Skip to main content

ရွှေတိဂုံစေတီတော်ကြီး၏ (၅၇၆)ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီ ၇

ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က စီစဉ်ကျင်းပသော ရွှေတိဂုံစေတီတော်ကြီး၏ (၅၇၆) ကြိမ်မြောက် အလှူတော်ငွေပေးအပ်လှူဒါန်းပွဲနှင့် အလှူရှင်များအား ထုတိအနုမောဒနာ ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက စေတီတော်ရင်ပြင်တော် တောင်ဘက် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။

ရှေးဦးစွာ အလှူရှင်များက အလှူတော်ငွေများကို ပေးအပ်လှူဒါန်းရာ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့် ကျသဘာပတိနှင့် အဖွဲ့ဝင်များကလက်ခံပြီး ထုတိအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေး အပ်သည်။

ထို့နောက် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ သြဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ပါဠိ တက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပဝရာဘိဝံသ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ နိုင်ငံတော် ဝိနည်းဓိုရ်၊ နိုင်ငံတော်(သီးခြား)ဝိနည်းဓိုရ်)ထံမှ ဂေါပက အဖွဲ့ဝင်များနှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရေစက်ချအနုမောဒနာတရား နာယူကြသည်။

ယနေ့ကျင်းပသည့် အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲတွင် ရွှေသင်္ကန်းတော် (ရွှေပြား) အလှူရှင် ၇၂ ဦးက ရွှေပြား ၉၇ ချပ်၊ ရင်ပြင်တော်အခင်းကျောက်ပြား အလှူရှင်များက ကျောက်ပြား ၁၅၇၃၃ ချပ် လှူဒါန်းခဲ့ကြပြီး ငွေသားအလှူရှင် ၃၈ ဦး အပါအဝင် လှူဒါန်းငွေစုစုပေါင်း ငွေကျပ် ၄၉၄,၁၆၇,၄၇၀ ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်