မြန်မာ့သမိုင်းကို လေ့လာကြည့်လျှင် လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ပဋိပက္ခမျိုးစုံ ကြုံခဲ့သည်ကို တွေ့ရမည်ဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး သုံးလအကြာတွင် ပြည်တွင်းသောင်းကျန်းမှုဖြစ်ပေါ်လာပြီး လက်နက်ကိုင်ပဋိပက္ခများ စတင်ခဲ့သည်။ ကိုလိုနီခေတ်က တောင်တန်း-ပြည်မ ခွဲခြားအုပ်ချုပ်သော သွေးခွဲအုပ်ချုပ်ရေးစနစ်၊ တိုင်းရင်းသားလူမျိုးအချင်းချင်း စိတ်ဝမ်းကွဲပြားအောင် သွေးခွဲပေးသော ပရိယာယ်အမျိုးမျိုးတို့ကြောင့် ပြဿနာမျိုးစုံ ဖြစ်ပေါ်လာခဲ့သည်။
ဖြစ်ပေါ်လာသော ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် ခေတ်အဆက်ဆက်အစိုးရများက ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိသေးဘဲ လက်နက်ကိုင်ပဋိပက္ခများ ယနေ့အချိန်အထိ ဖြစ်ပွားလျက်ရှိသည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသားပြည်သူများ ထိခိုက်ဆုံးရှုံးမှုများဖြစ်ခဲ့ရပြီး တန်ဖိုးရှိသော လူသားအရင်းအမြစ်များ ဆုံးရှုံးခဲ့ရသည်။ ပဋိပက္ခဖြစ်ပွားရာ နယ်မြေဒေသများမှ တိုင်းရင်းသား ပြည်သူများမှာ ဒုက္ခမျိုးစုံကြုံကြရသည်။ မငြိမ်းချမ်းမှုကြောင့် ဖွံ့ဖြိုးတိုးတက်မှုနှင့် အလှမ်းဝေးရပြီး ဒေသခံပြည်သူများသာ နိမ့်ကျသောဘဝများတွင်နေကြရသည်။ မငြိမ်းချမ်းခြင်း၏ ဆိုးမွေ၊ ငြိမ်းချမ်းခြင်း၏ အကျိုးရလဒ်များကို သိရှိကြသောနိုင်ငံများသည် ငြိမ်းချမ်းရေးကို အမြန်တည်ဆောက်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ကြိုးစားကြသည်။ လူမှုစီးပွားမြင့်မားလာအောင် လုပ်ဆောင်ကြသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများသည် ရှုပ်ထွေးပွေလီပြီး သိမ်မွေ့နက်နဲလှပါသည်။ လက်နက်ကိုင် ပဋိပက္ခများကို သေချာလေ့လာကြည့်လျှင် အခြေအနေအချိန်အခါအလိုက် ဖြစ်ပေါ်နေသည်ကို တွေ့ရပါသည်။ အဓိကမှာ စည်းလုံးညီညွတ်မှုဖြစ်ပြီး စည်းလုံးညီညွတ်မှု ပျက်ပြားသည်နှင့် ပဋိပက္ခများ ဖြစ်လာပါသည်။ လက်နက်ကိုင်ပဋိပက္ခများ အနည်းဆုံးကာလမှာ ၁၉၈၉ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလအထိဟု တွေ့ရှိရသည်။ ထိုကာလများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး စတင်ခဲ့သည်။ ထိုစဉ်က အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်သည့်ဖြစ်ရပ်များ အလွန်နည်းပါးသဖြင့် ဒေသတည်ငြိမ်မှုများရရှိခဲ့သည်။ နယ်စပ်ဒေသဖွံ့ဖြိုးရေးကို အလေးထားလုပ်ဆောင်နိုင်ခဲ့သည်။
၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၌နိုင်ငံရေးစနစ်ပြောင်းလဲပြီး ပါတီစုံဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်းခဲ့သည်။ တစ်ဆက်တည်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ NCA သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဖြစ်သော်လည်း ယင်းထက်ပိုမိုကျယ်ပြန့်သည့် အဓိပ္ပာယ်ကိုဆောင်သည်။ စာချုပ်တွင် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံရေးဆိုင်ရာသဘောတူညီချက်များ၊ နိုင်ငံရေးဆိုင်ရာအာမခံချက်များ၊ နိုင်ငံရေးအရ ညှိနှိုင်းအဖြေရှာရေးကိစ္စများ၊ လူမှုစီးပွားဖွံ့ဖြိုးရေးဆိုင်ရာကိစ္စများ စသည်တို့ ကျယ်ပြန့်စွာပါဝင်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ စုစည်းနေထိုင်ကြ၍ အမြင်သဘောထား၊ ယုံကြည်ချက်ခံယူချက်များ ကွဲပြားခြားနားကြပါသည်။ မည်သို့ပင် ကွဲပြားခြားနားကြသော်လည်း အားလုံး၏အကျိုးစီးပွား၊ ဘုံအကျိုးစီးပွား၊ အားလုံးငြိမ်းချမ်းသာယာဝပြောရေးအတွက် မတူကွဲပြားမှုများကြားမှ တူရာများပေါင်းစုကာ ကောင်းကျိုးများကို ဆောင်ကြဉ်းကြရမည်ဖြစ်သည်။ ထိုသဘောတရားကို အားလုံးကနားလည်လက်ခံကြသော်လည်း အချိန်ကာလကြာရှည်စွာ စွဲမြဲလာခဲ့ကြသည့် ယုံကြည်ချက်၊ ခံယူချက်များကို ဖျောက်ဖျက်နိုင်ရန်မှာ ခဲယဉ်းနေသည်ဟုယူဆပါသည်။ ယုံကြည်မှု၊ နားလည်မှုများ တည်ဆောက်ကြရမည်ဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများရပ်တန့်ရန်အတွက် NCA တွင် ပါဝင်လက်မှတ်ရေးထိုးပြီး မူဘောင်သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ကာ ကောင်းကျိုးများကို ဆောင်ကြဉ်း၍ ရနေပြီဖြစ်သည်။
ပြည်ထောင်စုကြီးအတွင်း နေထိုင်ကြသူအားလုံးတို့သည် ရေမြေသဘာဝကွဲပြားခြားနားမှုများအရ ယဉ်ကျေးမှုဓလေ့စရိုက်များ မတူကွဲပြားသော်လည်း ပြည်ထောင်စုကြီးအတွင်း အတူနေထိုင်ကြသည့် တစ်မိသားစုတည်း ဖြစ်ကြပါသည်။ မတူကွဲပြားမှုများကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ပေါင်းစပ်မှသာ ငြိမ်းချမ်းသာယာမှုကို ဆောင်ကြဉ်းနိုင်မည်ဖြစ်သည်။ အမြင်မတူမှုများ၊ စိုးရိမ်မှုများ၊ သံသယစိတ်များကို ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ယုံကြည်မှုတည်ဆောက်ခြင်းဖြင့် ဖယ်ရှားသွားနိုင်ပါသည်။ ငြိမ်းချမ်းရေးအတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရမည်ဖြစ်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရန်အတွက် ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ငြိမ်းချမ်းရမည်ဟူသည့် အမှန်တကယ်ဆန္ဒရှိဖို့ လိုအပ်ပါသည်။
ယခုအခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေကြပြီဖြစ်သည်။ တစ်ချိန်တည်းတွင် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့များနှင့်တွေ့ဆုံပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူလူထု၏ဆန္ဒဖြစ်သည့် နိုင်ငံရေးအရပါတီစုံ ဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ အုပ်ချုပ်ရေးအရဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးတို့ကို ဆက်လက်ဆွေးနွေးကြပြီး ငြိမ်းချမ်းရေးကို အမြန်ဆုံးခရီးရောက်အောင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်