ္ထုတို ၁၀၀ ကျော် ရေးသားခဲ့သည်။ ဝတ္ထုအချို့မှာ ဂျာမန်၊ ရုရှား၊ ဂျပန်ဘာသာများသို့ ပြန်ဆိုခဲ့သည့် ဆရာမကြီးရေးသားခဲ့သည့် ထင်ရှား သော ဝတ္ထုများမှာ မွှေး၊ ဆောင်းတွင်းပန်း၊ သခွပ်ပန်း၊ ပန်းပန်လျက်ပါ၊ သပြေ၊ ယဉ်မင်းပိုက်၊ ကြေးမုံ ရိပ်သွင် ဝတ္ထုတိုများ၊ စိမ်းသင့်မှစိမ်း၊ မြကြာဖြူစသည်တို့ ဖြစ်သည်။ “ကြေးမုံရိပ်သွင် ဝတ္ထုများ” ဖြင့် စာပေဗိမာန်ဆု (၁၉၆၀)၊ မြကြာဖြူဖြင့် အမျိုးသား စာပေဆု (၁၉၉၅) ကို ရရှိခဲ့သည်။ တစ်ခါက စာပေ အနုပညာရပ်တွင် ထူးခြားစွာထွက်ပေါ်ခဲ့သည့် ဆရာမကြီး ဒေါ်ခင်နှင်းယုသည် ၂၀၀၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ တွင် ကွယ်လွန်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် ကျောင်းတော်ကြီးတွင် ပညာရည်နို့ သောက်စို့ခဲ့ကြသော ကျောင်းတော်သူ ကျောင်းတော် သားများသည် အမှတ်တရများ၊ အောင်မြင်မှုများ၊ လွမ်းမောဖွယ်ရာများ၊ ကြည်နူး စရာများသာမက ပျော်ရွှင်ဖွယ်ရာများစွာတို့ကိုပါ ကျောင်းတော်ကြီးဆီမှ ရရှိပါသည်။ ရန်ကုန် တက္ကသိုလ်ကြီးမှ တစ်ဆင့် ဖြစ်တည် ပေါ်ထွန်းလာခဲ့ရသည့် ကျောင်းတော်သူ ကျောင်းတော် သားများ၏ သမိုင်းရက်စွဲများ၊ မှတ်တိုင်များ၊ ဘဝရှင်သန် မှုများ၊ မျှော်လင့်ချက်များ၊ ခံစားမှုများကို ဖြတ်ကျော် စီးဆင်းနိုင်စေရန် “တစ်ခါတုန်းက တက္ကသိုလ်ဆီမှ ထူးချွန် ထင်ရှားခဲ့ကြသည့် အနုပညာရှင်များ” အကြောင်းနှင့် ပတ်သက်၍ ရေးသားကုန်နိုင်ဖွယ် မထင်ပါ။ သို့သော် စာရေးသူသိရှိခဲ့ရသော အနုပညာရှင်တို့၏ တစ်ပိုင်းတစ်စ ပုံရိပ်များကို သိရှိစေနိုင်ခြင်းအလို့ငှာ ဖော်ကျူးရေးသား လိုက်ရ ပါသည်။ ။

 

ရှိန်းမြသင်း