ရန်ကုန် မတ် ၁၈
COVID-19 ရောဂါ ဖြစ်ပွားပျံ့နှံ့မှု ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် ရွှေတိဂုံ စေတီတော် ဝတ္ထုကံမြေအတွင်းရှိ ဘုန်းကြီး ကျောင်း၊ သီလရှင်ကျောင်း၊ ဇရပ်၊ ဓမ္မာရုံများ တွင် တရားစခန်းများကျင်းပခြင်း၊ စုပေါင်း ဒုလ္လဘရဟန်းခံပွဲများကျင်းပခြင်း၊ အနယ်နယ် အရပ်ရပ်မှ လာရောက်ကြသည့် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များ သီတင်းသုံး နေထိုင်ခြင်း၊ လူစုလူဝေးဖြင့် စတုဒိသာ ကျွေးမွေး လှူဒါန်းခြင်းများကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ညွှန်ကြားချက် ထပ်မံမထုတ် ပြန်မီကာလအတွင်း မပြုလုပ်ကြရန် ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့ရုံးမှ ညွှန်ကြား ထားကြောင်း သိရသည်။
ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံး ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင်က “ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားပျံ့နှံ့မှု ကြိုတင်ကာကွယ် တားဆီးနိုင်ဖို့အတွက် ပြည်ပ ဘုရားဖူးတွေကို ဖေဖော်ဝါရီလကစပြီး ရွှေတိဂုံစေတီတော်ကို ရောက်ရှိလာရင် ပထမဦးဆုံး အပူချိန်တိုင်း ပေးပါတယ်။ လက်သန့်ရှင်းရေးအတွက် လက်ဆေးကန်တွေထားပြီး လက်ဆေးခိုင်းပါ တယ်။ နောက် နှာခေါင်းစည်းတွေ အခမဲ့ ဖြန့်ဝေတပ်ဆင်ပြီးမှ ဘုရားပေါ်ကို တက်ရောက် ဖူးမြော်စေပါတယ်။
“အခုဆိုရင် ပြည်တွင်းဘုရားဖူးတွေ ကိုလည်း အပူချိန်တိုင်းပါတယ်။ နှာခေါင်းစည်း တွေကိုလည်း အခမဲ့ဖြန့်ဝေပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ လက်သန့်ရှင်းရေး အတွက် လက်ဆေးကန်တွေကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ ရွှေတိဂုံစေတီ တော် ရင်ပြင်ထောင့်အသီးသီးမှာလည်း COVID-19 ကာကွယ်နိုင်ရေးနဲ့ ပတ်သက်တဲ့ လမ်းညွှန်ဆောင်ရွက်ရမယ့် ဗီနိုင်းတွေ ထောင်ထားပေးပါတယ်” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက ရွှေတိဂုံစေတီတော် သာသနိကအဆောက်အဦများ သန့်ရှင်းရေး နှင့်ပတ်သက်၍ “ည ၁၀ နာရီထိုးပြီးတာနဲ့ ရွှေတိဂုံစေတီတော်ရင်ပြင်၊ ဇရပ်၊ စောင်းတန်း တွေ၊ ဓာတ်လှေကားတွေကို ဆပ်ပြာရည်၊ ပိုးသတ်ဆေးရည်တွေနဲ့ လိုက်လံဆေးကြော ပေးနေပါတယ်။ ဘုရားစောင်းတန်းတွေမှာ ဘုရားဖူးတွေ ဝတ်ပြုလာရောက်ကြတဲ့အခါ တစ်ဦးနဲ့တစ်ဦး သုံးပေခွာပြီး ဝတ်ပြုပေးကြ ဖို့လည်း မေတ္တာရပ်ခံထားပါတယ်။ လက်ရှိ အချိန်မှာလည်း ရွှေတိဂုံစေတီတော်ကို ပြည်တွင်း ပြည်ပက ဘုရားဖူးဧည့်သည်တွေ နေ့စဉ်လာရောက် ဖူးမြော်လျက်ရှိပါတယ်” ဟု ပြောသည်။
ကိုကိုဇော်