မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အာရှရန်ကုန်ဘဏ်လီမိတက်အား မတ် ၁၆ ရက်တွင် ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ရုပ်သိမ်းခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်း၊ ဦးဘိုဘိုငယ်တို့နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။
မေး။ ။ အာရှရန်ကုန်ဘဏ်လီမိတက် ဖျက်သိမ်းခြင်းနဲ့ပတ်သက်ပြီး ပြည်သူကို ဘယ်လိုအသိပညာပေး သွားမလဲဆိုတာ မျှဝေပေးပါဦး။
ဦးစိုးမင်း။ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ငွေကြေးမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက် နေတဲ့အပြင် ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးကိုလည်း ရည်မှန်းချက် ထားပြီး ဆောင်ရွက်ရပါတယ်။ အာရှရန်ကုန် ဘဏ်လီမိတက်နဲ့ပတ်သက်တဲ့ အချက်တွေကိုတော့ ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ဆက်လက်ဆွေးနွေးမှာ ဖြစ်ပါတယ်။
မေး။ ။ ဘာကြောင့် အာရှရန်ကုန်ဘဏ်လီမိတက်ကိုဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့ပါသလဲ။
ဦးဘိုဘိုငယ်။ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၁၇ခုနှစ်မှာ ရှယ်ယာအရောင်းအဝယ်နဲ့ အရှုပ်အရှင်း တိုင်ကြားချက်ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အကြောင်းကြားစာတွေကို စတင်ရရှိခဲ့ပါတယ်။ တစ်ချိန် တည်းမှာပဲ အာရှရန်ကုန်ဘဏ်ဟာ မတည်ငွေရင်းကို ပြည့်ဝစွာ မထည့်သွင်းခဲ့တဲ့ အနေအထားတွေရှိခဲ့ပါတယ်။ ဘဏ်က မတည်ရင်းနှီးငွေပမာဏ တိုးမြှင့်ထည့်သွင်းဖို့ အဆိုပြုမှု ၂၀၁၆ ခုနှစ်မှာ တစ်ကြိမ်ရှိခဲ့ပါတယ်။ ဒီငွေဟာ တရားဝင်ရရှိတဲ့ငွေ ဟုတ်/မဟုတ် အခွန်ထမ်းဆောင်ပြီးတဲ့ ငွေ ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးမှုတွေကို သက်ဆိုင်ရာဌာန တွေနဲ့ ဆက်သွယ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီလိုစုံစမ်းစစ်ဆေး တဲ့အခါမှာ ဘဏ်ကထည့်သွင်းဖို့ အဆိုပြုတဲ့ငွေဟာ အခွန် ထမ်းဆောင်ပြီးတဲ့ တရားဝင်ရငွေဖြစ်ကြောင်း အထောက် အထားတွေ မရရှိခဲ့ပါဘူး။
အထောက်အထားတွေ ပါဝင်
အဲဒီအပြင် အခုနှစ်အစပိုင်းမှာ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကိုပေးပို့တဲ့ သူတို့ စစ်ဆေးထားတဲ့ အထောက်အထားတွေထဲမှာ ဘဏ်ရဲ့ ရှယ်ယာတွေကို ရှယ်ယာ အရောင်းအဝယ်ပြုလုပ်ခဲ့စဉ်က ပေးချေခဲ့တဲ့ငွေတွေမှာ အခွန်ဆောင်ပြီး တရားဝင် ဝင်ငွေ တွေလို့ယူဆမရကြောင်း အထောက်အထားတွေ ပါဝင်ခဲ့ပါ တယ်။
