ထားဝယ် မတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြင့်မောင်သည် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ မွန်းလွဲပိုင်းက ထီးခီးကုန်သွယ်ရေးစခန်း အစည်းအဝေးခန်းမ၌ ထီးခီးဒေသ တာဝန်ကျဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က ထီးခီးနယ်စပ်ဂိတ်တွင် 2019 Novel Coronavirus (COVID-19)နှင့်ပတ်သက်၍ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများအား သေသေချာချာ ဆောင်ရွက်သင့်ပါကြောင်း၊ တရားမဝင် ကုန်စည်စီးဆင်းမှုများအား ဌာနတစ်ခုနှင့်တစ်ခု ပူးပေါင်း၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်မှသာ တရားဥပဒေစိုးမိုးရေးကို ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း၊ ကုန်သွယ်ရေး စခန်း၏ အခြေအနေ၊ အခက်အခဲများကို တာဝန်ကျဝန်ထမ်းများက ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမင်းက 2019 Novel Coronavirus(COVID-19) ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များ ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ အသိပညာပေး လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ထီးခီးဒေသ တာဝန်ကျဝန်ထမ်းများ က လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထီးခီးနယ်စပ်ဂိတ်တွင် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် 2019 Novel Coronavirus (COVID-19) ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကာ တာဝန်ကျ ကျန်းမာရေး ဝန်ထမ်းများထံ Face Mask များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ် (တိုင်းဒေသကြီး-ပြန်/ဆက်)