Skip to main content

ရေစကြိုမြို့နယ် ချစ်သူကျေးရွာနှင့် ညောင်ပင်ကျေးရွာ ကူးတို့ဆိပ် ဒီပသရဖူ ဇက်ရေယာဉ်ဆိပ်ကမ်းနှင့် ကျေးလက်ကုန်ထုတ်လမ်းဖွင့်လှစ်

နေပြည်တော် ဇန်နဝါရီ ၇

ရေစကြိုမြို့နယ် ချစ်သူကျေးရွာနှင့် ညောင်ပင်ကျေးရွာ ကူးတို့ဆိပ် ဒီပသရဖူ ဇက်ရေယာဉ် ဆိပ်ကမ်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ချစ်သူကျေးရွာဆိပ်ကမ်း၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ အောင်သူ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဒီပသရဖူဇက်ရေယာဉ် ဆိပ်ကမ်း ဖြစ်မြောက်ရေး အကျိုးတော်ဆောင် ဆရာတော် ဒေါက်တာ အရှင်တေဇနိယ၊ ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ နယူးဇီလန်သံရုံးနှင့် ဂျာမန်သံရုံးတို့မှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်နှင့် ဂျာမနီပူး‌ပေါင်းဆောင်ရွက်ရေးအဖွဲ့ GIZ မှ ကိုယ်စားလှယ်များ၊ ကျေးရွာရပ်မိရပ်ဖများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒီပသရဖူဇက်ရေယာဉ် ဆိပ်ကမ်းဖြစ်မြောက်ရေးကော်မတီမှ တာဝန်ရှိသူက ကူးတို့ဆိပ် ဆောင်ရွက်ရခြင်း၊ ဇက်ရေယာဉ် ပြေးဆွဲနိုင်ရေး ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဇက်ရေယာဉ်စီးနင်းခွင့် လက်မှတ်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒီပသရဖူဇက်ရေယာဉ်ဆိပ်ကမ်း ဖြစ်မြောက်ရေး အကျိုးတော် ဆောင် ဆရာတော် ဒေါက်တာ အရှင် တေဇနိယနှင့် တာဝန်ရှိသူများက ဇက်ရေယာဉ် ဆိပ်ကမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများသည် ဒီပသရဖူ(၁)၊ ဒီပသရဖူ(၂) ဇက်ရေယာဉ်များဖြင့် ချစ်သူကျေးရွာမှ ညောင်ပင်ကျေးရွာသို့ လိုက်ပါစီးနင်းကြပြီး အလယ်ကျွန်းကျေးရွာများ၏ စိုက်ပျိုး ထုတ်လုပ်မှု လုပ်ငန်းများကို ကြည့်ရှုအားပေးကြသည်။

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်နှစ်သွယ်အကြား အလယ်ကျွန်းပေါ်ရှိ ကျေးရွာနေပြည်သူများသည် ရေစကြိုမြို့ နှင့် ကူးလူးသွားလာရာတွင် ခက်ခဲမှုများ ကြုံတွေ့နေကြရမှုကို ကူညီဖြေရှင်းပေးနိုင်ရန် ဆရာတော် ဒေါက်တာ အရှင် တေဇနိယနှင့် စေတနာရှင်များက ကူးတို့ဆိပ်နှင့် ဇက်ရေယာဉ် ပြေးဆွဲပေးနိုင်ရန် ကြိုးပမ်း ခဲ့ကြခြင်းဖြစ်သည်။ ယခုအခါ ဇက်ရေယာဉ် ပြေးဆွဲပေးနိုင်ခဲ့သဖြင့် အလယ်ကျွန်းပေါ်ရှိ ကျေးရွာ နေပြည် သူများ၏ လယ်ယာထွက်ကုန်များ၊ လယ်ယာသုံးပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ သယ်ပို့မှု အဆင်ပြေ ချောမွေ့လာမည်ဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားရေးများ ပိုမိုကောင်းမွန် လာစေ မည်ဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အလယ်ကျွန်းပေါ်ရှိ ကျေးရွာ နေပြည်သူများ အသုံးပြုနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဦးစီးဌာနက တာဝန်ယူဆောင်ရွက်ခဲ့သည့် ညောင်ပင်-ငတရော် ကျေးလက်ကုန်ထုတ်လမ်း ဖွင့်ပွဲအခမ်းအနားသို့ ရောက်ရှိကြရာ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးက ကျေးလက်ကုန်ထုတ်လမ်း ဆောင်ရွက်ခဲ့ရခြင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်း ဆောင်ရွက်ခဲ့ပြီးသော စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း ဆိုင်ရာများအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန် ရှိ သူများက ညောင်ပင်-ငတရော် ကျေးလက်ကုန်ထုတ်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဒေသနေတောင်သူများ စိုက်ပျိုး ထားသည့် မြေပဲ၊ ကုလားပဲ၊ နေကြာနှင့် ဆောင်းသီးနှံ စိုက်ခင်းများကို ကြည့်ရှုအားကြရာ စိုက်ပျိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းက ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ အစားအစာ ဘေးကင်း လုံခြုံရေးနှင့် အာဟာရပြည့်ဝသော သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်စေရေးအတွက် နည်းပညာဖြန့်ဝေပေးရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အောင်ချမ်းသာဓမ္မဗိမာန်တွင် အလယ်ကျွန်းပေါ်ရှိ ကျေးရွာများ၌ သီတင်းသုံးတော်မူလျက်ရှိကြသည့် သံဃာတော်များအား သင်္ကန်းနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ညောင်ပင်-ငတရော် ကျေးလက် ကုန်ထုတ်လမ်းသည် ရေစကြို အလယ်ကျွန်းပေါ်ရှိ စိုက်ပျိုးမြေဧက ၅၃၆၃ ဧက၏ စိုက်ပျိုးထုတ်လုပ်မှုနှင့်အတူ ကျေးရွာ ၁၂ ရွာမှ အိမ်ထောင်စု ၉၃၇၇ စုကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်