နိုင်ငံတွင် စက်သုံးဆီနှင့်စားသုံးဆီသုံးစွဲမှုမြင့်မားသဖြင့် ပြည်ပမှ စက်သုံးဆီ၊ စားသုံးဆီများကို နှစ်စဉ်တင်သွင်းနေရသည်။ ပြည်တွင်းဆီဖူလုံရေးနှင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အဆိုပါဆီနှစ်မျိုးကို ခြိုးခြံချွေတာသုံးစွဲရမည်ဖြစ်ပြီး တစ်ဖက်တွင် ပြည်တွင်း၌ထုတ်လုပ်နိုင်သော စားသုံးဆီသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကို ဆထက်တိုး၍ စိုက်ပျိုးထုတ်လုပ်ကြရမည်ဖြစ်သည်။
သုံးစွဲမှုလျှော့ချရေးကို ပြည်သူများအား တိုက်တွန်းနေသော်လည်း လက်တွေ့တွင်လျှော့ချသုံးစွဲရေးမှာ အခက်အခဲရှိသဖြင့် ထုတ်လုပ်မှုကိုသာ တိုးတက်ထုတ်လုပ်နိုင်ရန် လိုအပ်ပေသည်။ လူတစ်ဦးလျှင် တစ်ရက်ဆီစားသုံးမှုအနေဖြင့် ၂ ဒသမ ၅ ကျပ်သားရှိပြီး တစ်နိုင်ငံလုံးတွင်တစ်နှစ်လျှင် ဆီတန်ချိန်လိုအပ်မှုမှာ တန်ချိန်ခြောက်သိန်းမှ ခုနစ်သိန်းခန့်ဖြစ်သော်လည်း ပြည်တွင်းဆီထုတ်လုပ်မှုမပါ နှစ်စဉ်ပြည်ပမှ ဆီတန်ချိန်ရှစ်သိန်းမှ ကိုးသိန်းအထိတင်သွင်းနေရသည်မှာ လူတစ်ဦးချင်း ဆီစားသုံးမှုမြင့်မားနေခြင်းနှင့် လုပ်ငန်းသုံးဆီများနေ့စဉ်လိုအပ်ချက် မြင့်မားနေသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ဆီထွက်သီးနှံများကို မဖြစ်မနေတိုးချဲ့စိုက်ပျိုးကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံစိုက်ပျိုးရန်အတွက် စိုက်ပျိုးမြေများ လုံလောက်စွာရှိပြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ ဆီအိုးကြီးဖြစ်နိုင်သည့် တနင်္သာရီတိုင်းဒေသကြီးတွင် ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းများကို စနစ်တကျပြန်လည် လုပ်ကိုင်ရန်လိုအပ်ပေသည်။ ပြည်တွင်း၌ ဆီအုန်းဆီ အဆင့်မြင့်ချက်လုပ်နိုင်သောနည်းပညာများလည်း တိုးတက်ထွန်းကားလာအောင် လုပ်ဆောင်သင့်ပေသည်။ ပုံမှန်စိုက်ပျိုးနေကျဖြစ်သော နှမ်း၊ မြေပဲဆီထွက်သီးနှံများကို တိုးတက်စိုက်ပျိုးနိုင်ရေးကိုလည်း ကြိုးစားဆောင်ရွက်သင့်ပေသည်။
အလားတူ ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးကို ပြည်နယ်/တိုင်းဒေသကြီးများတွင် တိုးချဲ့စိုက်ပျိုးလျက်ရှိရာ သီးနှံအထွက်တိုးရေးကို ဆက်လက်ကြိုးပမ်းအားထုတ်ကြရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် ပဲပုပ်သီးနှံကိုစိုက်ပျိုးလျက်ရှိသည်။ ပြည်တွင်းမှထွက်ရှိသည့် နှမ်းနှင့်ပဲပုပ်တို့ကို ပြည်ပသို့တင်ပို့နိုင်သဖြင့် ဦးစားပေးစိုက်ပျိုးသွားကြရမည်ဖြစ်သည်။ ပြည်တွင်း၌ ပဲပုပ်စိုက်ပျိုးမှုကို တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းဆီထုတ်လုပ်မှု တိုးတက်လာမည်ဖြစ်သည့်အပြင် တိရစ္ဆာန်အစားအစာအတွက် ပြည်ပမှ ပဲပုပ်ကြိတ်ဖတ်များတင်သွင်းနေရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးသူတောင်သူများက စားနပ်ရိက္ခာသီးနှံအမျိုးမျိုးကို အစဉ်အလာမပျက် စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ မျိုးကောင်းမျိုးသန့်များထွက်ရှိရေး၊ သီးနှံအထွက်တိုးရေး၊ ဈေးကွက်ဝင်ရေးတို့ကို ဝိုင်းဝန်းကူညီ ဖြည့်ဆည်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်စေမည့် စိုက်ပျိုးသီးနှံသုတေသနလုပ်ငန်းများကို မြှင့်တင်အားပေးဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်၍ စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်လာအောင် ဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံအတွက် များစွာအကျိုးရှိလာမည်ဖြစ်သည်။
စိုက်ပျိုးရေးနှင့်တွဲဖက်လုပ်ငန်းသည် မွေးမြူရေးလုပ်ငန်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသော်လည်း မွေးမြူရေးလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။ အခြေခံကျပြီး စနစ်တကျမွေးမြူနိုင်ရန်အတွက် မွေးမြူရေးပညာရှင်များလိုအပ်သည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးတက္ကသိုလ်နှင့် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေး တက္ကသိုလ်တစ်ခုစီသာရှိသည်။ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်၍ သက်ဆိုင်ရာတက္ကသိုလ်များ ကျယ်ကျယ်ပြန့်ပြန့်လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်တွင် စိုက်ပျိုးမွေးမြူရေးပညာရှင်များ မွေးထုတ်ပေးနိုင်ရန်အတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံကျောင်းများ၊ ကောလိပ်နှင့်တက္ကသိုလ်များ တိုးချဲ့ဖွင့်လှစ်နိုင်အောင် ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်သည့် ပညာရှင်များမွေးထုတ်ပေးနိုင်ပါက ကျယ်ပြန့်စွာဖြစ်ပေါ်လာမည့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လိုအပ်မည့် လူသားအရင်းအမြစ်များ လုံလောက်စွာရရှိလာမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ခရိုင်များ တိုးချဲ့ဖွဲ့စည်းလျက်ရှိပြီး ခရိုင်များအလိုက် စိုက်ပျိုးမွေးမြူရေးနည်းပညာဆိုင်ရာ သင်တန်းကျောင်းများ ထပ်မံတိုးချဲ့ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။ သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များပေါ်ထွက်လာပါက လုပ်ငန်းခွင်များတွင်ဝင်ရောက်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အထွက်တိုးအောင် ကြိုးပမ်းဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ရေခံ၊ မြေခံ အခြေခံကောင်းများ လုံလောက်စွာရှိသဖြင့် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးတက်ထွက်ရှိလာအောင် သုတေသနလုပ်ငန်းများနှင့် ဘာသာရပ်ဆိုင်ရာပညာရှင်များ ဖြည့်ဆည်းပေးပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။ ။
ကြေးမုံ,အယ်ဒီတာ့အာဘော်