နေပြည်တော် မတ် ၁၈
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းသည် ရွေးကောက်ပွဲ မူဘောင် ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှု (Electoral Reform Coordination Body – ERCB) အဖွဲ့ဝင် အရပ်ဘက်လူမှုအဖွဲ့အစည်း (၈) ဖွဲ့မှ ကိုယ်စားလှယ်များနှင့် ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ERCB အဖွဲ့အနေဖြင့် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲများ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခဲ့မှု၊ မဲဆန္ဒရှင်စာရင်း ကောက်ယူပြုစုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ ထုတ်ပြန်နေမှုနှင့် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး၊ ရွေးကောက်ပွဲ ဖြစ်စဉ်များတွင် အမျိုးသမီးများ ပါဝင်မှုမြှင့်တင်ရေးနှင့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် အခန်းကဏ္ဍများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးကြသည်။
သတင်းစဉ်