Skip to main content

အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်ခဲ့သော COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်း အစည်းအဝေး(၃၇/၂၀၂၀)ကျင်းပ

နေပြည်တော် မတ် ၂၀

အင်တာနက်ကွန်ရက်အသုံးပြု Video Conferencing ပုံစံဖြင့် ပြုလုပ်ခဲ့သော COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ဗဟိုအဆင့် ညှိနှိုင်းအစည်းအဝေး (၃၇/၂၀၂၀)ကို ယနေ့နံနက်(၉)နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းအစည်းအဝေး၌  ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက‌ ယခုကဲ့သို့ Video conferencing ပုံစံဖြင့် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ် အဆင့် တာဝန်ရှိ သူများ၊ ဆေးရုံအုပ်ကြီးများ၊ အထူးကုဆရာဝန်ကြီးများ၊ အားလုံး ပါဝင် ဆွေးနွေး နိုင်ခြင်းဖြင့် လုပ်ငန်းချိတ်ဆက်ဆောင်ရွက်မှုများ ပိုမိုအားကောင်းခြင်း၊ ကဏ္ဍစုံမှ လုပ်ငန်း သဘောသဘာဝများကို သိရှိညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ နောက်ဆုံးရ သတင်းအချက် အလက်များကို ဝေမျှနိုင်ခြင်းအကျိုးကျေးဇူးများရရှိနိုင် ပြီဖြစ်ပါကြောင်း။

ဝန်ကြီးဌာနအနေဖြင့် မိမိတို့ဦးစီးကျင်းပသည့် အစည်းအဝေးပွဲကြီးများ၊ မွမ်းမံသင် တန်းများ၊ အားကစားပြိုင်ပွဲများ ပြုလုပ်ခြင်းကို ယခုကာလအတွင်း ရပ်ဆိုင်းထားပြီဖြစ်ပြီး ယခုကဲ့သို့ Video Conferencing များ ပြုလုပ်ခြင်းနှင့် အီးမေးလ်အစုအဖွဲ့၊ viber group များ၊ အင်တာနက် ကွန်ရက်အသုံးပြုချိတ်ဆက်မှုများဖြင့် ယခုကာလ သာမက ရေရှည်တွင်လည်း ဆက်လက်ဆောင်ရွက်သွားတော့မည် ဖြစ်ပါကြောင်း၊

ထို့အပြင် မိမိတို့ဝန်ကြီးဌာနရှိ ဝန်ထမ်းများအနေဖြင့် ဖျားနာခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ ကိုယ်လက်မအီမသာ ကိုက်ခဲခြင်းရှိပါက အိမ်မှသာလျှင် တယ်လီဖုန်း၊ အီးမေးလ်၊ အင်တာနက်ဖြင့် လုပ်ငန်းဆောင်ရွက်စေလိုပါကြောင်း၊ အစည်းအဝေးအများစုကို Video Conferencing ဖြင့် ဆောင်ရွက်ခြင်းဖြင့် ငွေကုန်ကြေးကျနည်းပါးသည့်အပြင် မိမိတို့ ဝန်ထမ်းများ ခရီးသွားလာရန်လည်း မလိုအပ်တော့သဖြင့် ဘက်စုံမှ အကျိုးရှိမည် ဖြစ်ပါကြောင်း။

ယခုလက်ရှိတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောဂါဖြစ်ပွားမှုများ ကျဆင်းလာ လျက်ရှိသဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ကပ်ရောဂါတစ်ခုဖြစ်ပွားမှုကို ဤကဲ့သို့ ပြတ်သားတိကျစွာဆောင်ရွက်ချက်များသည် ကပ်ရောဂါဗေဒဆိုင်ရာ ကျွမ်းကျင်မှု ရှုထောင့်မှ မှန်ကန်သည့်အတွက် မိမိတို့အနေဖြင့် အသိအမှတ်ပြုမှတ်တမ်းတင် ရမည့်အပြင် လေ့လာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

