Skip to main content

အိုလံပစ်ဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၇ နေရာ၌ ရှိနေသည့် သက်ထားသူဇာ

နေပြည်တော်  မတ် ၂၀

ဂျပန်နိုင်ငံ၌ ကျင်းပမည့် ၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေသည့် မြန်မာကြက်တောင် အားကစားမယ် သက်ထားသူဇာသည် မတ် ၁၇ ရက်တွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF) က ထုတ်ပြန်သည့် အိုလံပစ် ဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၇ နေရာ၌ ရပ်တည်လျက်ရှိသည်။

 သက်ထားသူဇာသည် ကမ္ဘာကြက်တောင်အဖွဲ့ချုပ်၏ မတ် ၁၇ ရက် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ထုတ်ပြန်မှု တွင်  ကမ္ဘာ့အဆင့်သတ်မှတ်ချက် အဆင့် ၅၇၊ World Tour အဆင့်သတ်မှတ်ချက် ၆၁ နှင့် အိုလံပစ်ဝင်ခွင့်အတွက် အဆင့် ၂၇ နေရာတွင် ရပ်တည်နေခြင်း ဖြစ်သည်။

 ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် ၂၀၂၀ အိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် ၂၀၁၉ ခုနှစ် ဧပြီ ၂၉ ရက်မှ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၆ ရက်အထိ ကျင်းပသည့် BWF ပြိုင်ပွဲများမှ ရရှိသည့်ရမှတ်များအပေါ် တွက်ချက်မည်ဖြစ်သည်။ BWF ၏ ထုတ်ပြန်ထားမှုအရ  ဧပြီ ၃၀ ရက်တွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက် ထုတ်ပြန်မည်ဖြစ်ပြီး ဇူလိုင် ၆ ရက်တွင် အိုလံပစ် ဝင်ခွင့်ရရှိသူများအား အတည်ပြုကြေညာမည်ဖြစ်သည်။

အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် အဆင့် ၁ မှ ၃၈ အထိ ရရှိသူများ ဝင်ခွင့်ရမည်ဖြစ်သော်လည်း အဆင့် ၁ မှ ၁၆ အတွင်း ရပ်တည်သူများတွင် တစ်နိုင်ငံလျှင် နှစ်ဦးသာ ကစားခွင့်ရမည်ဖြစ်ပြီး အဆင့် ၁၇ မှ ၃၈ အတွင်းရပ်တည် နေပါက  တစ်နိုင်ငံလျှင် တစ်ဦးသာ ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်ကာ သတ်မှတ်ထားသည့် အရေအတွက်ထက် ပိုနေပါက အဆင့် ၃၈ ပြင်ပမှ ကစားသမားများက အစားထိုးယှဉ်ပြိုင်ခွင့်ရမည် ဖြစ်သည်။

 မတ် ၁၇ ရက် ထုတ်ပြန်မှုအရ အိုလံပစ်ဝင်ခွင့်အတွက် တွက်ချက်ရာတွင် တစ်နိုင်ငံတည်းမှ ကစားသမားများ  အရေအတွက် များပြားနေသောကြောင့် သက်ထားသူဇာသည် အဆင့် ၂၇ နေရာအထိ ရောက်ရှိလာခြင်းဖြစ်သည်။

 ကမ္ဘာကြက်တောင်အဖွဲ့ချုပ်သည် ကမ္ဘာ့နိုင်ငံအနှံ့အပြားတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကြောင့်  ပြိုင်ပွဲများ ကျင်းပမှုကို ဧပြီ ၁၂ ရက်အထိ ရပ်ဆိုင်းထားကြောင်း သိရသည်။ ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်သည် ပြိုင်ပွဲများကျင်းပမှု ရပ်ဆိုင်းထားသောကြောင့် အိုလံပစ်ဝင်ခွင့်အတွက် ရွေးချယ်သတ်မှတ်မည့် အစီအစဉ်များကို ထပ်မံကြေညာမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ 

 သက်ထားသူဇာသည် ပြိုင်ပွဲများယှဉ်ပြိုင်ရန်မရှိသောကြောင့် ရန်ကုန်မြို့၌ လေ့ကျင့်မှုပြုလုပ်နေပြီး ကိုရိုနာဗိုင်းရပ်စ် အခြေအနေအပေါ် မူတည်၍ ပြိုင်ပွဲများ ယှဉ်ပြိုင်မည်ဖြစ်သည်။ သက်ထားသူဇာသည် မတ်နှင့် ဧပြီတွင် ပေါ်တူဂီ၊ ချက်၊ ဆွစ်ဇာလန်၊ ပိုလန်၊ ဖင်လန်နှင့် စင်ကာပူနိုင်ငံတို့၌ ကျင်းပမည့်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြက်ပျယ်ခဲ့ရသည်။

၂၀၂၀ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၉ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ကိုရိုနာဗိုင်းရပ်စ် ကြောင့် ကျင်းပနိုင်ခြင်းရှိ၊ မရှိ ဆက်လက်စောင့်ကြည့်နေရသည်။

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-ဖိုးသော်ဇင်