ဒီလိုပေါ်ပေါက်ချက်အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ ဥပဒေသဘောထားကို မေးမြန်းရယူပြီး နိုင်ငံတော်သမ္မတရုံးရဲ့ လမ်းညွှန်ချက်နဲ့ အညီ အဆင့်ဆင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီနှစ်တွေ အတွင်းမှာကျင်းပခဲ့တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ အစည်းအဝေးတွေမှာလည်း စစ်ဆေး တွေ့ရှိချက်တွေကို အကြိမ်ကြိမ်တင်ပြပြီး နောက်ဆုံး မတ် ၁၆ ရက်မှာ ကျင်းပတဲ့ ဒါရိုက်တာအဖွဲ့အစည်းအဝေးမှာ အပြီးသတ်ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ပါတယ်။
ငွေရေးကြေးရေးအဖွဲ့အစည်းတွေ ဥပဒေပုဒ်မ ၁၅ အရ လိုင်စင်ရုပ်သိမ်းဖို့အခြေအနေတွေ ပေါ်ပေါက်လာရင် ပုဒ်မ ၁၆ အရ ရက်ပေါင်း (၉၀) အတွင်း ဆုံးဖြတ်ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အခုနှစ် ဖေဖော်ဝါရီလအတွင်းမှာမှ ခိုင်မာ တဲ့ အထောက်အထားတွေ ရရှိခဲ့တဲ့အတွက်ကြောင့် အခု မတ်လအတွင်းမှာ ဆုံးဖြတ်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
မေး။ ။ ဘဏ်တွေမှာ မတည်ရင်းနှီးတဲ့ငွေတွေနဲ့ပတ်သက်လို့ ဘယ်လိုသတ်မှတ်ထားချက်တွေ ရှိပါသလဲ။ ဒါတွေဟာ ဘာကြောင့်လိုအပ်တာပါလဲ။
ဦးဘိုဘိုငယ်။ ။ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေသတ်မှတ်ချက်အရ အနည်းဆုံး မတည် ရင်းနှီးငွေကျပ်ဘီလီယံ (၂၀) ရှိဖို့ လိုအပ်ပါတယ်။ ဒီငွေ တွေဟာ တရားဝင် ဝင်ငွေရပေါက်ရလမ်း (Source of Funds) က ရရှိတဲ့ငွေဖြစ်ကြောင်း ခိုင်မာတဲ့အထောက် အထားပြနိုင်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်က ဒီငွေ တွေဟာ အခွန်ထမ်းဆောင်ပြီးတဲ့ငွေတွေ ဖြစ်ဖို့လို ပါတယ်။
ထည့်သွင်းခွင့်ပြု
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဒီနှစ်ချက်ကို အဓိကထားစစ်ဆေးပြီးမှ ရှင်းလင်းတဲ့ငွေတွေကိုသာ မတည် ရင်းနှီးငွေအဖြစ် ထည့်သွင်းခွင့်ပြုတာ ဖြစ်ပါတယ်။ ဒါတွေ ဟာ ဘာကြောင့်လိုအပ်သလဲဆိုရင် ဘဏ်စနစ်ငွေကြေးစနစ် ဆိုတာဟာ တစ်ဘဏ်နဲ့တစ်ဘဏ် နိုင်ငံတကာနယ်နိမိတ် တွေကို ဖြတ်ကျော်ပေးချေဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါ တယ်။ မြန်မာနိုင်ငံဘဏ်စနစ်အနေနဲ့ နိုင်ငံတကာဘဏ်စနစ် တွေနည်းတူ တရားမဝင်ငွေတွေ မိမိဘဏ်တွေထဲကို ဝင်မလာအောင် ကာကွယ်တားဆီးဖို့လိုအပ်ပါတယ်။
