Skip to main content

ကျူးလွန်ခံခဲ့ရသူတို့အတွက် တရားမျှတမှုရရှိပိုင်ခွင့်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုထင်ရှားကြောင်း တွေ့ရှိရသဖြင့် အကြမ်းဖက် သမားလေးဦးအား သေဒဏ်အမိန့် ချမှတ်ခဲ့မှုနှင့်ပတ်သက်၍ ပြင်သစ်ဥရောပနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်မြို့ပြင်သစ်သံရုံး၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူနှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူတို့၏ တာဝန်မဲ့ပြောဆိုချက်၊ ထုတ်ပြန်ချက်များအပေါ် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ ကန့်ကွက်လိုက်သည်။

မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည်လည်း လွတ်လပ်သည့် တရားစီရင်ရေးစနစ်ဖြစ်သည်။ တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းဟူသော လောကပါလတရားသုံးပါး ထွန်းကားမှ လူ့ဘောင်ဘဝ ထွန်းကား တိုးတက်နိုင်မည်ဖြစ်သည်။ လူသည်တရားဥပဒေကို အကာအကွယ် အစောင့်အရှောက်အဖြစ် အသုံးပြုနိုင်သလို တရားဥပဒေနှင့်အညီ နေထိုင်ကြရမည်ဖြစ်ပြီး တရားဥပဒေနှင့်အညီ စီရင်ဆုံးဖြတ်မှုကိုလည်း ခံယူကြရမည်ဖြစ်သည်။ အပြစ်ရှိသူကို ထိုက်သင့်သောအပြစ်ပေးရန်နှင့် အပြစ်မရှိသောသူကို ဥပဒေအရ ကာကွယ်ပေးရန်မှာ တရားရုံးတို့၏ အဓိကဝတ္တရား ဖြစ်သည်။

ယခု အကြမ်းဖက်မှုကျူးလွန်ခဲ့သူများ၏ အခြားတစ်ဖက်တွင် ကျူးလွန်ခံခဲ့ရသော အပြစ်မဲ့ပြည်သူများ ရှိနေသည်ကိုလည်း သတိမူရမည်ဖြစ်ပြီး ကျူးလွန်ခံ ခဲ့ရသူများအတွက် တရားမျှတမှု ပေါ်ပေါက်ရေး၊ တရားမျှတမှုရရှိရေးတို့ကိုလည်း လေးစားကြရန်လိုသည်။ အကြမ်းဖက်မှုများကြောင့် သေဆုံးခဲ့ရသူများတွင် သံဃာတော်များ၊ ပညာရေးဝန်ထမ်း ဆရာ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အထွေထွေအုပ်ချုပ်ရေး၊ အကျဉ်းဦးစီး၊ နတလ၊ သစ်တော၊ လျှပ်စစ် စသည့်ဌာနဆိုင်ရာများမှ ဝန်ထမ်းအများအပြား သေဆုံး၊ ဒဏ်ရာ ရခဲ့ကြသလို အကြောင်းမဲ့ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရသူများ ရာနှင့်ချီ၍ရှိခဲ့သည်။ အဆိုပါ ဖြစ်စဉ်များ ဖြစ်ပွားခဲ့စဉ်က သတင်းများ ထုတ်ပြန်ခဲ့သလို သတင်းစာရှင်းလင်းပွဲများတွင်လည်း သက်သေအထောက်အထား များစွာနှင့်တကွ ထုတ်ပြန်ရှင်းလင်းခဲ့သည်။ ယခု အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် အကြမ်းဖက်သမားလေးဦး သေဒဏ်ချမှတ်ခံရခြင်းအပေါ် တာဝန်မဲ့ပြောဆို၊ ထုတ်ပြန်ခဲ့သူများမှာ အပြစ်မဲ့ပြည်သူများ၊ ဝန်ထမ်းများအား ဒေါက်တိုင်များ၊ ဒလန်များဟူ၍စွပ်စွဲပြီး အကြမ်းဖက်သမားများက သတ်ဖြတ် ခဲ့စဉ်က မသိချင်ယောင်ဆောင်ကာ နှုတ်ဆိတ်နေခဲ့ကြသူများသာ ဖြစ်သည်။

အသက်ရှင်ခြင်း၊ လွတ်လပ်ခြင်းနှင့် လုံခြုံခြင်းကို ရရှိခွင့်သည် လူတိုင်းအတွက် လူ့အခွင့်အရေး ဖြစ်သည်။ ထိုလူ့အခွင့်အရေးကို မျက်ကွယ်ပြု ဖောက်ဖျက်ကာ နိုင်ငံရေးရည်မှန်းချက်အတွက် အပြစ်မဲ့အရပ်သားများကို လုပ်ကြံသတ်ဖြတ်ခဲ့သူသည် အကြမ်းဖက် လူသတ်သမားသာဖြစ်ပြီး တရားဥပဒေနှင့်အညီ တရားစီရင်မှုသည် တရားရုံးတို့၏ တာဝန်ဖြစ်သလို ကျူးလွန်ခံခဲ့ရသူတို့ အတွက် တရားမျှတမှု ရရှိပိုင်ခွင့်ပင် ဖြစ်ပါကြောင်း။ ။