Skip to main content

အခုကုန်ကြမ်းတွေရောက်တဲ့အတွက် တစ်လလောက်တော့ စက်ရုံလည်ပတ်လို့ ရသွားတယ်

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဂယက်ကြောင့် မြန်မာနိုင်ငံရှိ အထည်ချုပ် လုပ်ငန်းများတွင် ကုန်ကြမ်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ပြီး အထည်ချုပ်စက်ရုံတချို့ လုပ်ငန်းရပ်ဆိုင်း မှုများ ဖြစ်ပေါ်ခဲ့သည်။

ကျန်ရှိနေသည့် အထည်ချုပ်စက်ရုံများ ကုန်ကြမ်း ပြတ်လပ်မှုမရှိစေရေးနှင့် လုပ်ငန်းပုံမှန်လည်ပတ်နိုင်စေရေး အတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး စီးပွားရေးဌာန၊ China Enterprise Chamber of Commerce in Myanmar (CECCM)တို့ ပူးပေါင်းပြီး အထည်ချုပ်စက်ရုံများအတွက် လိုအပ်သည့် ကုန်ကြမ်း ပစ္စည်းများကို နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းနှင့် လေကြောင်းများမှ နေ့စဉ်တင်သွင်းလျက်ရှိသည်။

မတ် ၁၇ ရက် ညပိုင်းတွင် မြန်မာနိုင်ငံရှိ အထည်ချုပ် စက်ရုံများအတွက် အရေးကြီးလိုအပ်နေသည့် ကုန်ကြမ်း ပစ္စည်းများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ကျိုးမြို့မှ AQ-1359 Cargo ကုန်တင်လေယာဉ်ဖြင့် တင်သွင်းလာခဲ့ရာ အဆင်ပြေ ချောမွေ့စေရေးအတွက် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ကြ သူများအား တွေ့ဆုံမေးမြန်းထားသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့်စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက “မကြာခင် ကုန်ကြမ်းပြတ်တော့မှာကြောင့် ပိတ်သွားမယ့် စက်ရုံတွေက အလုပ်သမားတွေအတွက် လစာတွေကို ဘယ်လိုပေးမလဲ။ လစာကို စက်ရုံက ကုန်ကြမ်းပြတ်လို့ စက်ရုံပိတ်တာလည်းရှိမယ်။ ကုန်ကြမ်းပြတ်လို့ စက်ရုံ ပိတ်သွားတယ်ဆိုရင် သူတို့ဘက်ကလည်း ဆုံးရှုံးပါတယ်။ သို့သော် လည်း ကျွန်မတို့ အလုပ်သမားတွေအတွက်ကိုလည်း လစာဘယ်လိုပေးမလဲဆိုတဲ့ အချက်ကိုလည်း ဆွေးနွေးကြ ပါတယ်။

“နောက်တစ်ခုက ညပိုင်းကုန်တင်လေယာဉ် ဝင်လာ မယ့် ကိစ္စပါ။ ဒီကုန်တင် လေယာဉ်က စက်ရုံ ၁၁ ရုံအတွက် ဝင်လာမယ်။ စက်ရုံ ၁၁ ရုံအတွက် တစ်လစာလောက် သင်္ကြန်မတိုင်ခင် အခြေအနေအထိ စက်ရုံ ၁၁ ရုံက ပုံမှန် လည်ပတ်နိုင်ပြီး စက်ရုံမပိတ်ရအောင် လေယာဉ်နဲ့ အမြန်ဆုံးသွင်းထားတယ်။ ဒီစက်ရုံ ၁၁ ရုံကတော့ သေချာပေါက်မပိတ်ရတော့ဘူး။ အလုပ်သမားတွေကိုလည်း အလုပ်ဖြုတ်စရာမလိုဘူး။ အဓိက ဆွေးနွေးတာက တကယ်ကို ကုန်ကြမ်းပြတ်တောက်လို့ စက်ရုံတွေ ပိတ်လိုက်မှာလား။ ဒါမှမဟုတ် ကုန်ကြမ်းပြတ်တောက်တာ ဗိုင်းရပ်စ်ကို အကြောင်းပြပြီး ရှုံးပါတယ်ဆိုတဲ့ အကြောင်းပြ ချက်နဲ့ ပိတ်တာလား။ အခုဆိုရင် စိစစ်ပြီး ခွဲခြားနေပါတယ်။

