နေပြည်တော် မတ် ၁၈
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်း အဝေး (၂၅) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ တက်ရောက်ခွင့်ရှိသူ ပြည်ထောင်စု လွှတ်တော်ကိုယ်စား လှယ် စုစုပေါင်း ၆၅၄ ဦးအနက် ၆၂၉ ဦးတက်ရောက်ပြီး ၂၅ ဦးခွင့်တိုင် ကြားသည်။
အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအတွက် ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံမှ ဂျပန်ယန်း ၄၀ ဒသမ ၆၀၄ ဘီလီယံ ချေးငွေရယူနိုင်ရေးကိစ္စ နှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ယခုချေးငွေသည် မြန်မာ့မီးရထား၏ ရန်ကုန် - မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးအတွက် ရယူခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ရထားလမ်းကို အဆင့်(၁) ရန်ကုန် - တောင်ငူ လမ်းပိုင်းနှင့် အဆင့်(၂) တောင်ငူ - မန္တလေး လမ်းပိုင်း ဟူ၍ အဆင့်(၂)ဆင့်ခွဲ၍ ဆောင်ရွက်နေပါကြောင်း၊ ချေးငွေ ပေးသည့် စနစ်သည် တစ်လုံးတစ်ခဲတည်း ပေးအပ်ခြင်းမဟုတ်ဘဲ ပြီးစီးကုန် ကျသလောက်သာ အပိုင်းလိုက် ထုတ်ပေးသည့် Time – Sliced Loan ဖြစ်ကြောင်း။
အဆင့်(၁)ရထားလမ်းပိုင်းအတွက် အပိုင်းလိုက်ချေးငွေရယူခြင်းသည် ယခု (၃)ကြိမ် မြောက်ဖြစ်ကြောင်း၊ အတိုးနှုန်းအနေဖြင့် ၀ ဒသမ ၀၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၁၀နှစ်၊ ပြန်ဆပ်ကာလ နှစ် ၃၀ ၊ ချေးငွေ သက်တမ်း နှစ် ၄၀ နှင့် ဆိုင်းငံ့ကာလပြီးနောက် နှစ်စဉ် ၆ လ တစ်ကြိမ် ပေးဆပ်သွားရမည်ဖြစ်ကြောင်း၊ အကျိုးကျေးဇူးအနေဖြင့် ပြေးဆွဲချိန် ၁၄ နာရီခန့်ရှိ ရန်ကုန် - မန္တလေး လမ်းပိုင်းတစ်ခုလုံးကို ၈နာရီအောက်သို့ လျော့ချရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အကျိုးရှိ ထိရောက်စွာ အသုံးချမည်ဖြစ်သည့် အတွက် ပြည်ထောင်စုလွှတ်တော်မှ စဉ်းစားခွင့်ပြုနိုင်ပါရန် တင်ပြပါကြောင်း ပြောကြားသည်။
ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ချေးငွေရယူမည့် အစီအစဉ်သည် နိုင်ငံ တော်၏ ဖွံ့ဖြိုးမှု အကူအညီများဆိုင်ရာမူဝါဒ များနှင့် ကိုက်ညီမှုရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေ၊ ပြည်သူ့ကြွေးမြီစီမံ ခန့်ခွဲမှုဥပဒေတို့နှင့် ညီညွတ်မှုရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာ နှင့်လည်း ကိုက်ညီမှုရှိပါကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီ သော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၈-၂၀၃၀) ၏ မဟာဗျူဟာတွင်ပါသည့် Action Plan အရ ပြည်တွင်း ရထားလမ်းများ ထိန်းသိမ်းပြုပြင်ရေး၊ အဆင့်မြှင့် တင်ရေးနှင့် တိုးချဲ့ရေးလုပ် ဆောင်ရန်ဆိုသည့် အချက်ကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း။
ထို့ကြောင့် Yangon-Mandalay Railway Improvement Project Phase I(III) စီမံကိန်း ဆောင်ရွက်ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ မြန်မာ့မီးရထား အတွက် ဂျပန် နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) ထံမှ ချေးငွေဂျပန်ယန်း ၄၀ ဒသမ ၆၀၄ ဘီလီယံ ရယူနိုင်ရေးကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် တင်ပြပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က ယင်းချေးငွေနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြည်ထောင်စုလွှတ် တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနအတွက် ကိုရီးယားသမ္မတနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပူး ပေါင်းဆောင်ရွက် ရေးရန်ပုံငွေ (EDCF)ထံမှ အမေရိကန်ဒေါ်လာ ၁၂၅ သန်းချေးငွေ ရယူနိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယကက ယင်းချေးငွေနှင့် စပ်လျဉ်း ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြည်ထောင်စုလွှတ်တော် ရုံးညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေ မူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၉ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၃)နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းကို ဆောင်ရွက်သည်။
