Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုရိုနာဗိုင်းရပ်(စ်) ရောဂါစောင့်ကြပ် ကြည့်ရှုရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မုံရွာ၊ မတ် ၂၀

Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က “COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုကျယ်ကျယ်ပြန့်ပြန့်သိရှိရေးအတွက် သက်ဆိုင်ရာဌာနများက လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ လူစည်ကားရာနေရာများတွင် ပိုစတာများစိုက်ထူခြင်း၊ ရပ်ကွက်၊ ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် နှိုးဆော်သတိပေးခြင်းနှင့် သံသယလူနာများတွေ့ရှိပါက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးမှစ၍ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများသို့ အဆင့်ဆင့်သတင်းပို့ခြင်းများ လိုအပ်ပါကြောင်း၊ နယ်စပ်ဂိတ်များတွင် ကာကွယ် ထိန်းချုပ် ရေးလုပ်ငန်းများ သေချာစွာဆောင်ရွက်လျက်ရှိပြီး တရားမဝင် ဝင်ပေါက်များကို ဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်း၍ ထိရောက်စွာ စီမံဆောင်ရွက်နိုင်ရန် တက်ရောက်လာသော သက်ဆိုင်ရာဌာနများက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတင်ပြစေလိုကြောင်းနှင့် သက်ဆိုင်ရာဌာနများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များအတူတကွ လက်တွဲပူးပေါင်းဆောင်ရွက်မှသာ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယနေ့အချိန်ထိ မြန်မာနိုင်ငံမှာ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) မရှိသေးကြောင်း ဝမ်းမြောက် ဖွယ် သိရှိရပါကြောင်းနှင့် ကျွန်တော်တို့ နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံတို့နဲ့ တစ်ဆက်တစ်စပ်တည်းရှိနေတဲ့အတွက် (COVID-19) ရောဂါနဲ့ပတ်သက်ပြီး မပေါ့ဆဖို့နဲ့ အချိန်မရွေး၊ နေရာမရွေး တပြိုင်နက်တည်း အုံလိုက်ကျင်းလိုက် ဖြစ်နိုင်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းမှာလည်း ဒီ COVID-19 ရောဂါ စောင့်ကြည့်ရေးလုပ်ငန်းတွေကို ကော်မတီဖွဲ့စည်းထားပြီးဖြစ်သလို တိုင်းဒေသကြီးအဆင့် Technical Working Group ကို ဖွဲ့စည်းပြီးအချိန်နဲ့ တစ်ပြေးညီ ရောဂါကို စီမံခန့်ခွဲနိုင်အောင် ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊   ပြောကြားသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး(COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းက အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ အတွင်းရေးမှူး(၁) တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ဝင်းလွင်က (COVID-19) ရောဂါ၏ အဓိကလက္ခဏာများ၊ ကူးစက်ဖြစ်ပွားမှုများသော နိုင်ငံများအခြေအနေ၊ ရောဂါကူးစက်ပုံ၊ ကမ္ဘာတစ်ဝန်းလုံးတွင် ရောဂါဖြစ်ပွားမှု အခြေအနေများအကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် ပတ်သက်၍ မိမိတို့၏ လုပ်ဆောင်ချက်၊ လိုအပ်ချက်များကို ရှင်လင်းတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများက ခရိုင် အလိုက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ယနေ့အစည်း အဝေးမှာ တက်ရောက်လာကြသည့် တာဝန်ရှိသူများရဲ့ ဆွေးနွေးပွဲမှ ရရှိလာတဲ့ ကောင်းမွန်တဲ့ ရလဒ်တွေကို အသုံးချပြီး တိုင်းဒေသကြီးအတွင်းမှာ ဒီ COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကာကွယ်၊ ထိန်းချုပ် ကုသခြင်း လုပ်ငန်းတွေကို ထိထိရောက်ရောက်ပူးပေါင်းဆောင်ရွက်ပေးဖို့ နိဂုံးချုပ် တိုက်တွန်းအမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(ယင်းမာပင်)