Skip to main content

ရန်ကုန်ဘူတာကြီးတွင် COVID-19 ရောဂါ ကာကွယ်ရေးဆောင်ရွက် ခရီးသွားပြည်သူများအတွက် သင်္ကြန်အထူးရထား ပြေးဆွဲရန်စီစဉ်ထား

ရန်ကုန် မတ် ၂၀

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့ မီးရထား ရန်ကုန်ဘူတာကြီးတွင် COVID-19 ရောဂါ ကာကွယ်ရေး ဆောင်ရွက်လျက်ရှိပြီး သင်္ကြန်အထူး ရထားပြေးဆွဲရန် စီစဉ်ထားကြောင်း ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက်က ပြောသည်။

“မတ် ၁၈ ရက်ကစပြီး COVID-19 ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ရန်ကုန်ဘူတာကြီး စင်္ကြံ ဝင်/ထွက် ပေါက်တွေမှာ အပူချိန် တိုင်းကိရိယာတွေ၊ လက်ဆေးရည်တွေနဲ့ ဝန်ထမ်းတွေက ဆရာဝန်ညွှန်ကြားတဲ့အတိုင်း စီစဉ်ဆောင်ရွက်နေပါတယ်။ အမြန်ရထားတွေမှာ၊ လေအိတ်ရထားတွေမှာ လက်ဆေးဆပ်ပြာ၊ လက်ဆေးကန် အပြည့်အစုံထား ပေးပါတယ်။ အမှတ် (၃) အဆန်နဲ့ အမှတ်(၄) အစုန်မှာက အထက်တန်း မှာပဲ ထားပေးပါတယ်။

COVID-19 ရောဂါနဲ့ ပတ်သက်ပြီး ဝန်ထမ်းတွေကို အစည်းအဝေးတွေခေါ်ယူပြီး ချောင်းဆိုး တာကအစ ဆရာဝန်ညွှန်ကြားတဲ့ အတိုင်း လူမှုကျင့်ဝတ် လိုက်နာဖို့ အသံချဲ့စက်နဲ့ မှာကြားတယ်” ဟု မြန်မာ့ မီးရထား ရန်ကုန်ဘူတာကြီးမှ ရုံပိုင်ချုပ်ကြီး ဦးသောင်းထိုက် က ပြောသည်။

ရန်ကုန်ဘူတာကြီးမှ ရန်ကုန်-မန္တလေး ခရီးစဉ်တွင် ခရီးသည် ၃၀၀၀ ကျော် နေ့စဉ်သွားလာနေပြီး ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့ပတ်ခရီးသည် ၆၀၀၀ ကျော်မှ ၇၀၀၀ ကျော်အထိ ပုံမှန်ဝင်ထွက် သွားလာနေသဖြင့် COVID-19 ရောဂါနှင့် ပတ်သက်ပြီး သင်္ကြန်ကာလတွင်း ခရီးသည်များ သွားလာမှု အနည်းငယ်ပိုများမည်ဟု ခန့်မှန်းထားသည်။ သို့သော် ဘာသာရေး၊ အသင်း အဖွဲ့များ၊ ရုပ်ရှင်ရုံပွဲများနှင့် သင်္ကြန်မဏ္ဍပ်များ ပိတ်ထားသဖြင့် ယခင်နှစ်အောက် နည်းမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

သင်္ကြန်ရက်အတွင်း ပုံမှန်ပြေးဆွဲနေသည့် လေအိတ် ရထားများကို ရပ်နားပြီး အထူးရထားများကို ပြေးဆွဲနိုင် ရန် တင်ပြ ထားကြောင်း “သင်္ကြန်ရထားကိုတော့ ရန်ကုန်- မန္တလေး အဆန်အထူးရထားတစ်စင်း၊ အစုန်အထူးရထား တစ်စင်း ကျွန်တော်တို့ ပြေးဆွဲဖို့ စီစဉ်နေပါတယ်။ သင်္ကြန် ရက်အတွင်းမှာ ပုံမှန် နှစ်စဉ်နှစ်တိုင်းပိတ်တဲ့ ရန်ကုန်-မန္တလေး လေအိတ်ရထားကတော့ သင်္ကြန်တွင်းကာလက ပုံမှန်ပဲ ပိတ်မှာပါ။ သင်္ကြန်အထူးရထားကို သင်္ကြန်မတိုင်မီ ၈-၄-၂၀၂၀ ရက်ကစပြီး ပြေးဆွဲဖို့ မြန်မာ့ မီးရထား ရုံးချုပ် ကို အစီရင်ခံစာတင်ထားပါတယ်။ အဲဒီကနေပြီးတော့ အချိန် စာရင်းတွေ ချပေးမှာပါ။

လက်မှတ်ကတော့ ပုံမှန်ပါပဲ။ အဆန်အထူး၊ အစုန်အထူးရထားရောက်လည်း အထက် တန်းဆို သုံးရက်ကြိုဝယ်၊ လေအိတ်ရထား ဆို၊ ရိုးရိုးတန်းဆို သုံးရက်ကြို၊ ပုံမှန် အမှတ်(၃) အဆန်၊ အမှတ်(၄) အစုန် ကတော့ ရိုးရိုးတန်းကို သုံးရက်ကြိုဝယ်၊ အထက်တန်း ကို သုံးရက်ကြိုဝယ်၊ ဒီဈေးနှုန်းပါပဲ၊ ဈေးနှုန်းလည်း ပြောင်းလဲ မှုမရှိသေးပါဘူး” ဟု ရန်ကုန်ဘူတာကြီး ရုံပိုင်ချုပ်ကြီးက ဆက်လက်ပြောကြားသည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရရဲ့ သယ်ယူပို့ဆောင် ရေးကဏ္ဍအနေနဲ့ လက်ကမ်းစာစောင်တွေ၊ ပိုစတာတွေ ကပ်တယ်။ အင်းစိန်မှာ မြန်မာ့မီးရထားဆရာဝန်ကြီးနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ ကျန်းမာရေးအသိပေးမှုတွေ လုပ်နေပါတယ်။ ဌာနရဲ့ ပံ့ပိုးမှုနဲ့ ကိုယ်ပူချိန်တိုင်းစက်တွေနဲ့ ဘူတာ ထဲဝင်လာတဲ့ ခရီးသည်တွေကို တိုင်းတာပေးတယ်။ ရထား တွဲဆိုင်း တွေမှာ ပိုးသတ်ဆေး၊ ကြွက်၊ ခြင်၊ ယင်၊ ပိုးဟပ်၊ ကြမ်းပိုးကင်းစင်ရေး ပိုးသတ်ဆေးဖျန်းတာ တွေကို ကုမ္ပဏီကိုအပ်ပြီး လုပ်ဆောင်နေပါတယ်” ဟု ဒု-လက်ထောက် ကြီးကြပ် ရေးမှူး ဦးအောင်ကျော်ဦးက ပြောသည်။

သန့်ဇင်ဝင်း