အဲဒီလိုမလုပ်နိုင်ခဲ့ဘူးဆိုရင် နိုင်ငံတကာဘဏ်တွေ အနေနဲ့ မြန်မာပြည်ကဘဏ်တွေအပေါ် ယုံကြည်မှုလျော့ကျ ပြီး အဆက်အသွယ်လုပ်ကြဖို့ တွန့်ဆုတ်လာနိုင်ပါတယ်။ အဲဒီအခါ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်တဲ့ နေရာ အဟန့်အတားဖြစ်လာနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပို့ကုန်သွင်းကုန် ဝန်ဆောင်ခစတဲ့ ပေးချေမှုတွေမှာ အခက် အခဲတွေ ပိုဖြစ်လာနိုင်ပါတယ်။
ဒီအခါမှာ တိုင်းပြည်တစ်ခုလုံးရဲ့ စီးပွားရေးကိုထိခိုက်ပြီး လူတစ်ဦးချင်းစီရဲ့ဝင်ငွေနဲ့ နေထိုင်မှုအဆင့်အတန်းကိုပါ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ နိုင်ငံတကာဗဟိုဘဏ်တွေနည်းတူ ငွေအရင်းအမြစ်နဲ့ အခွန်ကင်းရှင်းမှု ရှိ/မရှိ ဆိုတာကို အလေးထား စိစစ်နေရတာဖြစ်ပါတယ်။
မေး။ ။ အခု အာရှရန်ကုန်ဘဏ်လီမိတက်ကို ဘယ်သူက ဘယ်လို စီမံအုပ်ချုပ်နေပါသလဲ။
ဦးဘိုဘိုငယ်။ ။ အာရှရန်ကုန်ဘဏ်ကို လိုင်စင်ရုပ်သိမ်းပြီးနောက်မှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ အဓိကဦးစားပေးဆောင်ရွက်တဲ့အချက် ကတော့ ဒီဘဏ်မှာ ငွေအပ်နှံထားသူတွေ ငွေထုတ်ယူလို ပါက ချောချောမွေ့မွေ့ထုတ်ယူနိုင်အောင် စီစဉ်ဆောင်ရွက် ခြင်း ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာလည်း ဘဏ်မှာ အပ်နှံ ထားတဲ့ငွေတွေ၊ အဲဒီဘဏ်က အခြားဘဏ်တွေမှာ အပ်နှံ ထားတဲ့ငွေတွေ၊ အဲဒီဘဏ်ရဲ့ ဘဏ်ခွဲအသီးသီးမှာရှိတဲ့ ငွေတွေကို စနစ်တကျထိန်းသိမ်းဖို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေရေး ကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၉၇၊ ပုဒ်မခွဲ (က)အရ အုပ်ချုပ်သူခန့်ထားပြီး စီမံခန့်ခွဲနေပါ တယ်။
ဆက်လက်ခန့်ထားဆဲဖြစ်
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဘဏ်လုပ်ငန်းကြီးကြပ် စစ်ဆေးရေးဌာနနဲ့ မြန်မာ့စီးပွားရေးဘဏ်က အရာထမ်း တွေနဲ့ ဝန်ထမ်းတွေကလည်း တွဲဖက်တာဝန်ထမ်းဆောင် လျက်ရှိ ပါတယ်။ အာရှရန်ကုန်ဘဏ်ရဲ့ ဝန်ထမ်းတွေအားလုံး ကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခန့်ထားတဲ့ အုပ်ချုပ်သူရဲ့လက်အောက်မှာ လက်ရှိလစာနဲ့ လစာနှုန်း ထားအတိုင်း ဆက်လက်ခန့်ထားဆဲ ဖြစ်ပါတယ်။ ဒီဘဏ်ရဲ့ ရပိုင်ခွင့်နဲ့ ပေးဖို့တာဝန်ရှိတာတွေကို စနစ်တကျစာရင်း ရှင်းလင်းဖျက်သိမ်းဖို့ နောက်တစ်ဆင့်မှာ လိုအပ်မှာဖြစ်ပါ တယ်။
