ဘားအံ မတ် ၂၁
(COVID-19) ရောဂါ ကာကွယ်တာဆီးရေးနှင့် ပတ်သက်ပြီး ကရင်ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအားလုံးတွင် ကရင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး ဦးဆောင်ပြီး (COVID-19) ရောဂါအကြောင်း ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည် နိုင်စေရေး အတွက် ကျန်းမာရေး အသိပညာပေး ဗီနိုင်းများ စိုက်ထူခြင်းကို မတ် ၂၀ ရက်မှစတင် ဆောင်ရွက်ခဲ့ကြောင်း ကရင်ပြည်နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနက သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူအသွားအလာများသော နေရာများနှင့် ကျေးရွာများတွင် ပြည်သူသာလျှင် အဓိကခေါင်းစဉ်ပေးထားသော (COVID-19) ရောဂါအကြောင်း၊ မည်သို့ကာကွယ်ရမည်၊ သတိပြုရမည့် ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ သံသယဖြစ်ဖွယ်ရောဂါ လက္ခဏာများပါရှိသော အသိပညာပေး ဗီနိုင်း(၇၀၀)ကျော်ကို ဖြန့်ဝေ စိုက်ထူခဲ့သည်။
ထို့ပြင် ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့်လည်း ကရင်ပြည်နယ်အတွင်း (COVID-19) ရောဂါနှင့် ပတ်သက်ပြီး စောင့်ကြည့်လူနာနှင့် သံသယလူနာ တွေ့ရှိပါက ထားရှိနိုင်ရန်နှင့် ကုသပေးနိုင်ရန် ဆေးရုံကြီးများနှင့် မြို့နယ်ဆေးရုံများတွင် ပြင်ဆင်မှုများ ဆောင်ရွက်ထားကြောင်း သိရသည်။
ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာကျော်စွာမြင့်က “မတော်တဆ သံသယလူနာ ဒါမှမဟုတ် စောင့်ကြည့်လူနာများရှိရင် မြို့နယ်ဆေးရုံ တွေရော ဆေးရုံကြီးတွေမှာပါ ထားဖို့နေရာတွေ စီစဉ်ထားပြီး ကုသမှုအတွက်လည်း ပြင်ဆင်ထားပါတယ်” ဟု ပြောသည်။
ကရင်ပြည်နယ်တွင် သင်္ကြန်ပွဲတော် နီးကပ်လာသည်နှင့်အမျှ ထိုင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းလုပ်သားများ ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာမှု တစ်နေ့ထက်တစ်နေ့ များပြားလာသဖြင့် ယခင်ကထက် (COVID-19)ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများကို အရှိန်အဟုန်မြင့် ဆောင်ရွက်နေကြောင်း ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရသည်။
“(COVID-19) ရောဂါနဲ့ ပတ်သက်ပြီး ပညာပေးလုပ်ငန်းတွေကို အချက်သုံးချက်နဲ့ ဆောင်ရွက်နေပါတယ်။ ကရင်ပြည်နယ်မှာ အဓိက ဝင်ပေါက်နှစ်ခုရှိတယ်။ အဓိက ဝင်ပေါက်က မြဝတီဖြစ်ပါတယ်။ နောက်ပြီး လူလာစုမယ့် နေရာက ဘားအံဖြစ်ပါတယ်။ အဲ့ဒီနှစ်နေရာမှာ ကျန်းမာရေးလုပ်ငန်းတွေ ပညာပေးလုပ်ငန်းတွေကို အရှိန်အဟုန်မြင့်ပြီး ဆောင်ရွက် နေပါတယ်။ ဝင်လာတဲ့သူတွေအားလုံးကို မြဝတီဂိတ်ကနေ အပူချိန်ရှိ/မရှိ အဖျားတိုင်းတာပေးတာတွေ လုပ်နေတယ်။ နောက်တစ်နေရာက ကြာအင်းဆိပ်ကြီး ဘုရားသုံးဆူမှာ ဝင်ပေါက်ဂိတ် တစ်ခုရှိတယ်။ အဲ့ဒီမှာတော့ အုပ်ချုပ်ရေးစီမံမှုနဲ့ လုပ်နေပါတယ်။ ဆေးရုံတွေပြင်ဆင်ထားတယ်။ အဓိက မြဝတီဂိတ်ပါ။ သင်္ကြန်ကာလ နီးလာတော့ တစ်ရက်တစ်ရက်ကို ပြန်လာတဲ့သူ ရှစ်ထောင်နဲ့ တစ်သောင်းကြားရှိတယ်။ တံတား(၁)က ပိတ်တော့ တံတား(၂)ကနေ ဝင်နေတယ်။ ဝင်လာတဲ့ သူတွေကိုလည်း ပြည်နယ်အစိုးရနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရဲ့ လမ်းညွန်မှုကိုခံယူပြီး ညွန်ကြားချက်အတိုင်း ဆောင်ရွက်နေပါတယ်။ သူတို့ရောက်တဲ့ နေရာတွေမှာ သတင်းပို့တယ်။ စာရင်းကောက်တယ်။ အဖျားတိုင်းတာ တွေလုပ်တယ်။ အဓိက ပြည်သူတွေပူးပေါင်း ပါဝင်ဖို့လိုတယ်။ ဒါမှအောင်မြင်မှာဖြစ်ပါတယ် “ ဟု ကရင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီး ဒေါက်တာကျော်စွာမြင့်က ပြောသည်။
ထပ်မံ၍ ၎င်းက “ဒီလိုအခြေအနေမှာ အကောင်းဆုံးကတော့ မြန်မာပြည်ထဲမှာတောင် ကိုယ်ရောက်နေတဲ့ နေရာကနေ ဘယ်မှမသွားသင့်ဘူး။ နိုင်ငံရပ်ခြားဆို ပိုတောင် အရေးကြီးတယ်။ ကိုယ်ရောက်နေတဲ့ နေရာမှာနေတာ အကောင်းဆုံးပါ။ တကယ်လို့ ပြန်ရောက်နေတယ်ဆိုရင် ကိုယ်ကိုယ်ကို ဂရုစိုက်ပါ။ ဖျားတယ်ဆိုရင်လည်း သက်ဆိုင်ရာကို သတင်းပို့ပါ။ မိမိကိုယ်တိုင်ကစပြီး ကာကွယ်ပါ။ လျှောက်လည်တာတွေ မလုပ်ပါနဲ့။ လူစုလူဝေးနဲ့ နည်းနိုင်သမျှနည်းအောင် (၂)ပတ်လောက် နေပေးမယ်ဆိုရင် ဆင်ချင်ရာ ရောက်ပါတယ်” ဟု ပြောသည်။
သတင်း-မင်းသစ်(MNA)
ဓာတ်ပုံ-စောမျိုးမင်းသိန်း(ပြန်/ဆက်)