Skip to main content

ကမ္ဘာမြေရေရှည်ရှင်သန်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်း

လူသားများအနေဖြင့် ပိုမိုရေရှည်တည်တံ့ပြီး ပိုမိုစိမ်းလန်းစေမည့် ပတ်ဝန်းကျင်နှင့် ညီညွတ်သည့် လူနေမှုဘဝများကို ဖြစ်နိုင်သမျှ ပြောင်းလဲဖော်ဆောင်ကြရန်၊ တစ်နည်းအားဖြင့် လူသားများ ရေရှည်ရှင်သန်နိုင်ရန်အတွက် သဘာဝနှင့်ညီညွတ် မျှတစွာ နေထိုင်နိုင်ကြစေရန်၊ ပြောင်းလဲဖြစ်ပေါ်နေသည့် ကမ္ဘာ့ပတ်ဝန်းကျင် အခြေအနေများကို အားလုံးသိရှိကြပြီး လိုအပ်သည့်တုံ့ပြန်မှုများကို အချိန်မီဆောင်ရွက်နိုင်ကြစေရန်နှင့် တစ်ခုတည်းသော ကမ္ဘာမြေကို မိမိတို့အားလုံး ဝိုင်းဝန်းပူးပေါင်း ထိန်းသိမ်းကာကွယ်ကြရန် ၂၀၂၂ ခုနှစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့တွင် တိုက်တွန်းနှိုးဆော်ထားသည်။

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP) က ၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဆဋ္ဌမအကြိမ် ကမ္ဘာလုံးဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေဆန်းစစ်ခြင်း အစီရင်ခံစာတွင် လာမည့် ၂၀၅၀ ပြည့်နှစ်အထိကာလအတွင်း ကမ္ဘာ့မြို့ပြလူဦးရေသည် ဆက်လက်တိုးပွားနေပြီး မြို့ပြဖြစ်ထွန်းလာမှုကို စနစ်တကျစီမံခန့်ခွဲနိုင်ခြင်းမရှိခဲ့ပါက လူမှုရေးနှင့်ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများကို ကြုံတွေ့ရမည်ဖြစ်ကြောင်း၊ လူဦးရေကြီးထွားလာမှုကြောင့် တစ်ဦးချင်းစီရရှိနိုင်မည့် ဂေဟစနစ်ဝန်ဆောင်မှုများ လျော့နည်းလာမည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးမှု လုပ်ငန်းများတွင် ပတ်ဝန်းကျင်အစီအမံများကို ဂရုမပြုခဲ့ပါက သယံဇာတ အရင်းအမြစ်များ လျော့နည်းပြုန်းတီး၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးခြင်းများနှင့် ပိုမိုကြုံတွေ့နိုင်ကြောင်း အသိပေးထားသည်။

ကမ္ဘာမြေနှင့် သဘာဝပတ်ဝန်းကျင်ကို လူတို့ရလိုမှုတစ်ခုတည်းဖြင့် ဆောင်ရွက်နေမှု၊ မဆင်မခြင် အသုံးချမှုများကြောင့် ကမ္ဘာမြေနှင့် သဘာဝပတ်ဝန်းကျင် တစ်ခုလုံး တစ်စတစ်စ ယိုယွင်းပျက်စီးနေသည်ကို တွေ့ရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရာသီဥတုပြောင်းလဲလာပြီး ဥတုရာသီ မမျှတခြင်းနှင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့အား နိုင်ငံအများ ကြုံတွေ့နေကြရာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။ ရာသီဥတုပြောင်းလဲမှုသည် အနာဂတ်လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအဟန့်အတား စိန်ခေါ်မှုဖြစ်လာသည်။ အမျိုးမျိုးကြုံတွေ့လာရမည့် သဘာဝဘေးအန္တရာယ်များကို အရေးတကြီးဖြေရှင်းရန် လိုအပ်လျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့်လည်း ကမ္ဘာ့နိုင်ငံများနှင့်အတူ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု၊ ရာသီဥတုပြောင်းလဲခြင်း၏ ဆိုးကျိုးသက်ရောက်မှုများကို တားဆီးလျှော့ချနိုင်ရန် အလေးထားကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (MSDP) မူဘောင်အတွင်းမှ နိုင်ငံတော်ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ယင်းကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူများအားလုံး၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျန်းမာပျော်ရွှင်ရေးအတွက် သန့်ရှင်းသောပတ်ဝန်းကျင်နှင့် ကောင်းမွန်သော ဂေဟစနစ်ကိုထိန်းသိမ်းနိုင်ရန်ချမှတ်ထားသည့် အမျိုးသားပတ်ဝန်းကျင်ရေးရာ မူဝါဒရည်မှန်းချက်နှင့် အခြေခံမူများကို ထိရောက်အောင်မြင်အောင် ဖော်ဆောင်နိုင်ရန်အတွက် ကဏ္ဍအသီးသီးတွင် ရေတို/ရေရှည် စီမံချက်များဖြင့် ပေါင်းစပ်အကောင်အထည်ဖော် သွားကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပတ်ဝန်းကျင်ရေးရာ ကိစ္စရပ်များကို ထည့်သွင်းပေါင်းစပ်ခြင်းဖြင့် ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်မှု ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးမူကို ရရှိစေရေး၊ စီးပွားရေးဖွံ့ဖြိုးရေးကို ကြိုးပမ်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေဘဲ ကာဗွန်ထုတ်လုပ်မှု လျော့နည်းသည့် အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများကို အားပေးမြှင့်တင်ရေး၊ ရာသီဥတု ပြန်လည်မျှတလာစေရေးနှင့် ဂေဟစနစ်များ ထိန်းသိမ်းရေး၊ စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအပါအဝင် ညစ်ညမ်းမှု ထိန်းသိမ်းကာကွယ်ရေးတို့ကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုသည် ပတ်ဝန်းကျင်ကို အလေးမထားဘဲ စီးပွားရေးကိုသာ ဦးစားပေးလုပ်ကိုင်ကြရာ နောက်ဆက်တွဲအကျိုးရလဒ်များ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် ကာဗွန်ထုတ်လုပ်မှုလျော့နည်းသော အစိမ်းရောင်စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ကိုသာ ဦးစားပေးလုပ်ကိုင်ပြီး ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အစိမ်းရောင်စီးပွားရေးဆိုသည်မှာ နေရောင်ခြည်စွမ်းအင်သုံး စွမ်းအင် ထုတ်လုပ်ရေးလုပ်ငန်းများ၊ ကာဗွန်မထွက်သည့် လျှပ်စစ်မော်တော်ယာဉ် စက်ပစ္စည်းများနှင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများစသည့် ဆက်စပ်ပတ်သက်သည့် လုပ်ငန်းများဖြစ်သည်။

သို့ဖြစ်ရာ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် မိဘပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ကြပြီး ကျွန်ုပ်တို့၏ တစ်ခုတည်းသော ဤကမ္ဘာမြေ ရေရှည်တည်တံ့ ရှင်သန်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ပါဝင်လက်တွဲ၍ ထိန်းသိမ်း ကာကွယ် ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။       ။