ဒီအခါမှာ တရားလွှတ်တော်ချုပ်ကို လျှောက်ထားပြီး ပြည်သူ့စာရင်းကိုင်လက်မှတ်ရ စာရင်းရှင်းလင်းရေးအရာရှိ တစ်ဦးကို ခန့်ထားပြီးချိန်အထိ ဗဟိုဘဏ်မှ အုပ်ချုပ်သူက တာဝန်ယူ အုပ်ချုပ် သွားမှာဖြစ်ပါတယ်။
မေး။ ။ အခု အာရှရန်ကုန်ဘဏ်လီမိတက်ကနေ ငွေထုတ်ယူမှုတွေ များပြားပါသလား။ ထုတ်ပေးမှုနဲ့ ထုတ်ပေးနိုင်ခြင်းမှာ တစ်စုံတစ်ရာ ပြဿနာရှိပါသလား။
ဦးဘိုဘိုငယ်။ ။ အာရှရန်ကုန်ဘဏ်ရဲ့ ငွေအပ်နှံသူအရေအတွက်နဲ့ တစ်ဦးချင်း အပ်နှံငွေ ပမာဏ ကြီးကြီးမားမားမရှိပါဘူး။ ငွေအပ်နှံသူတွေ ငွေထုတ်ယူလိုပါက ထုတ်ပေး နိုင်ဖို့ လည်း အာရှရန်ကုန် ဘဏ်လက်ဝယ်ရှိ ငွေသား၊ အာရှရန်ကုန်ဘဏ်ရဲ့ ဗဟိုဘဏ် မှာထားတဲ့ အပ်နှံငွေ၊ အာရှရန်ကုန်ဘဏ်က တခြားဘဏ် တွေထံမှာထားတဲ့ အပ်နှံငွေတွေနဲ့ ထုတ်ပေးနိုင်ဖို့ လုံလောက်မှုရှိရုံမက ပိုလျှံမှုရှိပါတယ်။
ဒီဘဏ်ကို လိုင်စင်ရုပ်သိမ်းရခြင်းဟာ ငွေရေးကြေးရေး အခက်အခဲကြုံတွေ့ရတဲ့ အခြေအနေကြောင့် မဟုတ်ပါဘူး။ အဓိကအားဖြင့် ဒီလို အခွန်ကင်းရှင်းမှုမရှိတဲ့ငွေတွေနဲ့ ရင်းနှီးထားခြင်းဟာ မြန်မာပြည် ဘဏ်စနစ်တစ်ခုလုံးရဲ့ ပုံရိပ်၊ တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကို ထိခိုက်လာ နိုင်တဲ့အတွက်ဖြစ်ပါတယ်။ လက်ရှိမှာ ငွေထုတ်ယူမှု ပုံမှန် အနေအထားရှိပြီး အနည်းငယ်စီသာ လာရောက်ထုတ်ယူမှု ရှိပါတယ်။ လက်ရှိထုတ်ယူသူတွေ ငွေထုတ်ဖို့ အခက်အခဲ ရှိတယ်ဆိုတဲ့အချက် မတွေ့ရပါဘူး။
မေး။ ။ အာရှရန်ကုန်ဘဏ်လီမိတက်ရဲ့ နောက်ကြောင်း သမိုင်းအကျဉ်းကို ပြောပြပေးစေလိုပါတယ်။
ဦးဘိုဘိုငယ်။ ။ အာရှရန်ကုန်ဘဏ်လီမိတက်ကို ၁၉၉၄ ခုနှစ် မတ် ၁၇ ရက်မှာ ဘဏ်လုပ်ငန်းလိုင်စင် ထုတ်ပေး ခဲ့ပါတယ်။ ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော်ငွေရေးကြေးရေး အဖွဲ့အစည်းများ ဥပဒေအရ လိုင်စင်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အခု ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက ရရှိတဲ့အထောက်အထားတွေအရ ဘဏ်ကို စတင် တည်ထောင်ခဲ့ ချိန်မှာ မြန်မာနိုင်ငံသား အမည်ခံတွေနဲ့ ထူထောင်ခဲ့တယ်ဆိုတဲ့ အထောက်အထားလည်း တွေ့ရှိရ တဲ့အတွက် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေအပြင် တခြားတည်ဆဲ ဥပဒေတွေနဲ့လည်း ငြိစွန်းနေပါတယ်။ ဒါတွေကတော့ ဥပဒေကြောင်းအရ လိုအပ်သလို ဆက်လက်လုပ်ဆောင်နိုင်ဖို့ သက်ဆိုင်ရာဌာနတွေကို ပေးပို့သွားမှာ ဖြစ်ပါတယ်။ ဘဏ် အနေနဲ့ ဘဏ်လုပ်ငန်းတွေ ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ရုံးချုပ်နဲ့ ဘဏ်ခွဲ (၁၂) ခု နဲ့သာ လုပ်ငန်းဆောင်ရွက်နေခဲ့ပါတယ်။