ရောဂါကာကွယ်ထိန်းချုပ်မှုလုပ်ငန်းများကို အောင်မြင်ထိရောက်စွာ ဆောင်ရွက် နိုင်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံတို့ ကဲ့သို့နိုင်ငံများ၏ သာဓက များကို ဆန်းစစ်ရာတွင် ပြည်သူများကိုယ်တိုင် ရောဂါ ကာကွယ်ရေး နည်းလမ်းများကို ကျင့်သုံးကာ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက် သည်ကိုတွေ့ ရှိရသဖြင့် မိမိတို့သည်လည်း ဤကိစ္စကို အလေးထားဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံမှ ပြည်သူများအထူးသဖြင့် ရောဂါဖြစ်ပွားပါက ပြင်းထန်ပြီး အသက်သေဆုံးနိုင်ချေများပြားသော အသက်အရွယ် ကြီးသူများနှင့် ကင်ဆာရောဂါ၊ နာတာရှည်အဆုတ်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အသည်းရောဂါ အပါအဝင် အခြား ရောဂါအခံရှိ သူများအနေဖြင့် တတ်နိုင်သမျှမိမိနေအိမ်တွင်သာနေထိုင်ပါရန်နှင့် မိမိ၏ စိတ်အလိုကို မလိုက်ဘဲ မိမိကိုယ်တိုင် ရောဂါမရရှိစေရန်သာမက အခြားသူများထံ မကူးစက်စေရန်အတွက် လူစုလူဝေးနေရာများသို့ သွားရောက်ခြင်းမှ အတတ် နိုင်ဆုံး ရှောင်ကြဉ်ရန် တိုက်တွန်းနှိုးဆော်လိုပါကြောင်း။

ကမ္ဘာ့တစ်ဝန်း၌ COVID-19 ဖြစ်ပွားပျံ့နှံ့မှု မကျဆင်းမီ ကာလပတ်လုံး မိမိတို့အားလုံး ညီညွတ်စွာဖြင့် မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စကဲ့သို့ စဉ်းစားကာ ပူးပေါင်းအားထည့် ဆောင်ရွက်ပါက မိမိတို့နိုင်ငံ၌ ဖြစ်ပေါ်လာနိုင်ချေရှိသော ဤ ကပ်ရောဂါကိုကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း၊ အချို့နိုင်ငံများတွင် COVID-19 ရောဂါဖြစ်ပွားပြီး သက်သာ ကောင်းမွန်ခဲ့သူများတွင် ဒုတိယအကြိမ်ထပ်မံဖြစ်ပွားသည်ဟု ပြောဆိုနေမှုများရှိ၍ မိမိတို့အနေဖြင့် အဆိုပါ အချက်ကိုလည်း သတိထား လေ့လာရမည်ဖြစ်ပါကြောင်း။

ယခုအခါ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြင်ပ၌ ရောဂါဖြစ်ပွားသည့် နိုင်ငံအရေအတွက်နှင့် ကူးစက်မှုပုံစံ၊ သေဆုံးမှု အရေအတွက်များသည် တစ်နေ့တစ်ခြား တိုးမြှင့်လာလျက်ရှိသဖြင့် COVID-19 ရောဂါသည် ဆက်လက်၍ အရှိန်အဟုန်မြင့် နေမည်ဟု ခန့်မှန်း၍ ရပါကြောင်း၊ မိမိအနေဖြင့် ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက မကြာခဏပြောကြားချက် ဖြစ်သည့် “မိမိတို့နိုင်ငံသို့ COVID-19 ရောဂါအချိန်မရွေးဝင် ရောက်ဖြစ်ပွားနိုင်သည်ဟုခံယူကာ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများအား အရှိန်မြှင့်၍ ရွက်နေရမည်” ဆိုသည့်အချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ညွှန်ကြားရေး မှူးချုပ်ကလည်း ရောဂါမဝင်ရောက်သေးသည့် နိုင်ငံများသို့ အချိန်မရွေးရောဂါဝင်ရောက် နိုင်သည်ဟု လွန်ခဲ့သော (၂) ရက်ခန့်က ပြောကြား ခဲ့သည်ကို သိရှိရပါကြောင်း။

