နေပြည်တော် မတ် ၂၀
ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းသည် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)တွင် မတ် ၁၅ ရက်မှ ၂၃ ရက်အထိ ဆောင်ရွက်လျက်ရှိသည့် စိတ်အခြေအနေနှင့် လူတွေ့စစ်ဆေးမှု လာရောက်ဖြေဆိုသူများအား COVID-19 ကူးစက်မြန်ရောဂါ ကာကွယ် ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့ပြင် ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် COVID-19 ရောဂါကာကွယ်ရေး လုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် နေသည့်အပြင် ဗဟိုဝန်ထမ်းတက္ကသိုလ် များတွင် လတ်တလော စတင်ဖွင့်လှစ်မည့် သင်တန်းများကို COVID-19 ရောဂါကာကွယ်နိုင်ရန်အတွက် ယာယီရပ်နား ထားကြောင်း သိရသည်။
ထိုသို့ COVID-19 ကာကွယ်နိုင်ရန်အတွက် လတ်တလောစတင် ဖွင့်လှစ်သည့် သင်တန်းများ ယာယီရပ်နား ထားမည်ဖြစ်ရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက် မြန်မာပြည်) ရှိ အရာထမ်းငယ်အခြေခံ သင်တန်းအမှတ်စဉ် (၈၆၊ ၈၇၊ ၈၈)၊ စာရေး ဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ် (၉၇၊ ၉၈၊ ၉၉၊ ၁၀၀)၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ရှိ အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၁၁၆၊ ၁၁၇၊ ၁၁၈)၊ စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ်(၁၉၉၊ ၂၀၀၊ ၂၀၁၊ ၂၀၂)တို့မှ သင်တန်းသားများကို ပြန်လည် စေလွှတ်ပြီးဖြစ်ကြောင်း သိရှိရသည်။
သို့သော် မကြာမီ သင်တန်းပြီးဆုံးတော့မည့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)မှ အဆင့်မြင့်အရာထမ်း စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁၅)ကို သတ်မှတ်ရက် မတ် ၂၆ ရက်တွင် သင်တန်းဆင်းနိုင်ရေး အတွက်လည်းကောင်း၊ အရာထမ်း အခြေခံသင်တန်းအမှတ်စဉ် (၂၁၂)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)ရှိ အရာထမ်း အခြေခံသင်တန်း အမှတ်စဉ်(၆၀)တို့ကို သတ်မှတ်ကာလထက်စော၍ သင်တန်းဆင်းနိုင်ရေး နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားဆဲဖြစ်ကြောင်း၊ ခွင့်ပြုချက်ရသည်နှင့် မတ် ၂၆ ရက်တွင် သင်တန်းဆင်းပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ သင်တန်းများ ဖွင့်လှစ်ထားရခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဒုတိယ အမြဲတမ်းအတွင်းဝန် က “အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၁၅)က သတ်မှတ်ကာလပြီးဆုံးမယ့် မတ် ၂၆ ဆို သင်တန်းဆင်း တော့မှာပါ။ သင်တန်းမဆင်းခင် ကျန်တဲ့ရက် အပိုင်းအခြားအတွင်းမှာ သင်တန်းသားတွေကို ကျန်းမာရေး စောင့်ရှောက်မှုပေးသလို COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်နေပါတယ်။ အခုဖွင့်လှစ်နေဆဲ အရာထမ်း အခြေခံ သင်တန်းအမှတ်စဉ်(၂၁၂) နဲ့ (၆၀) ကိုလည်း သင်တန်းစောပြီး ဆင်းနိုင်ဖို့အတွက် အချိန်ပိုသင်တန်းပို့ချမှုတွေ ဆောင်ရွက်နေပါတယ်။ သင်တန်းဖွင့်ထားတဲ့ အချိန်မှာလည်း သင်တန်းသားတွေရဲ့ ကျန်းမာရေးအတွက် ဝန်ဆောင်မှုပေးနေသလို ကာကွယ်ရေး၊ အသိပညာပေးရေးလုပ်ငန်းတွေကိုလည်း ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်တွေနဲ့အညီ အချိန်နဲ့တစ်ပြေးညီ လိုက်နာဆောင်ရွက်နေပါတယ်။ နိုင်ငံတော်အစိုးရက ညွှန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်တဲ့အတွက် ဖွင့်လှစ်ရမယ့် တခြားသင်တန်းတွေကတော့ ယာယီပိတ်လိုက်ပါပြီ” ဟု ပြောသည်။
ကေတာ