Skip to main content

စီးပွားရေးမောင်းနှင်အား ထုတ်လုပ်မှုစွမ်းအားမြှင့်တင်

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးကောင်းမွန်ရေးသည် အဓိကကျသည့်အချက်ဖြစ်သည်။ တိုင်းပြည်တွင် မည်သည့်အခြေအနေရှိနေသည်ဖြစ်စေ စီးပွားရေးလည်ပတ်ကောင်းမွန်မှသာ ပြည်သူများဘဝ ရပ်တည်ရှင်သန်နိုင်မည်ဖြစ်သည်။ သမိုင်းတွင် အစိုးရနှင့် ပြည်သူ ပြည်သားများသည် စစ်အတွင်းကာလ၌ပင် စီးပွားရေးအတွက် မဖြစ်မနေ လုပ်ကိုင်ဆောင်ရွက်ကြရသည်။ စီးပွားရေးသည် အရာရာကိုဖန်တီးဖြေရှင်းနိုင်သဖြင့် စီးပွားရေးကို ကြိုးပမ်းလုပ်ကိုင်ကြရမည်ဖြစ်သည်။

“နိုင်ငံတစ်နိုင်ငံကို တည်ဆောက်မောင်းနှင်ကြရာတွင် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားဟူ၍ မောင်းနှင်အားသုံးမျိုးရှိကြောင်း၊ နိုင်ငံရေးတည်ငြိမ်မှု၊ စည်းလုံးမှုရှိပါက နိုင်ငံရေးအားကောင်းမွန်ပြီး စစ်ရေးအင်အား၊ လုံခြုံရေးအင်အားကောင်းမွန်ပါက ကာကွယ်ရေးအင်အား ကောင်းမွန်မည်ဖြစ်ကြောင်း၊ ယင်းအင်အားနှစ်ခု ကောင်းမွန်ရန်အတွက် အခြေခံမှာစီးပွားရေးအင်အားဖြစ်၍ စီးပွားရေးမောင်းနှင်အားသည် တိုင်းပြည်တွက်အဓိကကျကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇွန်လ ၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြောကြားခဲ့သည်။

မျက်မှောက်ကာလတွင် ကမ္ဘာပေါ်ရှိနိုင်ငံများကို လေ့လာကြည့်လျှင် ကိုဗစ်-၁၉ ရောဂါကို ကြာရှည်ရင်ဆိုင်ကြုံတွေ့နေကြပြီး အချို့နိုင်ငံများတွင် နိုင်ငံရေးမတည်ငြိမ်မှု၊ ပဋိပက္ခများနှင့် စစ်ပွဲများကြုံတွေ့နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံများသည် ပဋိပက္ခအမျိုးမျိုး၊ ရောဂါဘေးအန္တရာယ်အသွယ်သွယ် ကြုံတွေ့နေကြရသော်လည်း မိမိနိုင်ငံ၏ စီးပွားရေးကို တိုးတက်လာအောင် ကြိုးပမ်းလုပ်ကိုင်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံရေးပြဿနာ၊ ရောဂါဘေးအန္တရာယ် အခက်အခဲမျိုးစုံကြုံတွေ့နေသော်လည်း နိုင်ငံသူ နိုင်ငံသားများ ဘဝရှင်သန်ရပ်တည်နေထိုင်ရေးအတွက် စီးပွားရေးကို ရုန်းကန်လှုပ်ရှားလုပ်ကိုင်နေသည်ကို တွေ့ရမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်ကို တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဟူသည့် အချက်နှစ်ချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံတော်၏ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ် အောင်မြင်စေရန်အတွက် စီးပွားရေးတိုးတက်ကောင်းမွန်လာရေးသည် အဓိကကျသည့်အချက်ဖြစ်၍ နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက် လာစေရန် ကုန်ထုတ်စွမ်းအားမြင့်မားတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံသည် သဘာဝအခြေခံကောင်းများရှိသည့် ရေခံ၊ မြေခံကောင်းမွန်သောနိုင်ငံဖြစ်သည်။ တိုင်းပြည်တွင် ရှေးအစဉ်အဆက် စားနပ်ရိက္ခာပေါများကြွယ်ဝခဲ့ပြီး စီးပွားရေးနှင့်လူနေမှုဘဝ သင့်တင့်မျှတကောင်းမွန်သောနိုင်ငံဖြစ်သည်။ သို့သော် တိုင်းပြည်တွင် အခက်အခဲပြဿနာ၊ စိန်ခေါ်မှုအမျိုးမျိုးတို့ကြောင့် တိုင်းပြည်စီးပွားရေးမှာ တိုးတက်သင့်သလောက် မတိုးတက်ဘဲရှိနေသည်ကို တွေ့ရမည်ဖြစ်သည်။ အမှန်တကယ်တွင် ရေခံ၊ မြေခံကောင်းများရှိသော မြန်မာနိုင်ငံတွင် ညီညီညွတ်ညွတ် တက်ညီလက်ညီ အလုပ်လုပ်ကြပါက နိုင်ငံ့စီးပွားရေးသည် သိသာစွာတိုးတက်လာမည်မှာသေချာသည်။