“စိစစ်ခွဲခြားနေသော်လည်း အခုချိန်ထိကတော့ တိကျတဲ့ အဖြေမရသေးဘူး။ ပြောတာကတော့ ကုန်ကြမ်းပြတ်တောက်တယ်။ ဒါကြောင့် တချို့တွေက ခေတ္တခဏ ပိတ်မယ်ပြောတယ်။ ရှေ့လမှာလည်း သင်္ကြန်က ၁၀ ရက်ကျော် ပိတ်ထားမှာဖြစ်တဲ့အတွက် သင်္ကြန်ပြီးရင် ပြန်ဖွင့်နိုင်အောင် ကုန်တင်လေယာဉ်တွေနဲ့ တင်သွင်းပေး မယ်။ ကျွန်မတို့အစိုးရဘက်အနေနဲ့လည်း တတ်နိုင် သလောက် တင်လာတဲ့ ကုန်ကြမ်းတွေကို မြန်မြန်ထုတ် နိုင်အောင် ကူညီပေးဖို့ ပြောတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိနေတဲ့ အထည်ချုပ်စက်ရုံတစ်ခုတည်း မဟုတ် ပါဘူး။ တခြားစက်ရုံတွေလည်း အများကြီးရှိပါတယ်။ အထည်အလိပ်တစ်ခုတည်း ကုန်ကြမ်းပြတ်တာ မဟုတ်ပါ ဘူး။ တခြားစက်ရုံတွေက သွင်းလာမယ် ကုန်ကြမ်းတွေကို ရေကြောင်းကနေလည်း အမြန်ဆုံးလာနိုင်အောင်၊ ကုန်းကြောင်းကနေလည်း အမြန်ဆုံးလာနိုင်အောင်အပြင် လေကြောင်းနဲ့လည်း လာနိုင်အောင် အမြန်ဆုံးထုတ်ယူ နိုင်အောင်၊ ချောချောမွေ့မွေ့ဖြစ်အောင် ကျွန်မတို့ လွှတ်တော်ဘက်ကလည်း ပံ့ပိုးဆောင်ရွက်ပေးတာ ဖြစ်ပါ တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က “အထည်ချုပ်စက်ရုံတွေက သူတို့စရိတ်နဲ့ သယ်လာတာပါ။ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့အလုပ်ဆက်လုပ်နိုင်ဖို့ လေယာဉ်နဲ့ တင်လာတာပါ။ လေယာဉ်နဲ့ တင်တဲ့စရိတ်က အတော်ကြီးပါတယ်။ ပေ ၂၀ သင်္ဘောတစ်စင်းစာက လေယာဉ်နဲ့ဆိုရင် လေယာဉ်တစ်စင်းကိုပဲ နှစ်ဆဖြစ်နေပြီဆို တော့ တော်တော်ကုန်ကျမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သူတို့အနေနဲ့က အလုပ်မရှိတော့ ကြိုးစားပြီး လုပ်ကြည့်တာ ပေါ့။ ဟိုဘက်က တရုတ်နိုင်ငံမှာလည်း ထုတ်လုပ်မှုက အကန့်အသတ်တွေ ရှိနေပါတယ်။ အကန့်အသတ်ရှိတော့ ရသလောက်ကို လေယာဉ်နဲ့ ကဲ့လိုက်၊ ယူလာလိုက် လုပ်နေ ရတယ်။ တကယ်လို့ ဒါအောင်မြင်ရင် ရသလောက်ကို လေယာဉ်နဲ့ ကဲ့ပြီးသယ်ဖို့ အစီအစဉ်ရှိပါတယ်။ အလုပ်ရှင် တွေအနေနဲ့ ကိုယ့်အလုပ်သမားတွေကိုလည်း အလုပ် အဆက်မပြတ်ပေးနိုင်အောင် အလုပ်ကိုလည်း ဆက်လုပ် ချင်တဲ့ ဦးတည်ချက်နှစ်ချက်နဲ့ သယ်လာတာပါ။

