နေပြည်တော် မတ် ၂၀
ကိုဗစ်-၁၉ ရောဂါဆိုး ပြည်တွင်း၌ ဖြစ်ပွားခြင်း မရှိသေးသော်လည်း လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများ ပြတ်လပ်မှု မရှိစေရေးအတွက် ကြိုတင်ကာ အစီအမံများ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းမှ သိရှိရသည်။
ကပ်ရောဂါနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်း၊ ဖြစ်ပွားခြင်းကို ကာကွယ်ရန်နှင့် မြန်မာနိုင်ငံအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် လိုအပ်မည့် ဆေးနှင့် ဆေးပစ္စည်းများကို နိုင်ငံတွင်းသို့ လျင်လျင်မြန်မြန် တင်သွင်းနိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ညှိနှိုင်းဆွေးနွေးခြင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့နှင့် ညှိနှိုင်းဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်မိုးခိုင်ထံမှသိရှိရသည်။
သက်ဆိုင်ရာဌာနများမှ လိုအပ်သည့် အရည်အသွေးနှင့် အာနိသင်ရှိသည့် ဆေးနှင့် ဆေးပစ္စည်းများကို မြန်မာနိုင်ငံအတွင်း တင်သွင်းရာတွင်လည်း လျင်မြန်မှုရှိစေရေး အတွက် ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရပြီး ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းရောင်းချသူများ၏ လိုအပ်သည့် သွင်းကုန်ပါမစ်များနှင့်ပတ်သက်၍လည်း အသင်းမှ တစ်ပတ်လျှင်ရုံးဖွင့်ရက် ခြောက်ရက်ဖြင့် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ ညီနောင်အသင်းတွေကတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးကြတာရှိပါတယ်။ ကိုဗစ်-၁၉ ကြောင့် လတ်တလောမှာ ကုန်ဈေးနှုန်းတွေ တက်သွားမှာစိုးရိမ်ကြတာရှိပါတယ်။ ဒါကြောင့် ကုန်ဈေးနှုန်းတွေ ထိန်းသိမ်းတဲ့သဘောနဲ့ တွေ့ဆုံဖြစ်ပါတယ်။ ဆန်စပါးအသင်းချုပ်၊ ဆန်ကုန်သည်များအသင်း၊ ဆီကုန်သည်များအသင်း၊ ဆေးဝါးနဲ့ပတ်သက်တဲ့အသင်း စတဲ့ ညီနောင်အသင်း တွေဖိတ်ခေါ်ဆွေးနွေးပါတယ်။ ကျွန်တော်နားလည်သလောက် ပြန်ရှင်းပြရရင် ဆန်တို့၊ ဆီတို့က ပြတ်လပ်မှု မရှိပါဘူး။ လုံလုံလောက်လောက်ရှိနေပါတယ်။ အစပိုင်း တစ်ရက်နှစ်ရက်မှာ ဆီက ဈေးတက်သလိုရှိပေမယ့် အခုတော့ ပြန်ငြိမ်သွားပါပြီ။ သိပ်ပြီးစိတ်ပူစရာမရှိပါဘူး။ ကျွန်တော်တို့မှာ အနည်းငယ် အခက်အခဲရှိနိုင်တာကတော့ ဆေးနဲ့ ဆေးပစ္စည်းတွေပေါ့။ ဆေးတွေ တင်သွင်းချင်ပေမယ့် အချိန်မီမရောက်လာနိုင်တာရှိမယ်။ တစ်ဘက်က ပေးပို့မယ့်နိုင်ငံတွေကလည်း တားမြစ်ထားတာတွေ ရှိနိုင်သလို၊ အချိန်မီ ထုတ်လုပ်မပေးနိုင်တာလည်း ဖြစ်နိုင်တာပေါ့။ ကြုံလာနိုင်တာမို့ ကြိုတင်စဉ်းစားရပါတယ်။ အချို့ဈေးတွေက လုံလောက်ပေမယ့် အချို့ဆေးတွေက လိုအပ်တာမျိုးရှိပါတယ်။ အဲဒါတွေကို နည်းလမ်းပေါင်းစုံနဲ့ ဘယ်လိုတင်သွင်းကြမလဲ၊ ရောင်းချကြမလဲဆိုတာတွေလည်း ဆွေးနွေးဖြစ်ပါတယ်။ အသင်းချုပ်ကလည်း ကူညီနိုင်တဲ့ဘက်ကနေ အတတ်နိုင်ဆုံးကူညီပေး သွားမှာပါ။ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကလည်း လုပ်ငန်းလျင်မြန်အောင် ကူညီပေးကြဖို့ရှိပါတယ်”ဟု ကုန်သည်စက်မှု အသင်းချုပ်၏ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
ထို့ပြင် ဆေးနှင့်ဆေးပစ္စည်းများ တင်သွင်းရောင်းချသူများအနေဖြင့် တင်သွင်းရာတွင်လိုအပ်သည့် ထောက်ခံချက်များ၊ လိုင်စင် များနှင့် ပတ်သက်၍ အခက်အခဲရှိပါက အသင်းရုံးသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပြီး အာနိသင်ရှိသည့် ဆေးနှင့် ဆေးပစ္စည်းများ မြန်မာနိုင်ငံအတွင်းသို့ အမြန်ဆုံးတင်သွင်းနိုင်ရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရှိရသည်။
ထို့ပြင်ကိုဗစ်-၁၉ ရောဂါရှာဖွေရေး၊ ကာကွယ်ရေး၊ ကုသရေးတို့တွင် အသုံးပြုသော ဆေးနှင့် ဆေးပစည်းများ ပံ့ပိုးရောင်းချ ဖြန့်ဖြူးပေးရန် အဆင်သင့်ရှိပါက အသင်း၏ စုံစမ်းအကူအညီတောင်းခံရန် ဖုန်းနံပါတ် ဝ၉၄၂၀၉၀၁၀ဝ၃ သို့ဆက်သွယ်နိုင်ပြီး လှူဒါန်းဝယ်ယူလိုသော်လည်း ဈေးမှန်၊ ပစ္စည်းမှန်၊ တရားဝင်တင်သွင်းသည့် ဆေးများဖြစ်ရန် အခက်အခဲရှိလျင်နှင့် မည်သည့်နေရာတွင် ဝယ်ယူရမှန်းကို အခက် အခဲရှိပါကလည်း အသင်းမှ ဝယ်ယူလိုသူနှင့် လှူဒါန်းလိုသူများကို ချိတ်ဆက်ပေး သွားမည်ဖြစ်ကြောင်းသိရသည်။
ခင်ရတနာ