Skip to main content

ပန်းဘဲတန်းမြို့နယ် Junction City အနီး ဂျပန်နိုင်ငံသားအမျိုးသားတစ်ဦးလဲကျခြင်းမှာ အတက်ရောဂါကြောင့်သာဖြစ်

ရန်ကုန် မတ် ၂၁

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် Junction City အနီး၌ ယနေ့မွန်းလွဲပိုင်းက ဂျပန်နိုင်ငံသား အမျိုးသားတစ်ဦးလဲကျခြင်းမှာ COVID – 19 ရောဂါကြောင့် မဟုတ်ဘဲ အတက် ရောဂါကြောင့်သာဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့ မွန်းလွဲ ၁၂ နာရီခွဲဝန်းကျင်ခန့်က Junction City ရှေ့၌ လမ်းလျှောက်လာသော ဂျပန်နိုင်ငံသားအမျိုးသားတစ်ဦး လဲကျကြောင်း အကြောင်းကြားချက်အရ ပန်းဘဲတန်းမြို့မရဲစခန်းမှ ဒုရဲအုပ်မောင်မောင်မြင့်နှင့် တပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကြကြောင်း၊ အဆိုပါ ဂျပန်နိုင်ငံသားအား Junction City မှ လုံခြုံရေးဝန်ထမ်းများက ဝိုင်းဝန်းကူညီ၍ အပူချိန်တိုင်းစက်ဖြင့် တိုင်းတာစစ်ဆေးခဲ့ကြောင်း သိရသည်။

“ဂျပန်နိုင်ငံသားအမျိုးသားတစ်ဦး လဲကျသွားတာဖြစ်ပါတယ်။ အခြားဘာရောဂါကြောင့်မှ မဟုတ်ပါဘူး။ အတက်ရောဂါကြောင့် တက်သွားတာပါ။ ကာယကံရှင် ကိုယ်တိုင် ကလည်း သူ့မှာဘာရောဂါမှမရှိဘူးပြောပြီး ပြန်သွားပါတယ်။ သူမပြန်ခင် နေတဲ့နေရာကိုမေးတော့ ကာယကံရှင်က သူ့ဖုန်းနဲ့ ဂျပန်လိုစာရိုက်ပြပါတယ်။ မြေပုံရဲ့ တည်နေရာ ထောက်ပြချက်အရဆိုရင်တော့ ကျောက်တံတားမြို့နယ် လမ်း ၄၀ ဘက်ကို ပြနေတာတွေ့ရပါတယ်”ဟု ပန်းဘဲတန်းမြို့မရဲစခန်းမှ ဒုရဲအုပ်မောင်မောင်မြင့်က ပြောသည်။

“နိုင်ငံခြားသားလဲကျသွားတဲ့ ဗီဒီယိုက ပျံ့နှံ့သွားပြီး ကိုရိုနာဗိုင်းရပ်စ် (COVID-19)ဆိုပြီး စိုးရိမ်ထိတ်လန့်သွားကြတာပါ။ အတက်ရောဂါ (Epilepsy)ပါ။ ဖျားနာတာတို့၊ ချောင်းဆိုးတာတို့လည်း လုံးဝမရှိဘူး၊ နောက်ဆက်တွဲဖြစ်စဉ်လည်း မရှိပါဘူး”ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောသည်။

ယင်းဖြစ်စဉ်ကို လူမှုကွန်ရက်စာမျက်နှာများတွင် မြင်တွေ့ရပြီး ပြည်သူများ စိုးရိမ်ပူပန်ခဲ့ကြသော်လည်း သက်ဆိုင်ရာသတင်းဌာနများ၊ ကျန်းမာရေးမှ တာဝန်ရှိသူများက အချိန်မီပြန်လည် ဖြေရှင်းဖော်ပြထားသည်ကိုလည်း မြင်တွေ့ ရသည်။

 

ပွင့်သစ္စာ