Skip to main content

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက် ဖြေဆိုနေသော ကျောင်းသား၊ ကျောင်းသူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့်အဖွဲ့ လှည့်လည် ကြည့်ရှုအားပေး

မန္တလေး မတ် ၁၈

၂၀၂၀ပြည့်နှစ် ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်ဖြေဆိုနေမှုများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ စာစစ်ဌာနများ၌ ကျောင်း သား၊ ကျောင်းသူများ၏ ဖြေဆိုနေမှုများနှင့် စာမေးပွဲဆိုင်ရာ လုပ်ငန်း ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ခေတ္တဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၁၆) အခြေခံပညာ အထက် တန်းကျောင်း စာစစ်ဌာနနှင့် အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၁၇) အခြေခံပညာ အထက်တန်း ကျောင်းစာစစ်ဌာနရှိ ကျောင်းသား၊ ကျောင်းသူများ၏ ဖြေဆိုနေမှုများကို ကြည့်ရှုခဲ့ကြသည်။

 မန္တလေးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ တိုင်းပညာရေးမှူး ဒေါ်သန်းမြင့်၊ ညွှန်ကြားရေးမှူး (ပညာ) ဦးစိုးလွင်နှင့် တာဝန်ရှိသူများက စာမေးပွဲဖြေဆိုနေကြသည့် ကျောင်းသား၊ ကျောင်းသူများအား စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေး၊ စာမေးပွဲဖြေဆိုနေချိန်အတွင်း အရေးပေါ်ကျန်းမာရေး အခြေအနေများ ဖြစ်ပေါ်လာပါက ကျန်းမာရေးဆောင်ရွက်မှုအား ချက်ချင်းပေးနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများအား လိုက်လံပြသခဲ့ရာ ခေတ္တဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုစဉ် ကာလအတွင်း စိတ်အေးချမ်းသာစွာဖြင့် စနစ်တကျ ဖြေဆိုနိုင်ရေးအတွက် လိုအပ်ချက်များ ဖြည့်ဆည်းပေးရေး၊ အရေးပေါ်ကျန်းမာရေးကိစ္စရပ်များ ဖြစ်ပေါ်လာပါက ကြန့်ကြာမှုမရှိ ချက်ချင်းဆောင်ရွက်ပေးရေးနှင့် ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်ပေးရေးတို့နှင့် ပတ်သက်၍ လိုက်လံ ကြည့်ရှုပြောကြားခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စာစစ်ဌာန ၂၂၀ ခု၌ တက္ကသိုလ်ဝင်တန်းဖြေဆိုလျက်ရှိပြီး ရူပဗေဒဘာသာရပ်တွင် ဖြေဆိုရန် စာရင်းရှိသူ ၁၂၄၉၅၃ ဦးရှိရာ စာမေးပွဲဖြေဆိုသူ ၁၁၉၂၄၈ ဦးကြောင်း၊ ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၉၅ ဒသမ ၄၃ ရာခိုင်နှုန်းရှိပြီး ပျက်ကွက်သူ ၅၇၀၅ ဦး ရှိခဲ့ရာ ပျက်ကွက်မှု ၄ ဒသမ ၅၇ ရာခိုင်နှုန်းရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

ထိပ်ထားနိုင်