ရှေးဦးစွာ ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက အတည်ပြု မည့် ဆန္ဒမဲလက်မှတ်များကို ရေတွက် အပ်နှံသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ညွှန်ကြားရေးမှူးချုပ် ယူ ဆောင်လာသည့် ဆန္ဒမဲလက်မှတ် အရေအတွက်မှာ အစောင် ၆၅၀ ဖြစ်ကြောင်း၊ ယနေ့တက် ရောက်သည့် လွှတ်တော်ကိုယ်စားလှယ် ၆၂၉ ဦး ဖြစ်သည့်အတွက် အပိုဆန္ဒမဲ လက်မှတ် ၂၁ စောင်ကို မိမိထံတွင် ထားရှိမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့ တို့က တာဝန်ပေးထားသည့် အကန့်အလိုက် နေရာယူကြသည်။
ထို့နောက် ဆန္ဒမဲလက်မှတ်များကို သက်ဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ညွှန်ကြားရေးမှူးချုပ်ထံမှ လာရောက် ထုတ်ယူပြီး အကန့်အလိုက် တာဝန်ပေးထား သည့် ဝန်ထမ်းအဖွဲ့(၄)ဖွဲ့ထံသို့ အစည်းအဝေး တက်ရောက်မှုအင်အားအတိုင်း ခွဲဝေ ပေးသည်။
ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စုလွှတ် တော် ဒုတိယနာယက ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်နေရာတွင် လျှို့ဝှက်ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးကြသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က သတ်မှတ်နေရာတွင် လျှို့ဝှက် ဆန္ဒပြုခြင်း နည်းလမ်းဖြင့် ဆန္ဒမဲပေးသည်။
ဆန္ဒမဲပေးပြီးနောက် သက်ဆိုင်ရာ တာဝန်ခံများက ဆန္ဒမဲပုံးများကို လွှတ်တော်ကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ဖွင့်လှစ်၍ ထုတ်ပေးထားသည့် ဆန္ဒမဲလက်မှတ် အရေအတွက်နှင့် ဆန္ဒမဲပုံးအတွင်းမှ ထုတ်ယူ ရရှိသည့်ဆန္ဒမဲ လက်မှတ်အရေ အတွက် အခြေအနေကို စစ်ဆေးရေတွက်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်ကိုယ်စားလှယ်များ ထံ ထုတ်ပေးသည့် ဆန္ဒမဲလက်မှတ်မှာ ၆၂၉ စောင်ဖြစ်ပြီး ယခုဆန္ဒမဲပုံးအတွင်းမှ ထုတ် ယူရရှိသည့် ဆန္ဒမဲလက်မှတ် အရေအတွက်သည်လည်း ၆၂၉ စောင်ဖြစ်သည့် အတွက် ကိုက်ညီမှုရှိကြောင်းနှင့် ဆန္ဒမဲပေးမှု အထ မြောက်ကြောင်း ကြေညာသည်။
ယင်းနောက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ရလဒ်ရေတွက်မှုကို ဝန်ထမ်းအဖွဲ့ (၈)ဖွဲ့ဖြင့် သတ်မှတ်နေရာအသီးသီး၌ တစ်ပြိုင်တည်း ရေတွက်ကြရာ နိုင်ငံရေးပါတီအစုအဖွဲ့ အလိုက် အမည်စာရင်းပေးထားသည့် လွှတ်တော် ကိုယ်စားလှယ်များက သတ်မှတ်နေရာများ၌ ကြီးကြပ် စောင့်ကြည့်ကြသည်။
ဆက်လက်၍ အဖွဲ့(၈)ဖွဲ့ခွဲကာ အသေးစိတ်စိစစ်ရေတွက်ပြီးနောက် သက်ဆိုင်ရာ ရုံးအဖွဲ့နှင့် နိုင်ငံရေးပါတီ အစုအဖွဲ့အလိုက် ကိုယ်စားလှယ်(၅)ဦးပါဝင် သည့် အဖွဲ့က ကြီးကြပ်ပြီး စာရင်းချုပ်နှင့် ထောက်ခံဆန္ဒမဲ အရေအတွက် ရာခိုင်နှုန်း တွက်ချက်မှု တို့ကို ဆက်လက်ဆောင်ရွက်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယနေ့ လွှတ်တော်၏ အဆုံးအဖြတ် ရယူသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပြင်ဆင်ချက် ပုဒ်မ၊ ပုဒ်မခွဲအလိုက် ထောက်ခံဆန္ဒမဲရရှိမှု အရေအတွက် ၇၅ ရာခိုင်နှုန်းကျော် ရ၊ မရ နှင့် လွှတ်တော်၏ ဆုံးဖြတ်အတည်ပြုချက်တို့ကို ကြေညာရာတွင် ပုဒ်မ ၂၆၁ ပုဒ်မခွဲ(ဂ) ပြင်ဆင်မှု အတွက် ထောက်ခံဆန္ဒမဲ ၂၃၇ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၆၁ ပုဒ်မခွဲ(ဃ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၃၅ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၆၁ ပုဒ်မခွဲ(င) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒ မဲ ၂၃၅ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၁) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၅၉၁ မဲ ဖြစ်ပြီး ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ သည့်အတွက် ပြင်ဆင်ရေးဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၃) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၂၉ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း။
