Skip to main content

အားကစားနှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေး နိုင်ငံ့လက်ရွေးစင်များ ပိုမိုမွေးထုတ်

အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သော မြန်မာအားကစားသမားများအား အထူးကိစ္စရပ်အနေဖြင့် လူစီးမော်တော်ယာဉ် ဝယ်ယူခွင့်ပြုကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးကြေညာခဲ့ရာ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အမြင့်မားဆုံးစွမ်းဆောင်မှုဖြင့် နိုင်ငံ့ဂုဏ်ဆောင်ခဲ့ကြသူ အားကစားမောင်မယ်တို့အတွက် နိုင်ငံတော်၏ နောက်ထပ်အားပေးဂုဏ်ပြုချီးမြှင့်မှုပင်ဖြစ်သည်။

ဗီယက်နမ်နိုင်ငံတွင် ကျင်းပခဲ့သည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံက အားကစားနည်း ၂၀ ကို အားကစားသမား ၂၉၃ ဦး၊ အုပ်ချုပ်သူ၊ နည်းပြ ၉၇ ဦး စုစုပေါင်း ၃၉၀ ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခု စုစုပေါင်း ဆုတံဆိပ် ၆၂ ခု ရရှိခဲ့သည်။ နိုင်ငံအလိုက်တွင် ပြိုင်ပွဲဝင် ၁၁ နိုင်ငံအနက် အဆင့် (၇) ရရှိခဲ့သည်။ နိုင်ငံတစ်နိုင်ငံ၏ အားကစားအဆင့်အတန်းသည်လည်း  ထိုနိုင်ငံ၏ ပြယုဂ်တစ်ခုပင်ဖြစ်ရာ အားကစားမြင့်မားမှုဖြင့် နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ပေးရန်လည်းလိုသည်။ ပြီးခဲ့သည့် ဆီးဂိမ်းတွင် မြန်မာနိုင်ငံ၏ အောင်မြင်မှုသည် ယခင်ထက် တိုးတက်မှုများ တွေ့ရှိလာခဲ့သော်လည်း နိုင်ငံ့ဂုဏ်မြင့်မားရေးအတွက် အားကစားကဏ္ဍမြင့်မားအောင် ကြိုးပမ်းကြရဦးမည် ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၅/၂၀၂၂)တွင် အမှာစကားပြောကြားရာ၌ “အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ဆောင်နိုင်ရေးအတွက် ကြိုးစားအားထုတ်နိုင်စေရေးအတွက် မိမိတို့အနေဖြင့် အားကစားကဏ္ဍကို အားပေးဆောင်ရွက်နေခြင်းပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အားကစားပြိုင်ပွဲများကိုလည်း ကျင်းပပြုလုပ်လျက်ရှိသည့်အပြင် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကိုလည်း နိုဝင်ဘာလနှင့် ဒီဇင်ဘာလတို့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအားကစားပြိုင်ပွဲများမှထွက်ရှိလာသည့် စံချိန်ကောင်းမွန်သည့် အားကစားသမားများကို ရွေးချယ်၍ နိုင်ငံ့လက်ရွေးစင်အားကစားသမားများအဖြစ် အားဖြည့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင်ရှိနေသည့် အားကစားသမားများအနေဖြင့် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် အမြင့်ဆုံးအောင်ပွဲများရယူကာ လာမည့်ဆီးဂိမ်းပြိုင်ပွဲ၊ အာရှပြိုင်ပွဲ၊ ကမ္ဘာ့ပြိုင်ပွဲများအထိ တက်လှမ်းနိုင်ရေး လေ့ကျင့်ပြင်ဆင်ကြရန် တိုက်တွန်းလိုသည်။

နိုင်ငံ၏အားကစားကဏ္ဍမြင့်မားလာစေရန် နိုင်ငံ့လက်ရွေးစင် အားကစားသမားများ ပိုမိုမွေးထုတ်ပေးနိုင်ဖို့လိုသည်။ ယင်းအတွက် အားကစားဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် အားကစားပစ္စည်းများ၊ ကျွမ်းကျင်နည်းပြများနှင့် ခွန်အားဖြည့်အစားအစာ၊ ဆေးဝါးတို့အပြင် ငွေကြေးထောက်ပံ့မှုတို့ အဓိကလိုအပ်ပြီး တစ်ဖက်မှလည်း ရွေးချယ်မှုမှန်ကန်ရေး၊ စီမံခန့်ခွဲမှုများ ကောင်းမွန်ရေး၊ အားကစားနည်းအလိုက် နည်းစနစ်များကောင်းမွန်ရေးတို့လည်း လိုအပ်သည်။ လိုအပ်ချက်များ ဖြည့်ဆည်းမှုကောင်း လျှင်ကောင်းသလောက် တိုးတက်အောင်မြင်မှုရရှိကြောင်း တွေ့ရှိခဲ့ကြပြီးဖြစ်ရာ အမျိုးသားအားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် ရှေရှည်စီမံချက်ချမှတ်ကာ နိုင်ငံ့လက်ရွေးစင် အားကစားသမားအမြောက်အမြား ပေါ်ထွက်လာအောင် ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ပါစေကြောင်း။ ။

မြန်မာ့အလင်း,အယ်ဒီတာ့အာဘော်