Skip to main content

(COVID-19)ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းလုပ်ရန် မြန်မာ နိုင်ငံ ဆရာဝန်အသင်း(ဗဟို)သို့ စာရင်းပေးသွင်းထားသည့် ဆရာဝန် ၆၀ ဦးခန့်ရှိ

ရန်ကုန် မတ် ၂၁

 (COVID-19)ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းလုပ်ရန် မြန်မာနိုင်ငံ ဆရာဝန်အသင်း(ဗဟို)တွင် ယနေ့အချိန်အထိ စာရင်းပေး သွင်းထားသည့် ဆရာဝန်ပေါင်း ၆၀ ဦးခန့် ရှိကြောင်း မြန်မာနိုင်ငံ ဆရာဝန် အသင်း(ဗဟို) ရုံးအဖွဲ့မှူးထံမှ သိရသည်။

“ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာရှိတဲ့ ဆရာဝန်တွေက လုပ်ငန်းတွေ များပြားတဲ့အတွက် လိုအပ်လာရင် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ ကုသရေး လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ စေတနာ့ဝန်ထမ်း ဆရာဝန်တွေကို စုဆောင်းထား ရှိခြင်း ဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆရာဝန်အသင်း (ဗဟို) ရုံးအဖွဲ့မှူး ဦးသောင်းညွှန့်က ပြောသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း(ဗဟို) အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်းပြီး ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်း များဆောင်ရွက်ရန် မတ်လ ၂၀ ရက်မှ စတင်ပြီး စေတနာ့ဝန်ထမ်း လုပ်ရန် ဆရာဝန်များ ခေါ်ယူခဲ့ကြောင်း မြန်မာနိုင်ငံ ဆရာဝန် အသင်း (ဗဟို)မှ သိရသည်။

(COVID-19)ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် စေတနာ့ ဝန်ထမ်းလုပ်ရန် စာရင်းပေးသွင်းထားသည့် အရိုးအထူးကုဌာနမှ လက်ထောက် ဆရာဝန် ဒေါက်တာမျိုးဇော်ဝင်းက “အဓိက က ကိုယ့်နိုင်ငံမှာမဖြစ်အောင် ပူးပေါင်းပါဝင်တာပါ။ နိုင်ငံမှာဖြစ်ရင် ကျန်းမာရေးလုပ်သားတွေက ရှေ့ဆုံးက ပါဝင်ရမှာဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ လည်း (COVID-19)ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေအတိုင်း လိုက်နာစေချင်ပါတယ်။ မသေချာတဲ့ သတင်းတွေကို နားမထောင်ဖို့ အရေးကြီးပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို) အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ တွင် အသင်းခွဲရုံးများ ဖွင့်လှစ် ထားပြီး အသင်းဝင်ဦးရေ နှစ်သောင်းခန့် ရှိကြောင်း သိရ သည်။

သတင်း-မင်းသစ်(MNA)