Skip to main content

အစားအစာ ဘေးကင်းလုံခြုံမှုမှတဆင့် ဥယျာဉ်ခြံသီးနှံများ၏ တန်ဖိုးကွင်းဆက် မြှင့်တင်ရေးစီမံကိန်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

နေပြည်တော်  မတ်  ၁၉

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA Myanmar ရုံးမှ တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် Chief Representative ဖြစ်သူ Mr. Karasawa Masayuki နှင့် Chief Representative အဖြစ် စတင်တာဝန်ထမ်းဆောင်မည့် Mr. Sakakura Noriji တို့အား နေပြည်တော် ရုံးအမှတ် (၁၅) ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ မြန်မာ့လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ထို့နောက် စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့်  JICA Myanmar ရုံးမှ Chief Representative Mr. Sakakura  Noriji တို့က စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် JICA တို့ ပူးပေါင်းဆောင်ရွက်မည့် နည်းပညာအထောက်အပံ့ စီမံကိန်းတစ်ခုဖြစ်သည့် အစားအစာ ဘေးကင်းလုံခြုံမှုမှတဆင့် ဥယျာဉ်ခြံသီးနှံများ၏ တန်ဖိုးကွင်းဆက် မြှင့်တင်ရေးစီမံကိန်း နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး ခဲ့ကြသည်။

၂၀၂၀ ပြည့်နှစ် မတ်လ မှ ၂၀၂၄ ခုနှစ် မတ်လအထိ ၄ နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်နှင့် ရှမ်းပြည်နယ် ကလောမြို့နယ်များတွင် ဆောင်ရွက်မည့် အဆိုပါစီမံကိန်းအရ သတ်မှတ်ဧရိယာအတွင်း ရွေးချယ်ထားသည့် တောင်သူအစုအဖွဲ့များအား စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းများတိုးတက်စေရေးနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ်ကာ အခြေခံစာရင်းများ ကောက်ခံခြင်း၊ ဟင်းသီးဟင်းရွက် သီးနှံတန်ဘိုး ကွင်းဆက်တိုးတက်ရေးနှင့် သက်ဆိုင်သော စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများနှင့် ပါဝင်လုပ်ကိုင်သူများကို အင့်အားတောင့်တင်းစေရန် ဆောင်ရွက်ပေးခြင်းနှင့်တောင်သူများအတွက် လက်ရှိချေးငွေ ဝန်ဆောင်မှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ယင်းစီမံကိန်းအရ ဟင်းသီးဟင်းရွက်သီးနှံ တန်ဘိုးကွင်းဆက်မြှင့်တင်ခြင်းဖြင့်  စီမံကိန်းဧရိယာအတွင်းရှိ တောင်သူများ၏ ဝင်ငွေပိုမို တိုးတက်ရရှိစေရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ဟင်းသီးဟင်းရွက် သီးနှံတန်ဘိုး ကွင်းဆက် ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် အကျိုးအမြတ် ဖြစ်ထွန်းစေမည့် ဟင်းသီးဟင်းရွက် သီးနှံများကို စီမံကိန်းဧရိယာပြင်ပတွင်လည်း လက်တွေ့ စိုက်ပျိုးထုတ်လုပ်နိုင်စေရန် မျှော်မှန်း ဆောင်ရွက်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)