ပုဒ်မ ၂၆၂ ပုဒ်မခွဲ(င) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၂၉ မဲ ဖြစ်ပြီး ထောက်ခံ ဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(စ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၂၉ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ည) ပြင်ဆင်မှုအတွက် ထောက်ခံ ဆန္ဒမဲ ၂၂၆ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်း ဖြစ်ကြောင်း၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဋ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၂၉ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဌ) ပုဒ်မခွဲငယ် (၂) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၂၉ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း။
ပုဒ်မ ၂၆၂ ပုဒ်မခွဲ(ဎ) ပုဒ်မခွဲငယ်(၂)ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၉၉ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၆၄ ပုဒ်မခွဲ(က) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၃၀ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၆၄ ပုဒ်မခွဲ(ခ) ပုဒ်မခွဲငယ်(၁) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၂၆ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၆၄ ပုဒ်မခွဲ (ခ) ပုဒ်မခွဲငယ်(၂) ပယ်ဖျက်မှု အတွက် ထောက်ခံဆန္ဒမဲ ၄၀၇ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၆၄ ပုဒ်မခွဲ(ဂ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၂၂၆ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း။
ပုဒ်မ ၂၈၅ ပုဒ်မခွဲ (က) ပုဒ်မခွဲငယ်(၄) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒ မဲ ၄၀၁ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလ အတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၈၅ ပုဒ်မခွဲ(စ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၇ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၈၅ ပုဒ်မခွဲ(ဆ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒ မဲ ၄၀၅ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း၊ ပုဒ်မ ၂၈၆ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ်(၃) ပုဒ်မခွဲငယ်စိတ် (ခခ) ပယ်ဖျက်မှုအတွက် ထောက်ခံဆန္ဒမဲ ၄၀၈ မဲ ဖြစ်ပြီး ထောက်ခံဆန္ဒမဲ ၇၅ ရာခိုင်နှုန်းမကျော် သည့်အတွက် မူလအတိုင်းဖြစ်ကြောင်း ကြေညာသည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပုဒ်မခွဲ (ခ)တွင် အကျုံးဝင်သည့် ဆန္ဒမဲ လက်မှတ်(၃)နှင့်စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း အစီအစဉ်ပြီးဆုံးကြောင်းနှင့် ဆက်လက်၍ ဆန္ဒမဲ လက်မှတ် (၄)နှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းကို မတ် ၁၉ ရက် ကြာသပတေးနေ့တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ် ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၆)ရက်မြောက်နေ့ကို မတ် ၁၉ ရက်တွင် ဆက်လက်ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း-အောင်ရဲသွင်၊ အေးအေးသန့်
ဓာတ်ပုံ-စိုးဝင်းထွန်း