နေ့စဉ်နီးပါးကျင်းပနေသည့် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး အစည်းအဝေးများတွင် မိမိပြောကြားခဲ့သော အချက်များ အားလုံးကို စုစည်း၍ တိုင်းဒေသကြီး/ ပြည်နယ်များ အားလုံးသို့ ဖြန့်ဝေပြီးဖြစ်သည့်အတွက် တိုင်းဒေသကြီး/ ပြည်နယ် ကျန်းမာရေးဌာနများ၊ ဆေးရုံများအနေဖြင့် အဆိုပါ အချက်များကို သက်ဆိုင်ရာ နေရာဒေသ၊ ဌာနနှင့် ဆေးရုံများ၏ အခြေအနေအရပ်ရပ်နှင့်ကိုက်ညီစေရန်နှင့် ချိန်ထိုးကာ မိမိတို့နိုင်ငံတွင်းသို့ COVID-19 ရောဂါဝင်ရောက် ခြင်းမရှိစေရန်နှင့် ရောဂါဝင်ရောက် လာပါကလည်း ထပ်မံပြန့်ပွားမှုမရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

အဆိုပါပြောကြားချက်များတွင် ကပ်ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ထည့်သွင်း စဉ်းစားရမည့် အချက်များ၊ လက်တွေဆောင်ရွက်ရမည့် အချက်များ၊  ပြည်သူ့ကျန်းမာရေးတက္ကသိုလ်နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်၌ ပြည်သူ့ကျန်းမာရေး ဘာသာရပ်ကိုသင်ကြားသည့်အခါ မှီငြမ်းကိုးကားသင့် သည့်အချက်များ၊ ရေရှည်တွင် ရည်ညွှန်း ကိုးကားရမည့်အချက်များပါရှိသဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ဝန်ထမ်းများအနေဖြင့် အလေးထား ဖတ်ရှုလေ့လာ၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း။

မိမိတို့နိုင်ငံ၌ ရောဂါကာကွယ်ရေးလုပ်ငန်းများသည် ပီပြင်စွာဆောင်ရွက်နေ သည်ကို တွေ့ရှိရပြီး ယခုအခါတွင် ဆေးရုံပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို ဦးစားပေး အားဖြည့်ဆောင်ရွက်နေပါကြောင်း၊ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု ဖြစ်ပွားသူတစ်ဦးတွေ့ရှိပါက လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေ ထောက်လှမ်းခြင်းနှင့် အသွားအလာကန့်သတ်ခြင်းဆောင်ရွက်ရန်၊ ကုသရေးလုပ်ငန်း များကို ဆေးပညာအထူးကု ဆရာဝန်ကြီးများ ရေးဆွဲထားသော လုပ်ငန်းလမ်းညွှန် များအတိုင်း ဆောင်ရွက်ရန်စသည်တို့ကို စနစ်တကျ ဖြစ်စေရေးအတွက် လုပ်ငန်းအဆင့် ဆင့်ကိုပုံစံ (flow chart) ရေးဆွဲကာ အမြန်ဆုံး ဖြန့်ဝေထားရှိရမည်ဖြစ်ပါကြောင်း။

