ရန်ကုန် မတ် ၂၁
COVID-19 ရောဂါကာကွယ်နိုင်ရေးအတွက် လူစုလူဝေးမဖြစ်ပေါ်စေရန် စည်ပင် အငြိမ်းစားဝန်ထမ်းများ၏ မတ်လပင်စင်လစာကို ရန်ကုန်မြို့တော်ဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်များ၌ ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန် မြို့တော်ခန်းမရှိ ဘတ်ဂျက်နှင့် ငွေစာရင်းဌာနမှ သိရသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီတွင် တာဝန်ထမ်းဆောင်ခဲ့ကြ သော အငြိမ်းစားဝန်ထမ်းပင်စင်စားများအတွက် မတ်လပင်စင်လစာငွေကို ပုံမှန် ထုတ်ပေးနေသည့် မြို့တော်ခန်းမရှိ ဘတ်ဂျက်နှင့် ငွေစာရင်းဌာနတွင် လူစုလူဝေး ပုံစံဖြင့် ထုတ်ပေးသွားမည်မဟုတ်ဘဲ မတ် ၂၄ ရက်မှ ဧပြီ ၂၉ ရက်အတွင်း လစာ ထုတ်ရက်နှင့် အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ် ရန်ကုန်မြို့တော်ဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်များသို့ သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာများသည် လစဉ်ငွေသားနှင့် လာရောက်ထုတ်ယူနေ ခြင်းအစား ရန်ကုန်မြို့တော်ဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်များ၌ ငွေစုစာရင်း ဖွင့်လှစ် ထည့်သွင်း၍ မိမိလိုအပ်ချိန်တွင် ငွေစုစာရင်းမှ ထုတ်ယူခြင်းကို လည်းကောင်း၊ ရန်ကုန်မြို့တော်ဘဏ်တွင် ATM စာရင်း ဖွင့်လှစ်၍ မိမိနှင့် နီးစပ်ရာ မည်သည့်ဘဏ်၏ ATM စက်များ တွင်မဆို ထုတ်ယူခြင်းဖြင့်လည်းကောင်း ပြောင်းလဲဆောင်ရွက်မည်ဆိုပါက မြို့တော်ခန်းမသို့ လာရောက်ထုတ်ယူ ခြင်းဖြင့် အချိန်ကုန် လူပင်ပန်းသည့် ဒုက္ခကင်းဝေးစေမည် ဖြစ်ပြီး မိမိလိုအပ်ချိန် တွင် လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်သည့်အပြင် မထုတ်ယူဘဲစုဆောင်းထားရှိ မည်ဆိုပါက ဘဏ်၏ သတ်မှတ်အတိုးနှုန်းကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကမ္ဘာတစ်ဝန်းဖြစ်ပေါ် ပျံ့နှံ့လျက်ရှိသော COVID-19 ရောဂါ ကာကွယ်နိုင်ရေးအတွက် လူစုလူဝေး မဖြစ်ပေါ်စေရန် ပုံမှန်ပင်စင်လစာ စတင် ထုတ်ပေးသည့် လစဉ်လကုန်ပိုင်း ၂၄ ရက်မှစ၍ ၃ ရက်အတွင်း စုပြုံထုတ် ယူခြင်းမပြုဘဲ ယခုအခါ မတ် ၂၄ ရက်မှ ဧပြီ ၂၉ ရက်အတွင်း လစာထုတ်ရက်နှင့် အစိုးရရုံးပိတ်ရက်များမှအပ နေ့စဉ် ရန်ကုန်မြို့တော်ဘဏ်နှင့် မြန်မာ့စီးပွားရေး ဘဏ်များ၌ မိမိအဆင်ပြေသည့်ရက်များတွင် သွားရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။
အေးမင်းသူ