နေပြည်တော် မတ် ၁၈
ကမ္ဘာ့ကပ်ရောဂါဖြစ်သည့် COVID – 19 ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်တားဆီးရန်နှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်များကြောင့် ဗြိတိသျှကောင်စီရုံးများကို မတ် ၁၉ ရက်မှ စတင်၍ ယာယီပိတ်ထားမည်ဖြစ်သော်လည်း အွန်လိုင်းအခမဲ့ အင်္ဂလိပ်စာ သင်တန်းများနှင့် ဒစ်ဂျစ်တယ် စာကြည့်တိုက်ဝန်ဆောင်မှုများကို အွန်လိုင်း မှတစ်ဆင့် ဆက်လက်ရယူနိုင်ကြောင်း ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန် ထားသည်။
စာကြည့်တိုက်ဝန်ဆောင်မှုများကို ဧပြီ ၃၀ ရက်အထိ ယာယီဆိုင်းငံ့ ထားမည်ဖြစ်ပြီး နွေရာသီရက်တိုသင်တန်းများအပါအဝင် သင်တန်းများ အားလုံးကိုလည်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။ ယူကေ စာမေးပွဲ ဝန်ဆောင်မှုများအားလုံးကိုလည်း ပြန်လည်သုံးသပ်လျက်ရှိပြီး အချို့ယူကေ စာမေးပွဲဘုတ်အဖွဲ့များသည် မြန်မာနိုင်ငံရှိ စာမေးပွဲများကို ရွှေ့ဆိုင်းထားပြီး ဖြစ်ကြောင်း သိရသည်။ ဗြိတိသျှကောင်စီမှ စာမေးပွဲနှင့် ပတ်သက်သည့် အချက်အလက်များကို အသိပေးသွားရန်ရှိပြီး IELTS နှင့် Cd IELTS ဖြေဆိုမည့်သူများသည် ဝင်ခွင့်များနှင့်အတူ ဗြိတိသျှကောင်စီ အဆောက် အအုံများသို့ လာရောက်စုံစမ်းနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
သွန်းဝဿန်