ယခင်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါအဓိပ္ပာယ်သတ်မှတ်ချက်နှင့်အညီ ရောဂါ ဖြစ်ပွားရာနေရာဒေသများသို့ ခရီးသွားရာဇဝင်ရှိပြီး နိုင်ငံတွင်းသို့ ဝင်ရောက် လာကာ သံသယယရောဂါလက္ခဏာ ရှိသူများ၊ ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့ပြီး သံသယ ရောဂါလက္ခဏာရှိသူများကိုသာ COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးခဲ့ရာမှ  ယခုအခါတွင် မိမိတို့နိုင်ငံ၌ အဆိုပါလူနာများကိုသာမက ပြောင်းလဲလာသော ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ ရောဂါအဓိပ္ပာယ်သတ်မှတ်ချက်နှင့်အညီ ခရီးသွားရာဇဝင်နှင့် ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ခဲ့သည့် ရာဇဝင်မရှိစေကာမှု သံသယလက္ခဏာများရှိပါက ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နေခြင်းဖြစ်ပါကြောင်း၊ ထိုသို့ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများကို ပိုမိုကျယ်ပြန့်စွာတိုးမြှင့် လုပ်ဆောင်နေသည်ကို ပြည်သူများ သိရှိရန်လိုအပ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများသည် ပြည်သူ့ကျန်းမာရေး ပညာရှင်များ ဖြစ်သည်နှင့်အညီ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်နှင့် ဆေးရုံတွင် လုပ်ဆောင်ရန်ရှိသည့် ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်း များကို ပြတ်သားစွာ ဆုံးဖြတ်ချက်ချလုပ်ဆောင်ရန်ဖြစ်ပါကြောင်း၊ ပြည်သူ့ ကျန်းမာရေး နှင့် ကပ်ရောဂါဗေဒ ရှုထောင့်မှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များ၌ ဆောင်ရွက် ရမည့် ကိစ္စရပ်များကို ပြတ်ပြတ်သားသားဆုံးဖြတ်၍ ဆောင်ရွက်စေလိုပါကြောင်း၊ မူဝါဒရေးရာကိစ္စရပ်များကိုသာ ဗဟို အဆင့်တာဝန်ရှိသူများထံ တင်ပြရန်ဖြစ်ပါကြောင်း။

တိုင်းဒေသကြီး/ ပြည်နယ်များတွင် လိုအပ်ချက်များအား စာရင်းပြုစုကာ အမြန်ဆုံး တင်ပြကြစေလိုပါကြောင်း၊ ပြည်သူများထံမှ လှူဒါန်းလက်ခံရရှိငွေများကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ စနစ်တကျ သုံးစွဲရန် လမ်းညွှန်နှင့် အတူ ယနေ့ပင် ခွဲဝေချထား မည်ဖြစ်ပါကြောင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် အသက်ရှူ စက်များ အပါအဝင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုသည့် ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများနှင့် ပတ်သက်၍ လိုင်စင်လုပ်ငန်း များကို အထူးဦးစားပေးအနေဖြင့် ခြွင်းချက်ဖြင့် ချက်ချင်းဆောင်ရွက်ပေး ရမည်ဖြစ်ပါ ကြောင်း၊ ပြည်ပနိုင်ငံများမှ မဟာသင်္ကြန်ကာလမတိုင်မီအတွင်း ပြန်လာမည့် မြန်မာ နိုင်ငံသား အများအပြားအား လိုအပ်ပါက အသွားအလာကန့်သတ်ခြင်း ဆောင်ရွက် နိုင်ရန်အတွက် အဆောက်အဦနေရာများကို တိုင်းဒေသကြီး/ ပြည်နယ် အသီးသီးတွင် အစိုးရအဖွဲ့များ ဆွေးနွေးညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း။

