နေပြည်တော် မတ် ၂၀
ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ကမ္ဘာလုံးတွင် စီးပွားရေးနှောင့်နှေးမှုများ ကြုံတွေ့နေရပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အစိုးရမှ ရောဂါဆိုးကြောင့် ထိခိုက်ခံစားရမှု အများဆုံးဖြစ်နိုင်ခြေရှိသည့် စီးပွားရေးလုပ်ငန်းများ ကို တတ်စွမ်းသမျှ ကူညီပေးလျက်ရှိသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် စီးပွားရေးထိခိုက်သဖြင့် ပိတ်သိမ်းသွားရသည့် အလုပ်ဌာနများမှ လူမှုဖူလုံရေး အာမခံကြေး ထည့်ဝင်ထားသည့် အလုပ်သမားများအတွက် ထိုက်သင့်သည့် အကျိုးခံစားခွင့်များကို ၂၀၁၂ လူမှုဖူလုံရေး ဥပဒေနှင့်အညီ ခံစားနိုင်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနမှ သိရှိရသည်။
၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ မှတ်ပုံတင်ထားသော လုပ်ငန်းဌာနများအနေဖြင့် လုပ်ငန်းလည်ပတ်နေရာမှ ဥပဒေပုဒ်မ ၇၅ (ခ) နှင့် နည်းဥပဒေအပိုဒ် ၄၇ တို့နှင့်အညီ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဌာနများ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်း ပိတ်သိမ်းခြင်းများ ရှိသကဲ့သို့ ကမ္ဘာအနှံ့တွင် ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ နောက်ဆက်တွဲဖြစ်ပေါ်လာသည့် စီးပွားရေးဂယက်များကြောင့် မြန်မာနိုင်ငံရှိ ကုန်ကြမ်းပေး ကုန်ချောယူလက်ခစားစနစ် (CMP) လုပ်ငန်းလုပ်ကိုင်နေသော စက်ရုံ၊ အလုပ်ရုံများ၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများ၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအပါအဝင် လုပ်ငန်းဌာနများ အနေဖြင့် လုပ်ငန်းလည်ပတ်ရန် ခက်ခဲခြင်းတို့ကြောင့် လုပ်ငန်းများ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်းခြင်း နှင့် အလုပ်သမားများ လျှော့ချခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။
မှတ်ပုံတင်ထားပြီးသော လုပ်ငန်းဌာနများသည် အကြောင်းအမျိုးမျိုးကြောင့် အလုပ်ဌာနပိတ်သိမ်းခြင်း၊ အလုပ်သမားလျှော့ချခြင်း တို့ဖြစ်ပေါ်ခြင်းကို လူမှုဖူလုံရေးအဖွဲ့သို့ အကြောင်း ကြားလာပါက လူမှု ဖူလုံရေးအဖွဲ့ တာဝန်ရှိသူများက အမှန်တကယ် ပိတ်သိမ်းခြင်း ရှိ/မရှိ သွားရောက်စိစစ် အတည်ပြုရမည်ဖြစ်ပြီး မှန်ကန်ပါက ထည့်ဝင်ကြေးပေးသွင်းခြင်းကို ရပ်ဆိုင်းထားမည်ဖြစ် ကြောင်း သိရှိရသည်။
