ရန်ကုန် မတ် ၂၀
အိန္ဒိယနိုင်ငံက လာမည့်ဘဏ္ဍာနှစ် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် မတ်ပဲ တန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။
တင်သွင်းခွင့်ပြု
ထိုသို့ မတ်ပဲ တန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုခြင်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းက နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယသမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းတန်ချိန် လေးသိန်း အထိ တိုးမြှင့်ဝယ်ယူရန် မေတ္တာရပ်ခံမှုအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် တုံ့ပြန်သည့်သဘောဖြစ်သည့်အပြင် အိန္ဒိယ နိုင်ငံအနေဖြင့်လည်း မတ်ပဲလိုအပ်ချက်ရှိသောကြောင့် တင်သွင်းခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“အဓိကတော့ အိန္ဒိယက ဒီနှစ်မှာ မတ်ပဲလိုအပ်ချက် ရှိတယ်ဆိုတာ ရှေ့ပိုင်းမှာကတည်းက မြင်နေရ တယ်။ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာ သူတို့ တန်ချိန် တစ်သိန်းခွဲပဲ ကိုတာသတ်မှတ်ထားတာကို အဲဒီနောက်မှာမှ လိုအပ်ချက်ရှိတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကုန်လောက်မှာ တန်ချိန်နှစ်သိန်းခွဲ မတ်လကုန် နောက်ဆုံး ထားပြီး တင်သွင်းဖို့ဆိုပြီး ကြေညာတယ်။ တန်ချိန်နှစ်သိန်းခွဲ က မတ်လကုန်ထဲမှာ သူတို့ဘက်ကို ပြည့်မီအောင် မတင် သွင်းနိုင်တဲ့အခါကျတော့ ဧပြီလအထိ နောက်တစ်လရွှေ့ပေး တယ်။ တစ်ခါဒီကြားထဲမှာ သမ္မတကြီး အိန္ဒိယသွားတဲ့ ခရီးစဉ် မှာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပဲပေါ်တဲ့အချိန်မှာ တန်ချိန် လေးသိန်းဝယ်ပေးဖို့ မေတ္တာရပ်ခံတဲ့အပေါ် ပြန်ပြီးတုံ့ပြန်တဲ့ သဘောပါ။ သူတို့က တကယ်ကို လိုအပ်ချက်ရှိလို့ ကြေညာတာလည်းပါတယ်"ဟု ဦးမင်းကိုဦးက ပြောသည်။
ထိုသို့ အိန္ဒိယနိုင်ငံမှ လာမည့်ဘဏ္ဍာနှစ်တွင် မတ်ပဲတန်ချိန် လေးသိန်း တင်သွင်းခွင့်ပြုခြင်းသည် ယခုနှစ်ပဲပေါ်ချိန်နှင့် လာမည့်နှစ်ပဲပေါ်ချိန် တောင်သူ များအတွက် ပဲစျေးကွက် အလားအလာကောင်းကြောင်း ပဲကုန်သည်များက ပြောသည်။
လက်ရှိ အိန္ဒိယနိုင်ငံမှ လာမည့်ဘဏ္ဍာနှစ်အတွက် မတ်ပဲတန်ချိန် လေးသိန်း တင်သွင်းခွင့်ပြုသည့် ထုတ်ပြန်ချက် ထွက်ပြီးနောက် မတ်ပဲစျေး အထိုက် အလျောက် တက်လာကာ စျေးကွက်အတွင်း မတ်ပဲတစ်တန်လျှင် ကျပ် ကိုးသိန်းခွဲခန့် ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၁၅- ၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ် တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့်မတ်ပဲအား ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွက် တန်ချိန် လေးသိန်းသတ်မှတ်၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း နယူးဒေလီမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။
ယခုကန့်သတ်ချက်သည်လည်း အိန္ဒိယအစိုးရ၏ နှစ်နိုင်ငံချင်း သို့မဟုတ် ဒေသဆိုင်ရာအဆင့် လက်မှတ်ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာများနှင့် သက်ဆိုင်မှုမရှိကြောင်း၊ မတ် ၃ ရက်က ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီး ဌာန(DGFT)မှ ကုန်သွယ်ရေးအသိပေးချက် အမှတ် ၅၄/ ၂၀၁၉- ၂၀၂၀ ဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ယခုနှစ် ဧပြီ ၃၀ ရက်အထိ အချိန်တိုးမြှင့် တင်သွင်းခွင့်ပြုထားသည့် မတ်ပဲတန်ချိန် နှစ်သိန်းခွဲအား သီးခြားဆက်လက် တင်သွင်းရန်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း ဆောင်ရွက်သူများကသာ DGFT က သတ်မှတ် သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မတ်ပဲတင်သွင်းခွင့်ခွဲတမ်း လျှောက်ထားနိုင် ကြောင်း ဖော်ပြပါရှိသည့် အမိန့်ကြော်ငြာစာအား အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ် ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ကူးသန်းရောင်းဝယ်ရေးဌာနက မတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထို့ပြင် မတ် ၁၉ ရက်ကလည်း ပြည်ပကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန (DGFT)အနေဖြင့် ကုန်သွယ်ရေးအသိပေးချက် အမှတ် ၅၆/ ၂၀၁၉- ၂၀၂၀ နှင့် ၅၇/ ၂၀၁၉- ၂၀၂၀ တို့ကို ထပ်ဆင့်ထုတ်ပြန်ခဲ့ရာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွက် တင်သွင်းခွင့်ပြုသည့် မတ်ပဲတန်ချိန် လေးသိန်းသည် ယခုနှစ် မေ ၁ ရက်မှ လာမည့် ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အတွင်းသာ တင်သွင်းရန် အကျုံးဝင်ကြောင်း ဖော်ပြထားသည်။
သို့ဖြစ်၍ ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် မတ် ၂၀ ရက်မှ ၃၁ ရက်အတွင်း DGFT ၏ အင်တာနက်စာမျက်နှာ မှတစ်ဆင့် ကိုတာ လျှောက်လွှာများ တင်သွင်းနိုင်ကြောင်း၊ မတ်ပဲတင်သွင်းခွင့် ရရှိသည့် ကုမ္ပဏီများသည် အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းသို့ လာမည့် ၂၀၂၁ ခုနှစ် မတ် ၃၁ ရက် အရောက် တင်သွင်းရမည်ဖြစ်ပြီး ၎င်းမတ်ပဲ များတင်သွင်းရန် အချိန်တိုးမြှင့်တောင်းခံခြင်းကို လက်ခံဆောင်ရွက်မည်မဟုတ်ကြောင်း သိရသည်။
ငြိမ်းငြိမ်း(GNLM)