ရောဂါဖြစ်ပွားသေဆုံးမှုများပြားသော နိုင်ငံအရေအတွက်လည်း တိုးပွားလာသည်ဖြစ်၍ ပြည်တွင်းသို့ ဝင်ရောက်လာသူများကို အသွားအလာကန့်သတ်မည့် နိုင်ငံစာရင်းကို ယနေ့ပင် ထပ်မံတိုးမြှင့်တော့မည်ဖြစ်ပါကြောင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း တွင် မိမိတို့၏ သောင်းဂဏန်း အရေအတွက် ရှိသော အခြေခံကျန်းမာရေးဝန်ထမ်း ပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ အခြေခံကျန်းမာရေးဝန်ထမ်း  ပညာရှင်များအတွက် လုပ်ငန်းလမ်းညွှန်များကို Mobile Tablet များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့် အမြန်ဆုံး ဖြန့်ဝေပေး သွားရမည် ဖြစ်ပါကြောင်း၊ ဤရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲနှင့် ကျေးလက် ဒေသအထိ လွှမ်းခြုံမှုရှိသည့်အပြင် ပြည်သူများနှင့် နေ့တဒူဝ ထိတွေ့ကာ ကျန်းမာရေး ဝန်ဆောင်မှုပေးနေသော အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်မှသာလျှင် ထိရောက်အောင်မြင် မည်ဖြစ် ပါကြောင်း။

အချက်အလက်ရှာဖွေရေးအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်ထားသည် ဖြစ်သည့် အတွက် ၎င်းအဖွဲ့အနေဖြင့် Video Conferencing မှတစ်ဆင့် တိုင်းဒေသကြီး/ ပြည်နယ် ဦးစီးမှူးများနှင့် ဆေးရုံများရှိ ဆရာဝန်၊ သူနာပြုများနှင့် နှီးနွှယ်ဝန်ထမ်းများထံသို့ နောက်ဆုံးပေါ်တွေ့ရှိချက်များကို မျှဝေရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မိမိတို့ နိုင်ငံတွင်းသို့ ရောဂါဝင်ရောက်ဖြစ်ပွားမှုမရှိစေရေးနှင့် ဖြစ်ပွားပျံ့နှံ့မှုမရှိစေရေးတို့ အတွက် အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှု ဆိုင်ရာဌာန (ရန်ကုန်) နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ တာဝန်ရှိသူများ၊ ဆေးရုံအသီးသီးမှ အထူးကုဆရာဝန်ကြီးများက Video Conferencing ဖြင့် ဆောင်ရွက် နေသည့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ အတွေ့အကြုံများ၊ အခက်အခဲများ၊ လိုအပ်ချက်များ၊ အသွားအလာကန့်သတ်ခြင်း  ပြုလုပ်ရန်အတွက် အဆောက်အဦနေရာ စီစဉ်ထားရှိမှုများ၊ မန္တလေးတိုင်းဒေသကြီးရှိ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို ဇီဝလုံခြုံမှုအဆင့်(၂)မှ အဆင့်ပိုမြင့်ရန် Enhanced Biosafety level – 2 အဖြစ်သို့ အဆင့်မြင့်တင်မှုပြုလုပ်ကာ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှု ပြုလုပ်နိုင်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက် သွားမည့်ကိစ္စ၊ COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးမှုများတွင် ခရီးသွားရာဇဝင်နှင့် ရောဂါဖြစ်ပွားသူနှင့် ထိတွေ့ ရာဇဝင်မရှိသော လတ်တလောပြင်းထန် အသက်ရှု လမ်းကြောင်းရောဂါ လူနာရှိသူများ ကိုပါ ပိုမို စစ်ဆေးသွားမည့် ကိစ္စ၊ COVID-19 ရောဂါကုသမှု ကုထုံးဆိုင်ရာ ကိစ္စရပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ်ဆေးရုံများ၌ ကျန်းမာရေး ဝန်ထမ်းအင်အားများလိုအပ်သည့် ကိစ္စများ၊ ဘဏ္ဍာငွေနှင့် ဆေးပစ္စည်း ထပ်မံလိုအပ်ချက်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူးများ၊ ဆေးရုံအုပ်ကြီးများနှင့် အထူးကု ဆရာဝန်ကြီးများ၏ လုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ချက်များ စသည်တို့ကို တင်ပြ ဆွေးနွေးခဲ့ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်း အတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေး မှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (ကုသရေး)၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဝယ်ယူဖြန့်ဖြူးရေး)နှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခြင်း၊ ဖြည့်ဆည်း ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။

(သတင်းစဉ်)