ဟားခါး၊မတ်၂၀
ချင်းပြည်နယ်အတွင်း လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease -2019 (COVID-19) ကူးစက်ပျံနှံ့မှု မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်ညှိနှိုင်းအစည်းအဝေး အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာချင်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဘာသာရေး အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။
အစီအစဉ်အရ သိက္ခာတော်ရဆရာတော် ဒေါက်တာစတီဗင်လျန်ဟုပ်လိန်းက အဖွင့်ဆုတောင်းပေးပြီးနောက် ချင်းပြည်နယ် ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်က ချင်းပြည်နယ်အတွင်း ရောဂါကူးစက်မှု မဖြစ်ပွားစေရေးအတွက်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စနစ်တကျ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးတိုးဝင်းက ရောဂါကြိုတင်ကာကွယ်ရေးအတွက် လုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားရှိမှု၊အရေပေါ်အခြေအနေနှင့်ကြုံတွေ့လာပါက ကျန်းမာရေးစောင့်ရှောက် မှုများပေးနိုင်ရန် နေရာများစီစဉ် ထားရှိမည့်အခြေအနေများနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြင့် ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးမှ ဖြန့်ဝေသည့် (COVID-19) နှင့်ပတ်သက်သည့် ပညာပေးမှတ်တမ်းဗွီဒီယိုကို ပြသသည်။
ယင်းနောက် ချင်းပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်ငွေစံက ကမ္ဘာတစ်ဝှမ်းတွင် လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) ဖြစ်ပွားနေမှု အခြေအနေများနှင့် ရောဂါကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ၊ ဆောင်ရန်ရှောင်ရန် ကိစ္စရပ်များနှင်ပတ်သက်၍လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ ပြည်သူများအကျယ်တဝင့် သိရှိလိုက်နာနိုင်စေရေး ကျန်းမာရေးဝန်ထမ်း များဖြင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ၊ လက်ကမ်း စာစောင် ဖြန့်ဝေခြင်းလုပ်ငန်းများ၊ ပိုစတာ၊ ကြော်ငြာဘုတ်များ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးနေလင်းက ချင်းပြည်နယ်အတွင်း နယ်စပ်ဂိတ်များ အပါအဝင် စစ်ဆေးရေး ဂိတ်များတွင် မော်တော်ယာဉ်နှင့် စီးနင်းလိုက်ပါလာသူ ခရီးသည် များအား စနစ်တကျ ကြီးကြပ်ဆောင်ရွက်နေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် တက်ရောက်လာကြသူများက မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများကို ရှင်းလင်းဆွေးနွေးခဲ့ကြပြီး နောက် (COVID-19)ရောဂါကြိုတင်ကာကွယ်ရေးအတွက် အလှူရှင်များက လှူဒါန်းကြသော အလှူငွေစုစုပေါင်း ငွေကျပ် (၂၅၄)သိန်းကို သက်ဆိုင်ရာ အလှူရှင်များက ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လက်ခံရယူခဲ့ ကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)