Skip to main content

ပဲခူးတိုင်းဒေသကြီးအတွင်း တန်ဖိုးသင့်အိမ်ရာ တည်ဆောက်နိုင်ရေး လာရောက်ရှင်းလင်းတင်ပြ

ပဲခူး  မတ်  ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့နံနက် ၉ နာရီခွဲက ပြည်မြို့နယ်အတွင်း တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်နိုင်ရေး လုပ်ငန်းစီမံချက်နှင့် ပတ်သက်၍ Golden Zenith Co., Ltd မှ တာဝန်ရှိသူများက လာရောက်ရှင်းလင်းတင်ပြခဲ့သည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက "လူဦးရေတိုးပွားလာသည်နှင့်အမျှ မြို့ပြအိုးအိမ် လိုအပ်ချက်သည်လည်း မြင့်မားလာမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် စနစ်ကျသည့် မြို့ပြအိမ်ရာတစ်ခု ဖြစ်စေရန် လမ်း၊ စျေး၊ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦ၊ ဝန်ဆောင်မှုပေးမည့် အစိုးရဌာနဆိုင်ရာ အဆောက်အဦများ၊ ပြည်သူများအတွက် အပန်းဖြေရန်နေရာ စသည်တို့ ပါဝင်ရမည်ဖြစ်ကြောင်း၊ ယခုအချိန်ကတည်းက စနစ်ကျသော မြို့ပြများတည်ဆောက်ရန် လျာထားစီမံထားမှသာ အနာဂတ်တွင် အသုံးဝင်နိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း ရရှိသည့် ဘဏ္ဍာငွေအပေါ် မူတည်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေရသည့် အချိန်အခါဖြစ်၍ ပြည်သူများအတွက် အိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် အခက်အခဲရှိကြောင်း၊ ယခုလို ပြည်သူအတွက် တန်ဖိုးသင့်အိမ်ရာများ တည်ဆောက်၍ (၅)နှစ် အရစ်ကျစနစ်ဖြင့် ဘဏ်နှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပေးမည်ကို သိရှိရ၍ ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း" ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက အစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ လိုအပ်ချက်များကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းသက်နိုင်မိုးက မြို့ပြအိမ်ရာ တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ဒီဇိုင်းရေးဆွဲမှုနှင့် ပါဝင်ရမည့် အခြေခံအချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် Golden Zenith Co., Ltd မှ Managing Director ဦးမြင့်သန်းဦး ပဲခူးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်ကိုလည်းကောင်း၊ တာဝန်ခံ အင်ဂျင်နီယာ ဦးစိုးနိုင်က တည်ဆောက်မည့် အဆောက်အဦ ဒီဇိုင်းများ၊ လမ်း၊ ဆေးခန်း၊ စျေး၊ ပြည်သူအပန်းဖြေနေရာစသည်တို့အား ရှင်းလင်းတင်ပြခဲ့သည်။

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ Golden Zenith Co., Ltd မှ Managing Director ဦးမြင့်သန်းဦး နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဟိန်းထက်(ပဲခူး)