ထို့ကြောင့် တိုင်းပြည်စီးပွားရေးဦးမော့လာရေးအတွက် မြို့နယ်အဆင့်မှ ခရိုင်အဆင့်၊ ခရိုင်အဆင့်မှ တိုင်း၊ ပြည်နယ်အဆင့်၊ တိုင်း၊ ပြည်နယ်အဆင့်မှ နိုင်ငံတော်အဆင့်အထိ တိုးတက်လာအောင် စီမံကိန်းအမျိုးမျိုးဖြင့် အဆင့်ဆင့် ကြိုးပမ်းဆောင်ရွက်ကြမည်ဆိုလျှင် တဖြည်းဖြည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အခြေခံကောင်းများရှိသော်လည်း ကုန်ထုတ်လုပ်မှုစွမ်းအား အားနည်းနေသည်။ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များကို အလေးထားဆောင်ရွက်ပြီး သက်ဆိုင်ရာကဏ္ဍများအလိုက် စိုက်ပျိုးစွမ်းအားမြင့်မားတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

စိုက်ဧကများတွင် အထွက်နှုန်းတိုးရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ ခေတ်မီနည်းစနစ်များဖြင့် ထွန်ယက်စိုက်ပျိုးထုတ်လုပ်ရေး၊ တစ်သီးစိုက်ဧကများတွင် သီးထပ်၊ သီးညှပ်၊ နှစ်သီး၊ သုံးသီး စိုက်ပျိုးထုတ်လုပ်ရေး၊ စပါးပြီးလျှင် ဆီထွက်သီးနှံအမျိုးမျိုး၊ ပဲမျိုးစုံသီးနှံအမျိုးမျိုးတို့ကို တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်အောင်၊ ပံ့ပိုးဖြည့်ဆည်းပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ကုန်ထုတ်လုပ်မှုမြင့်မားတိုးတက်ရေးတွင် လျှပ်စစ်စွမ်းအားအပြည့်အဝရရှိရေးသည်လည်း အရေးကြီးသဖြင့် နိုင်ငံတော်အစိုးရက လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့ ဒေသအလိုက် လျှပ်စစ်စွမ်းအားထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းကြံစည်ဆောင်ရွက်ကြရမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးကောင်းမွန်ရေးသည် အဓိကကျသောအချက်ဖြစ်၍ အနှောင့်အယှက် အဟန့်အတား အခက်အခဲများရှိသည့်ကြားမှ နိုင်ငံ့စီးပွားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေကြပြီဖြစ်ရာ ပြည်ပသွင်းကုန်လျှော့ချရေး၊ ပြည်ပသွင်းကုန်အစားထိုးထုတ်လုပ်ရေးကို ကြိုးပမ်းဆောင်ရွက်ကြပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းမြှင့်တင်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

ကြေးမုံ, အယ်ဒီတာ့အာဘော်