“လောလောဆယ်မှာ မြန်မာနိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်း တော်တော်များများက တရုတ်နိုင်ငံက ကုန်ကြမ်း ကို မှီရတာပါ။ အထူးသဖြင့် အထည်ချုပ်နဲ့ သက်ဆိုင်တဲ့ ကုန်ပစ္စည်း တော်တော်များများက တရုတ်ကို မှီရတာပါ။ တရုတ်နိုင်ငံမှာ COVID-19 ရောဂါဖြစ်သွားတဲ့အချိန်မှာ တကယ်ကိုပဲ ကျွန်မတို့နိုင်ငံမှာ ကုန်ကြမ်းက အခက်အခဲ တော်တော်ရှိသွားပါတယ်။ ဒီဇင်ဘာလကတည်းက စဖြစ်ပြီးတော့ ဇန်နဝါရီလလောက်မှာ ကြေညာလိုက်တော့ ကျွန်မတို့မှာရှိတဲ့ ကုန်ကြမ်းကလည်း ပုံမှန်ဆိုရင် ကျွန်မတို့ လုပ်ငန်းသဘာဝအရ နှစ်လသုံးလစာကတော့ ရှိနေရပါ တယ်။ ဒါကြောင့်မို့ စက်ရုံတော်တော်များများက သုံးလ ကုန်ခါနီးရင် ကုန်ကြမ်းပြတ်တော့မယ်လို့ပြောလာတယ်။ ဒီကြားထဲမှာ တရုတ်နိုင်ငံက လာဖွင့်တဲ့ အထည်ချုပ် ၁၁ ရုံကတော့ အလုပ်သမားပေါင်းလည်း တစ်သောင်းကျော်ရှိ တော့ အခုကုန်ကြမ်း ရောက်လာပြီဖြစ်တဲ့အတွက် ဧပြီလ ကုန်အထိ လည်ပတ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ တစ်ဆင့်ခံစက်ရုံတွေအတွက်ကတော့ ဒီလိုလုပ်ဖို့ အခက်အခဲ ရှိပါလိမ့်မယ်” ဟု ပြောသည်။

မြန်မာနိုင်ငံ တရုတ်အထည်အလိပ် အထည်ချုပ်အသင်း ဥက္ကဋ္ဌ ဦးစန်းခွန်က “ အခုကုန်ကြမ်းတွေရောက်တဲ့အတွက် တစ်လလောက်တော့ စက်ရုံလည်ပတ်လို့ ရသွားတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်စက်ရုံအလုပ်သမား တွေ အဆင်ပြေအောင် ကြိုးစားဆောင်ရွက် နေပါတယ်။ အရေးကြီးတဲ့ လိုအပ်တဲ့ပစ္စည်းတွေကို လေယာဉ်နဲ့ တင်သွင်းလာတာပါ။ လေယာဉ်ခက ဈေးကြီးပါတယ်။ အခုလေယာဉ်နဲ့ တင်လာတာ ပိတ်စအပြင် ကြယ်သီးတွေ၊ ချည်တွေလည်းပါတယ်။ ဒီလကုန်ရင် အဆင်ပြေသွားမှာ ဖြစ်ပါတယ်။ အခုက လိုအပ်တဲ့ပစ္စည်းတွေ တင်သွင်းလာ တာပါ။ ရေကြောင်းနဲ့ ကုန်းလမ်းကတော့ ပုံမှန်ပို့နေပါ တယ်။ စက်ရုံတွေမပိတ်အောင်၊ ကုန်ကြမ်းပြတ်လပ်မှု မရှိအောင်တော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ပြောသည်။

တွေ့ဆုံမေးမြန်း-မင်းသစ်(MNA)

ဓာတ်ပုံ-နေလင်း