မေး။ ။ အာရှရန်ကုန်ဘဏ်လီမိတက်က အခြားဘဏ်တွေနဲ့ယှဉ်ရင် လုပ်ငန်းအတွက် ပမာဏ ဘယ်လောက်ရှိပါသလဲ။
ဦးဘိုဘိုငယ်။ ။ မြန်မာနိုင်ငံမှာရှိတဲ့ ဘဏ်တွေထဲမှာရဖို့ပိုင်ခွင့်ခေါ်တဲ့ ချေးငွေထုတ်ချေးမှု အနေအထားအရ အနည်းဆုံးဘဏ်တစ်ခုဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၂၈ ရက်ရှိ စာရင်းတွေအရ ဘဏ်လုပ်ငန်းဆောင်ရွက်နေတဲ့ ပုဂ္ဂလိကဘဏ် ၂၇ ဘဏ် အနက် အာရှရန်ကုန်ဘဏ်လီမိတက်ရဲ့ စုစုပေါင်း ရဖို့ ပိုင်ခွင့်ဟာ နောက်ဆုံးအဆင့်မှာသာ ရှိပါ တယ်။ မြန်မာနိုင်ငံ ရှိ ဘဏ်တွေထဲမှာလည်း အနည်းဆုံးလိုအပ်တဲ့ မတည် ငွေရင်းသတ်မှတ်ချက်ထက် အောက်ရောက်ရှိနေတဲ့ တစ်ခုတည်းသောဘဏ်ဖြစ်ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်အမှတ် (၉/၂၀၁၄) အရ ဘဏ်တွေအနေနဲ့ ၃၁-၃-၂၀၁၅ ရက်နေ့ နောက်ဆုံးထားပြီး ထည့်ဝင်ပြီး မတည်ငွေရင်းပြည့်မီအောင် ထည့်ဝင်ဖို့ အကြောင်းကြားခဲ့ပါတယ်။ ဒါ့အပြင် အာရှ ရန်ကုန်ဘဏ်ကို ၃၀-၁၂-၂၀၁၄၊ ၃၀-၁၂-၂၀၁၅၊ ၂၉-၂-၂၀၁၆၊ ၅-၈-၂၀၁၆၊ ၃-၁-၂၀၁၇ ရက်စွဲပါစာတွေနဲ့ အကြောင်းကြားခဲ့ ပေမယ့်လည်း ပြည့်မီအောင် ထည့်ဝင်မှု မရှိခဲ့ပါဘူး။
မေး။ ။ အာရှရန်ကုန်ဘဏ်လီမိတက်ကို ဖျက်သိမ်းခဲ့တဲ့အတွက် ဘဏ္ဍာရေးလောကမှာ ရိုက်ခတ်မှုတွေ ရှိခဲ့ပါသလား။ ရှိလာနိုင်ပါသလား။
ဦးဘိုဘိုငယ်။ ။ အာရှရန်ကုန်ဘဏ်မှာ ငွေအပ်နှံသူနည်းပါးခြင်း၊ ချေးငွေထုတ်ချေးမှုမှာ လည်း နည်းပါးပြီး စုစုပေါင်းရရန်ပိုင်ခွင့်နဲ့ တိုင်းတာရင် ပမာဏသေးငယ်သောဘဏ် (Small) အမျိုးအစားမှာ ပါဝင်ပြီးတော့ လူသိနည်းတဲ့ ဘဏ်ဖြစ်တဲ့အတွက်ကြောင့် မြန်မာပြည်ဘဏ်လုပ်ငန်းစနစ်အနေနဲ့ အတွေ့အကြုံများ လာတဲ့အတွက် ရိုက်ခတ်မှုမရှိသလောက်ဖြစ်တာကို တွေ့ရှိရပါတယ်။
မေး။ ။ အခု ဘဏ်တွေကို လိုင်စင်ထုတ်ပေးတဲ့အခါမှာမတည်ငွေရင်းဇာစ်မြစ်အပြင် အခြားဘယ်လို အချက်တွေကိုလည်း စစ်ဆေးပါသလဲ။
