(၁၉-၃-၂၀၂၀) ရက်နေ့၊ ညနေ (၈:၀၀) နာရီ
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်ရာတွင် (၁၈-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၁၉-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၁၈) ဦး ရှိပါသည်။ (ဇယား -၁)
၃။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ ည (၇) နာရီတွင်ပေးပို့လာသော ဓာတ်ခွဲစစ်ဆေးချက်အဖြေများအရ (၁၉-၃-၂၀၂၀) ရက်နေ့၊ နံနက် (၆) နာရီမှ ညနေ (၆) နာရီအထိ သက်ဆိုင်ရာ ဆေးရုံများရှိ စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက်ရှိသော လူနာများအနက် လူနာ (၁၃) ဦး၏ ဓာတ်ခွဲအဖြေများ တွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။ (ဇယား -၂)
၄။ မကွေးပြည်သူ့ ဆေးရုံကြီးတွင် (၁၇-၃-၂၀၂၀) ရက်နေ့၌ စောင့်ကြည့်လူနာအဖြစ် ကုသမှုပေး နေစဉ် သေဆုံးခဲ့သော မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် နေထိုင်သည့် အသက်(၉)လအရွယ်၊ ကလေးငယ်တစ်ဦး၏ ဓာတ်ခွဲအဖြေတွင် Coronavirus Disease 2019 (COVID-19) ဗိုင်းရပ်စ် ရောဂါပိုးမရှိပါကြောင်း (မရှိကြောင်း) စစ်ဆေးသိရှိရပါသည်။
၅။ ယနေ့ (၁၉-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီအချိန်အထိ ဓာတ်ခွဲအဖြေ စောင့်ဆိုင်းဆဲ စောင့်ကြည့်လူနာ (၁၆) ဉီးအား သက်ဆိုင်ရာ ဆေးရုံများတွင် စောင့်ကြပ်ကြည့်ရှုကုသမှုပေးလျက် ရှိပါသည်။
၆။ ထိုသို့ဆောင်ရွက်ရာတွင် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင်နေထိုင်သော အသက် (၇၄) နှစ်အရွယ် အမျိုးသားတစ်ဦးသည် (၁၁-၃-၂၀၂၀) ရက်နေ့တွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ မောပန်း ခြင်း စသည့်လက္ခဏာများခံစားခဲ့ရသဖြင့် (၁၇-၃-၂၀၂၀)ရက်နေ့တွင် တောင်ငူမြို့ရှိ ပြင်ပဆေးရုံ တစ်ခုသို့ တက်ရောက်ကုသခဲ့ပြီး ထိုမှတစ်ဆင့် (၁၈-၃-၂၀၂၀) ရက်နေ့၊ နေ့လည် (၂)အချိန်တွင် နေပြည်တော်ပြည်သူ့ဆေးရုံကြီး၊ ခုတင် (၁,၀၀၀) သို့ လွှဲပြောင်းညွှန်းပို့ခဲ့ပါသည်။ လူနာအား စောင့်ကြပ်လူနာအဖြစ် သတ်မှတ်၍ လိုအပ်သောဆေးဝါး ကုသမှုများပေးနေစဉ် (၁၉-၃-၂၀၂၀) ရက်နေ့၊ နံနက် (၁၁) နာရီအချိန်တွင် သေဆုံးသွားခဲ့ပါသည်။ သေဆုံးရသည့်အကြောင်းအရင်းမှာ နာတာရှည် ကျောက်ကပ်ရောဂါအခံရှိပြီး ပြင်းထန်အဆုတ်ရောင်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုး ဖြစ်သော သွေးဆိပ်သင့်ခြင်းကြောင့်ဖြစ်သည်ဟုသိရှိရပါသည်။ အဆိုပါလူနာထံမှ ဓာတ်ခွဲနမူနာ ရယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးထားပါသည်။
၇။ ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင်နေထိုင်သော အသက် (၇၁)နှစ် အရွယ် အမျိုးသမီး တစ်ဦးသည် (၁၄-၃-၂၀၂၀) ရက်နေ့မှစ၍ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ သလိပ်ပွခြင်း၊ ကြွက်သားနှင့် အရိုး အဆစ်များ နာကျင်ကိုက်ခဲခြင်း လက္ခဏာများခံစားခဲ့ရသဖြင့် ကြို့ပင်ကောက်မြို့ရှိ ပုဂ္ဂလိကဆေးရုံ တစ်ခုသို့ (၁၉-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီး ယင်းနေ့တွင်ပင် သေဆုံးခဲ့ ပါသည်။ လူနာသည် ခန္ဓာကိုယ်အနှံ့ အနီစက်များထွက်ပေါ်ခဲ့ကြောင်း သိရှိရပြီး သေဆုံးရသည့် အကြောင်းအရင်းမှာ နာတာရှည်အဆုတ်ပွရောဂါအခံရှိပြီး လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာ ပိုးဝင်ခြင်းကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။ သေဆုံးလူနာမှာ COVID -19 ရောဂါ ကူးစက် ပြန့်ပွားလျက်ရှိသော နိုင်ငံများသို့ခရီးသွားရာဇဝင်နှင့် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိသော်လည်း သေဆုံးလူနာထံမှ ဓာတ်ခွဲနမူနာရယူ၍ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပေးပို့စစ်ဆေးထားပါသည်။
၈။ (၁၉-၃-၂၀၂၀) ရက်နေ့အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ မတွေ့ရှိသေးသော်လည်း ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ ဆောင် ရွက်လျက်ရှိပါသည်။ ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံအချို့ အပါအဝင် ကမ္ဘာ့နိုင်ငံ (၁၆၀) နိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ဖြစ်ပွားလျက်ရှိသဖြင့် ပြည်သူလူထုအနေ ဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေးအချက်အလက်များအား တိကျစွာလိုက်နာဆောင်ရွက်ရန် နှိုးဆော်အပ် ပါသည်။
Ref;Ministry of Health and Sports, Myanmar