အလုပ်ရှင်များသည် ယာယီပိတ်သိမ်းထားရာမှ လုပ်ငန်းပြန်လည် ဖွင့်လှစ်ပါက ဖွင့်လှစ်ကြောင်းကို (၁၀)ရက် အတွင်း မဖြစ်မနေ အကြောင်းကြားရမည်ဖြစ်ပြီး ထည့်ဝင်ကြေးများကိုလည်း ပြန်လည်ပေးသွင်းရန် လိုအပ်သည်။ လုပ်ငန်းလည်ပတ်မှုကို အကြောင်း ကြားရန် ပျက်ကွက်ခြင်းကြောင့် အလုပ်သမားများ ထိခိုက်မှုဖြစ်ခြင်း၊ မကျန်းမာမှုဖြစ်ခြင်းများအတွက် လူမှုဖူလုံရေးအဖွဲ့ကိုယ်စား ဥပဒေပါခံစားခွင့်များကို ပုဒ်မ ၆၉ နှင့်အညီ အလုပ်ရှင်မှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ပြီး ထည့်ဝင်ကြေးများကိုလည်း ပြန်လည် ပေးသွင်းရမည့်အပြင် ဥပဒေ ပုဒ်မ ၉၄(ခ) နှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါဥပဒေအရ သိရှိရသည်။
အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဌာနများ ယာယီပိတ်သိမ်းခြင်း၊ အမြဲတမ်းပိတ်သိမ်းခြင်း၊ အလုပ်သမားလျှော့ချခြင်းများ ဖြစ်ပေါ်ပြီး အလုပ်ရှင်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမားများသည် ၂၀၁၂ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ၊ နည်းဥပဒေ များအရ ကျန်းမာရေးနှင့် လူမှုရေးစောင့်ရှောက်မှု အာမခံစနစ်ပါ နည်း ဥပဒေ အပိုဒ် ၇၃ နှင့်အညီ အလုပ်လက်မဲ့ကာလ ၆ လထက် မကျော်သောကာလအထိ ဆေးကုသမှုခံ ယူခွင့်၊ အလုပ်လက်မဲ့ကာလအတွင်း မကျန်းမာမှုဖြစ်ပါက ထိုမကျန်းမာမှုဖြစ်သည့်နေ့ မတိုင်မီ နောက်ဆုံး ၆ လအတွင်း ထည့်ဝင်ကြေး ၄ လ ရှိပါက ငွေကြေးအကျိုး ခံစားခွင့်အဖြစ် လုပ်ခလစာ၏ ၆၀ ရာခိုင်နှုန်းကို (၆) လ အထိ ခံစားခွင့်၊ အလုပ်လက်မဲ့ကာလအတွင်း မီးဖွားမှုဖြစ်ပေါ်ပါက မီးဖွားခွင့်မစတင်မီ လွန်ခဲ့သော ၁၂ လအတွင်း ၆ လ ထည့်ဝင်ကြေးပေးသွင်းထားပါက လုပ်ခလစာ၏ ၇၀ ရာခိုင်နှုန်းကို မီးဖွားမှုနှင့်ဆိုင်သည့် ငွေကြေး အကျိုးခံစားခွင့်များနှင့် မီးဖွားစရိတ် အပါအဝင် အကျိုးခံစားခွင့် (၇) မျိုးကို ခံစားခွင့်ရှိသည်။
အာမခံထားသူအမျိုးသမီး မီးဖွားပါက မီးဖွားခွင့်မစတင်မီ လွန်ခဲ့သော ၁၂ လ အတွင်း ပျမ်းမျှလုပ်ခလစာ၏ ၇၀ ရာခိုင်နှုန်းကို ၁၄ ပတ်မှ အမွှာမွေးပါက ၁၈ ပတ်အထိ ငွေကြေးအကျိုးခံစားခွင့်၊ မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခလစာ၏ ၅၀ ရာခိုင်နှုန်း မှ အမွှာ မွေးပါက ၁၀ဝ ရာခိုင်နှုန်းအထိ ခံစားခွင့်၊ ကိုယ်ဝန်ပျက်မှုအတွက် ပျမ်းမျှလုပ်ခလစာ၏ ၇၀ ရာခိုင်နှုန်းကို အများဆုံး ၆ ပတ် အထိ ခံစားခွင့်၊ အာမခံထားသူအမျိုးသမီးသည် တစ်နှစ်အောက်ကလေး မွေးစားမှုအတွက် ပျမ်းမျှလုပ်ခလစာ၏ ၇၀ ရာခိုင်နှုန်း ကို ၈ ပတ်အထိ ခံစားခွင့်နှင့် အာမခံထားသူအမျိုးသမီး၏ တစ်နှစ်အောက်ကလေးအတွက် တစ်နှစ်အထိ ဆေးကုသမှုခံယူခွင့်၊ အာမခံ ထား သူအမျိုးသား၏ ဇနီး မီးဖွားမှုအတွက် မွေးကင်းစကလေး စောင့်ရှောက်ခွင့်အဖြစ် ပျမ်းမျှလုပ်ခလစာ၏ ၇၀ ရာခိုင်နှုန်းကို ၁၅ ရက် အထိ ခံစားခွင့်၊ အာမခံထားသူအမျိုးသား၏ ဇနီး မီးဖွားခြင်းအတွက် မီးဖွားစရိတ်အဖြစ် ပျမ်းမျှလုပ်ခလစာ၏ ၂၅ ရာခိုင်နှုန်း မှ အမွှာမွေးပါက ၅၀ ရာခိုင်နှုန်း အထိ ခံစားခွင့်တို့ရရှိမည်ဖြစ်သည်။
ထို့ပြင် အလုပ်လက်မဲ့ကာလအတွင်း သေဆုံးမှုမဖြစ်မီ နောက်ဆုံး ၃ လ အတွင်း ၂ လ ထည့်ဝင်ကြေးပေး သွင်းထားခြင်း၊ ကပ် လျက် ၂ လကို ထည့်ဝင်ကြေး မရှိသော်လည်း အလုပ်လက်မဲ့ဖြစ်သူအတွက် ထည့်ဝင်ကြေး ပေးသွင်းပြီးသကဲ့သို့ သတ်မှတ်၍ နာရေးစရိတ်ခံစားခွင့်၊ အလုပ်လက်မဲ့ဖြစ်သည့်ကာလ အများဆုံး ၆ လအထိ ဆေးဖိုးနှင့် ခရီးစရိတ် ခံစားခွင့်၊၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေး အက်ဥပဒေနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ နှစ်ရပ် ပေါင်း ထည့်ဝင်ကြေးကာလ လပေါင်း (၁၈၀) အထက်ရှိပါက အငြိမ်းစားယူသူများ ဆေးကုသမှုဆက်လက်ခံယူ ခွင့်များကိုလည်း ရရှိခံစားနိုင်ကြောင်း သိရသည်။
အလုပ်ရှင်ကြောင့် အလုပ်လက်မဲ့ဖြစ်သွားသော အာမခံအလုပ်သမားများအတွက် အပိုဒ် (၄)ပါ အကျိုးခံစားခွင့်များ ရရှိသကဲ့သို့ လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်းမာရေးနှင့် လူမှုရေး စောင့်ရှောက်မှု အာမခံစနစ်သို့ ဆန္ဒအလျောက် အလုပ်ရှင် ၂ ရာခိုင်နှုန်း၊ အလုပ်သမား ၂ ရာခိုင်နှုန်း၊ စုစုပေါင်း ၄ ရာခိုင်နှုန်းကို ထည့်ဝင်ကြေးများ ပေးသွင်းပြီး ဆက်လက်အာမခံထားရှိပါက ဆေးကုသမှု ခံယူခွင့်၊ မီးဖွားမှုအကျိုး ခံစားခွင့်နှင့်ဆိုင်သည့် အပိုဒ် (၄)ပါ ငွေကြေးအကျိုးခံစားခွင့် (၇)မျိုး၊ဆေးဖိုး၊ ခရီးစရိတ်၊၁၉၅၄ ခုနှစ်၊ လူမှုဖူလုံရေးအက်ဥပဒေနှင့် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေ နှစ်ရပ် ပေါင်း ထည့်ဝင်ကြေးကာလ လပေါင်း (၁၈၀) အထက်ရှိပါက အငြိမ်းစားယူသူများ ဆေးကုသမှု ဆက်လက်ခံယူခွင့်တို့အပြင် နာရေးစရိတ်ကိုလည်း ရရှိနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ခင်ရတနာ