ဦးဘိုဘိုငယ်။ ။ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေမှာ ဘဏ်လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ထုတ်ပေးခြင်းနဲ့ပတ်သက်ပြီးတော့ အသေးစိတ်အချက်အလက်တွေပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ အဓိက အကျိုး စီးပွားရယူထားသူရဲ့ အရည်အချင်း၊ အတွေ့အကြုံတွေ၊ ငွေရေးကြေးရေးအခြေအနေ၊ ဒါရိုက်တာတွေနဲ့ အမှုဆောင် အရာရှိချုပ်တို့ရဲ့ ငွေရေးကြေးရေးပြစ်မှုကင်းရှင်းကြောင်း စတဲ့ အချက်တွေကို တောင်းခံရယူပြီး စိစစ်ဆောင်ရွက် ပါတယ်။
မေး။ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ငွေရေးကြေးရေး တည်ငြိမ်မှုအတွက် ဘယ်လိုဆောင်ရွက် နေပါသလဲ။
ဦးဘိုဘိုငယ်။ ။ ဗဟိုဘဏ်အနေနဲ့ ငွေကြေးတည်ငြိမ်ရေး၊ ငွေရေးကြေးရေးစနစ်တည်ငြိမ် ရေး၊ ငွေပေးချေမှုနဲ့ စာရင်းရှင်းလင်းမှုစနစ်တွေ ခိုင်မာ တိုးတက်ရေး၊ စီးပွားရေးဖွံ့ဖြိုးမှုရရှိစေဖို့ အစိုးရအဖွဲ့ရဲ့ အထွေထွေစီးပွားရေးမူဝါဒတွေကို အထောက်အကူပြုရေး အဓိက ရည်မှန်းချက် (၄)ခုရှိပါတယ်။
ငွေရေးကြေးရေး စနစ် တည်ငြိမ်ရေးက ဘဏ္ဍာရေးကဏ္ဍတစ်ခုလုံးအတွက် အဓိကအရေးကြီးပါတယ်။ ဒီလိုတည်ငြိမ်စေဖို့အတွက် ထုတ်ပြန်ထားတဲ့ ဥပဒေ/ ညွှန်ကြားချက်တွေနဲ့အညီ ဘဏ်တွေ အနေနဲ့ စနစ်တကျလုပ်ငန်းဆောင်ရွက်နေမှု ရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်း၊ စောင့်ကြည့်ကြီးကြပ်ခြင်း၊ Regulator တွေအကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ ဦးစီး ဌာနတွေနဲ့ အချင်းချင်း ပူးပေါင်းဖလှယ်ပြီး ပံ့ပိုးကူညီပြီး ထိန်းကျောင်းလျက်ရှိပါ တယ်။
လိုက်နာဖို့လိုအပ်
ဘဏ်တွေအနေနဲ့လည်း ဗဟိုဘဏ်ကချမှတ်ထားတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေဟာ နိုင်ငံတကာစံနှုန်းနဲ့အညီ ချိန်ထိုးပြီး ချမှတ်ထားတာဖြစ်တဲ့အတွက် အခြေခံလိုက်နာ ရမယ့် အချက်တွေကို နားလည်သဘောပေါက်ပြီး လိုက်နာဖို့ လိုအပ်ပါတယ်။
ဗဟိုဘဏ်အနေနဲ့ကလည်း အမျိုးသားအကျိုးစီးပွား ကို ထိခိုက်နိုင်တဲ့အချက်တွေ တွေ့ရှိရင် ခေါ်ယူ တွေ့ဆုံဆွေးနွေးခြင်း၊ ပြင်ဆင်ရမယ့်အချိန် (Timeline) ပေးပြီး ဆောင်ရွက်စေခြင်းတို့ကို ပြုလုပ်လျက်ရှိပါတယ်။
အခုအချိန်မှာ နိုင်ငံခြားဘဏ်တွေခွင့်ပြုပြီး ဘဏ်လုပ်ငန်း စနစ်ကို ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဘဏ်တွေအနေနဲ့ စည်းမျဉ်း၊ စည်းကမ်းတွေ စနစ်တကျလိုက်နာစေပြီး ဘဏ် ရှယ်ယာရှင်တွေ၊ စီမံခန့်ခွဲ သူတွေအနေနဲ့လည်း ကိုယ့်ဘဏ် ပုံရိပ်ကို ထိခိုက်စေမယ့်လုပ်ငန်းတွေ မလုပ်မိစေဖို့နဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ထိန်းကျောင်းနေမှုကို ပိုမိုသိရှိ နားလည်ပြီးတော့ ပူးပေါင်း ဆောင်ရွက် ဖို့လိုပါတယ်။
မေး။ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေနဲ့ ဘဏ်တွေ ခိုင်မာတောင့်တင်း စေအောင် ဘယ်လိုနည်းစနစ်တွေနဲ့ ထိန်းကျောင်းကြီးကြပ်နေပါသလဲ။
ဦးဘိုဘိုငယ်။ ။ ဘဏ်တွေကို ကြီးကြပ်စစ်ဆေးတဲ့အခါ အရင်က ဥပဒေ၊ အမိန့်၊ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်တွေလိုက်နာမှု ရှိ/မရှိ (Compliance-based) ကို အခြေခံပြီး စစ်ဆေးခဲ့ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေနဲ့ ဘဏ် လုပ်ငန်းကဏ္ဍမှာ နည်းပညာတွေ တိုးတက် လာတာနဲ့အမျှ ဘဏ်လုပ်ငန်းကြီးကြပ် စစ်ဆေးတဲ့ နည်းလမ်းတွေကိုလည်း ဘဏ် တွေမှာရှိတဲ့ ဆုံးရှုံးနိုင်ခြေ (Risk) အပေါ် အလေးပေးပြီး ပြောင်းလဲကြီးကြပ်စစ်ဆေး လျက်ရှိပါတယ်။
စစ်ဆေးတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး ဘဏ်ရဲ့ အဆင့်မြင့်စီမံခန့်ခွဲသူတွေနဲ့ တွေ့ဆုံပြီး လိုက်နာဆောင်ရွက်ဖို့လိုအပ်တဲ့ အချက်တွေကို ဆွေးနွေးဆောင်ရွက်စေပါ တယ်။ အထူးသဖြင့် ဘဏ်ရဲ့ အစု ရှယ် ယာရှင် တွေက မတည်ငွေရင်း တိုးမြှင့်တဲ့အခါ၊ ပြည်ပ က ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာတဲ့အခါ၊ အစုရှယ်ယာတွေ လွှဲပြောင်းတဲ့အခါတွေမှာ ငွေကြေးရင်းမြစ် (Source of Funds) ကို ငွေကြေးခဝါချမှု ကင်းရှင်းခြင်း ရှိ/မရှိနဲ့ အခွန်ကင်းရှင်းကြောင်း ရှိ/မရှိ အဓိကထား စစ်ဆေးလျက်ရှိပါတယ်။
မေး။ ။ ဒီအကြောင်းအရာတွေက အာရှရန်ကုန်ဘဏ်လီမိတက် ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းအရာတွေဖြစ်ပြီးတော့ နောက်ထပ် ပြည်သူနဲ့ ဘဏ်လုပ်ငန်းရှင်တွေ ကို အသိပေးချင် တာရှိရင်လည်း မျှဝေပေးပါဦး။
ဦးစိုးမင်း။ ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ ငွေရေးကြေးရေးစနစ် တည်ငြိမ်ရေးကို ထိန်းကျောင်းဖို့ တာဝန်ရှိတာ နဲ့အညီ ဘဏ်တွေအနေနဲ့လည်း ထုတ်ပြန်ထား တဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လိုက်နာဖို့ လိုအပ်တဲ့အတွက် စည်းကမ်းလိုက်နာမှုမရှိတဲ့ ဘဏ်ကို အရေးယူဆောင်ရွက်ခြင်းအားဖြင့် ဘဏ်လုပ်ငန်းစနစ်ကို ထိခိုက်မှုမရှိဘူးလို့ ပြောကြား လိုပါတယ်။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကေတာ၊ ဓာတ်ပုံ-အေးသန်း